မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၃) မှာ အာဆင်နယ် အသင်းဟာ အိမ်ကွင်း အမ်းမရိတ်မှာ အမှတ်ပေးဇယား အဆင့် ၁၉ နေရာက ဆောက်သမ်တန် အသင်း နဲ့ တစ်ဖက် နှစ်ဂိုးစီ သရေကျ သွားခဲ့ပြီး ပြိုင်ပွဲစုံ ခြောက်ပွဲဆက်တိုက် နိုင်ပွဲ ပျောက်ဆုံး သွားခဲ့ရပါတယ် ။

အာဆင်နယ် အသင်းဟာ ဧည့်သည် ဆောက်သမ်တန် အသင်းရဲ့ ဦးဆောင်မှုကို နှစ်ကြိမ်တိုင်တိုင် လိုက်လံ ချေပခဲ့ရပြီး လာကာဇက် ရဲ့ နောက်ကျ ချေပဂိုးကြောင့်သာ သရေ တစ်မှတ် ရရှိခဲ့တာပါ ။ ပွဲအပြီးမှာတော့ အမ်းမရိတ်ကွင်းက အာဆင်နယ် ပရိသတ်တွေဟာ နည်းပြ အမ်မရီ ကို လှောင်ပြောင်ခဲ့ကြပြီး အမြန်ဆုံး ထုတ်ပယ်ဖို့ အော်ဟစ် တောင်းဆို ခဲ့ကြပါတယ်။

ဂန်းနား ဂန္တဝင် နောက်ခံလူ တိုနီအဒမ် ကတော့ နည်းပြ အမ်မရီ ဟာ ပရိသတ်တွေရဲ့ အော်ဟစ် လှောင်ပြောင်မှုနဲ့ ထိုက်တန်ကြောင်း ပြောကြား လိုက်ပြီး ရမ်ဆေး ၊ ကော့စီရယ်နီ တို့ကို ထွက်ခွာခွင့် ပြုလိုက်တာဟာ အာဆင်နယ် အသင်းဟာ ပိုမို အင်အားနည်းသွားစေကြောင်း ပြောကြား လိုက်ပါတယ် ။

တိုနီအဒမ် က BT Sport မှာ ” ပရိသတ်တွေရဲ့ လှောင်ပြောင် အော်ဟစ်မှုနဲ့ ထိုက်တန်ပါတယ် ၊ လုံးဝ စိတ်ပျက်စရာ ကစားပုံပါပဲ ၊ အချိတ်အဆက်လည်း မမိသလို ခံစစ် အမြင်လည်း မရှိကြပါဘူး ။ အမ်မရီ ကိုယ်တိုင်က သူ့နည်းစနစ်ကို သုံးခါလောက် အပြောင်းအလဲ လုပ်ခဲ့တာပါ ။ ”

” ကျနော် ဘယ်နည်းပြကိုမှ ထုတ်ပယ် မခံရစေချင်ပါဘူး ၊ ဒါပေမယ့် အသင်းက ရှေ့လည်း မရောက်သလို တိုးတက်မှုလည်း ရှိမလာပါဘူး ။ ကစားသမား အင်အား ဖြည့်တင်းမှုကလည်း စိတ်ပျက်စရာပါ ။ ”

” ကျနော်တို့ရဲ့ အ​ကောင်းဆုံး ကစားသမားတွေ ဖြစ်တဲ့ ကော့စီရယ်နီ ကော ရမ်ဆေးကိုပါ အသင်းက​နေ ထွက်ခွာခွင့် ပြုလိုက်ပါတယ် ၊ ဒါကြောင့်လည်း အသင်းက အင်အား ပိုနည်း သွားတာပါ ။ကျနော်တောင် အသင်းကို ဒီထက် ပိုကျစ်လစ်အောင် တည်ဆောက်နိုင်ပါတယ် ။ ”

” အခုလက်ရှိ အခြေအနေ အရ Clean-Sheet ရမယ့်ပုံ မရှိပါဘူး ၊ ကိုယ့်ကွင်း အမ်းမရိတ်မှာတောင် ဂိုးပေါက် ကန်သွင်းခွင့် အကြိမ် ၂၀ လောက် ခွင့်ပြု နေရတဲ့ ပုံစံမျိုးနဲ့တော့ Clean-Sheet လုံးဝ မရနိုင်ပါဘူး ။ ” လို့ ပြောကြား လိုက်ပါတယ် ။

ဆက်လက်ပြီး တိုနီအဒမ်က ပိုချက်တီနို ကို အာဆင်နယ် အသင်းမှာ မြင်တွေ့ချင်သလားဆိုတဲ့ မေးခွန်းကို ” သူက အသင်းအတွက် သင့်တော်တဲ့ နည်းပြလားဆိုတာ တပ်အပ်တော့ မပြောနိုင်ပါဘူး ၊ ကျနော်ကတော့ တော့တင်ဟမ် အသင်းနဲ့ အဆက်အသွယ် ရှိခဲ့တဲ့ သူ့ကို အသင်းမှာ မမြင်ချင်ပါဘူး ။ ”

” တခြား နည်းပြတွေ အများကြီး ရှိပါသေးတယ် ၊ ကျနော်ကတော့ အသင်းရဲ့ ခံစစ် ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့်သူမျိုးကို အလို ရှိပါတယ် ။ ” လို့ ဖြေကြား သွားခဲ့ပါတယ် ။

SPORTS MYANMAR