အာဆင်နယ် အသင်း ရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာ ခြေစမ်းပြ ကစားနေပြီး ပရိသတ်တွေရဲ့ သဘောကျ နှစ်သက်မှုကို ရရှိနေတဲ့ ဆာကာ က သူတို့ လူငယ် မျိုးဆက်တွေဟာ အရည်အသွေးတွေကို ထုတ်ဖော် ပြသဖို့ အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ရာသီကြို ခြေစမ်းပွဲ သုံးပွဲ ဆက်တိုက် အနိုင် ရထားပြီး သွင်းဂိုး ၈ ဂိုး အထိ သွင်းယူထား နိုင်ပါတယ် ။ အဆိုပါ သွင်းဂိုး ၈ ဂိုးမှာ ၇ ဂိုးဟာ လူငယ် ကစားသမားတွေ သွင်းယူထားတာ ဖြစ်ပြီး ကျန် ၁ ဂိုးကတော့ ပြိုင်ဘက် အသင်းမှ ကစားသမားက ကိုယ့်ဂိုးကိုယ် သွင်းယူ မိခဲ့တာပါ ။

ဆာကာ ဟာ အာဆင်နယ် အသင်း ရဲ့ ရာသီကြို ခြေစမ်းပွဲ သုံးပွဲစလုံး ပါဝင်ကစားခွင့် ရထားပြီး တစ်ဂိုး သွင်းယူထားနိုင်ပါတယ် ။ ဆာကာ က သူအပါအဝင် အကယ်ဒမီ က ထွက်ပေါ်လာတဲ့ လူငယ်တွေဟာ သူတို့ စွမ်းဆောင်ရည်ကောင်းတွေကို ပရိသတ်တွေ တွေ့မြင်အောင် ထုတ်ဖော် ပြသဖို့ အဆင်သင့် ဖြစ်နေပြီလို့ ဆိုပါတယ် ။

အသက် ၁၇ နှစ် အရွယ်သာ ရှိသေးတဲ့ ဆာကာ က Football London နဲ့ အင်တာဗျူးမှာ ” အကယ်ဒမီ က ကစားသမားတွေရဲ့ ခြေစွမ်းက တကယ့်ကို စပါယ်ရှယ် ပါပဲ ။ ကျွန်တော်တို့ မျိုးဆက်သစ်တွေ အားလုံးက အာဆင်နယ် အသင်းကြီးမှာ နေရာ ရလာနိုင်ပါတယ် ၊ နောက်ပြီးတော့ တခြားအသင်းတွေနဲ့လည်း ယှဉ်ပြိုင် ကစား နိုင်စွမ်း ရှိပါတယ် ။ ”

” နည်းပြကြီးကလည်း ကျွန်တော်တို့ တစ်တွေ ခြေစွမ်းပိုင်း တိုးတက် ကောင်းမွန်လာအောင် အများကြီး သင်ကြား ပေးပါတယ် ။ အခုဆို အားလုံးက လူငယ် ကစားသမားတွေရဲ့ ခြေစွမ်းကို သတိထားမိနေကြပါပြီ ၊ ကျွန်တော်တို့ အတွက်လည်း ကမ္ဘာ့ အကောင်းဆုံး ကစားသမားတွေနဲ့ ယှဉ်ပြိုင် ကစားခွင့်ရတဲ့ အတွက် စိတ်ကျေနပ်စရာပါ ၊ နေ့တိုင်း လေ့ကျင်ခ့န်း သေချာဆင်းပြီး ခြေစွမ်းပိုင်း တိုးတက်လာဖို့ ကြိုးစား နေပါတယ် ။ ”

” အသင်းက စီနီယာ ကစားသမားကြီးတွေကလည်း ခင်ဖို့ တကယ်ကောင်းတဲ့ သူတွေပါ ။ စကားပြောဖြစ်တဲ့ အခါတိုင်းမှာ အကြံဉာဏ်တွေ ပေးကြပါတယ် ။ ကျွန်တော် ကိုယ်တိုင်လည်း ခြေစွမ်းပိုင်း တိုးတက်ကောင်းမွန်လာဖို့ အတွက် အချိန်တိုင်း သင်ယူ လေ့လာနေပါတယ် ။ ရာသီသစ် စရင်တော့ အရင်ကထက် ပိုကောင်းလာမယ်လို့ ထင်ပါတယ် ။ ”

ဆက်လက်ပြီး ဆာကာ က ” ကျွန်တော်ကတော့ ကြိုးစား အားထုတ်မှုကို ရပ်တန့် သွားမှာ မဟုတ်ပါဘူး ။ ကစားခွင့် ရတဲ့ အချိန်မှာ ကျွန်တော် ဘာတွေ လုပ်ပြ နိုင်စွမ်း ရှိသလဲ ဆိုတာ နည်းပြကြီး သိအောင် သက်သေပြသွားမှာပါ ၊ အခွင့်အရေး ရတာနဲ့ အမိအရ အသုံးချ သွားမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ဆာကာ ဟာ ပြီးခဲ့တဲ့ ရာသီက နည်းပြ အူနိုင်း အမ်မရီ လက်အောက်မှာ မိနစ် ၁၂၀ ပါဝင် ကစားခွင့် ရခဲ့ပြီး ကွာရာဘတ် အသင်းကို အနိုင်ရတဲ့ ယူရိုပါလိဂ် အုပ်စု ပွဲမှာ မိနစ် ၉၀ ပွဲချိန်ပြည့် ပါဝင် ကစားခွင့် ရခဲ့ပါတယ် ။

SPORTS MYANMAR