တနင်္ဂနွေနဲ့ ရဲ့ တပွဲတည်းသော ပရီးမီးယားလိဂ်ပွဲစဉ်မှာ ရှက်ဖီးလ် အသင်းနဲ့ ယူနိုက်တက် တို့ ၃ဂိုးစီသရေ ကျခဲ့ပါတယ်။ဒီပွဲမှာ အိမ်ရှင် ရှက်ဖီးလ်အသင်းရဲ့ မထင်မှတ်တဲ့ တုန့်ပြန်ပုံတွေ ဦးဆောင်ဂိုးတွေ ကြောင့် နာမည်ကြီး ယူနိုက်တက် အသင်း အတော်လေးရုန်းကန်ခဲ့ရသေးတာဖြစ်ပါတယ်။

နောက်ဆုံး ပရီးမီးယားလိဂ်၅ပွဲဆက် ရှုံး ပွဲ မရှိထားသေးတဲ့ ရှက်ဖီးလ်အသင်း ဟာအခုပွဲ မှာလည်း ပွဲအစကတည်းက ယူနိုက်တက်ကို ဖိအားပေးကစားသွားခဲ့ ပြီး ပွဲချိန် ၁၉ မိနစ်မှာပဲ ဂျွန်ဖလက်ခ်ရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။နောက်ထပ်အခွင့်အရေးကောင်းတွေထပ်ရခဲ့သေးပေမယ့် ဒီဂီယာရဲ့ အံ့မခန်းလက်စွမ်းတွေကြောင့် ပထမပိုင်းမှာဂိုးတွေထပ်မပေးခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဒုတိယပိုင်းပြန်စပြီးမကြာခင် မှာ မော့စ်ဆက် ရဲ့ဂိုးကိုခွင့်ပြုခဲ့ရပါတယ်။ဒါပေမယ့် ဘရန်ဒန်ဝီီလီယံ၊ ဂရင်းဝုဒ် နဲ့ ရတ်ဖို့ဒ်တို့ကယူနိုက်တက်အသင်းအတွက် ၃ဂိုးဆက်တိုက်ပြန်သွင်းပေးခဲ့ လို့ ဦးဆောင်ခွင့်တောင်ရရှိခဲ့ပါသေးတယ်။နာကျင်အချိန်ပိုမှာသွင်းယူခဲ့တဲ့ မက်ဘန်နီးရဲ့ ချေပဂိုးကြောင့်သာ ၂မှတ်ဆုံးရှံုးသွားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် အသင်း ရဲ့ ပထမပိုင်း ကစား ပုံ ဟာအတော်လေးဆိုးရွား ခဲ့ပြီး နည်းပြ ဆိုးလ်ရှားကတော့ ဒါဟာ နည်းစနစ်ပိုင်း နဲ့ ပတ်သက်တဲ့ ပြသနာတရပ် မဟုတ်ဘူးလို့ဆိုပါတယ်။အခုဖြစ်ခဲ့တာဟာ ကစားသမားတွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကင်းမဲ့နေခြင်းကြောင့်သာဖြစ်တယ်လို့ သူက ဆိုပါတယ်။

စိတ်ပျက်စရာကောင်းတဲ့ ပထမပိုင်းခြေစွမ်းကြောင့် ဒီဂီယာက လွဲပြီး တသင်းလုံးကို တောင် လူစားလဲလိုက်ချင်ခဲ့မိတယ်လို့ လည်းသူက ဝန်ခံခဲ့ပါတယ်။ပွဲအပြီး အင်တာဗျူးတခုမှာ ဆိုးလ်ရှားက –

” ကျွန်တော်တို့ဟာ ဒုတိယပိုင်းမှာ ပြန်လာနိုင်ဖို့အတွက် ကြိုးစားသွားခဲ့ရတာဖြစ်ပါတယ်။ကျွန်တော်ဟာ နောက်ထပ် တိုက်စစ်မှူး တယောက်ကို ထည့်သွင်းခဲ့ရပါတယ်။ပြောရမယ်ဆိုရင် ပထမပိုင်း အပြီးမှာ ဂိုးသမားကလွဲပြီးတသင်းလုံးကိုတောင် လူစားလဲချင်ခဲ့တာဖြစ်ပါတယ်။ဒီဂီယာကတော့ ကျွန်တော့်တို့ကို ပေးဂိုး အများစုကနေ ထိန်းသိမ်းကာကွယ်ပေး နိုင်ခဲ့ပါတယ်။ပြိုင်ဘက်ရဲ့ နောက်ဆုံး သွင်းဂိုးမှာဆိုရင် မက်ဂွိုင်းယားရဲ့ ပေါင်နဲ့ ကပ်ထိသွားလို့သာ သူမကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ဖီးလ်ဂျံုးကို လူစားလဲခဲ့တာကတော့ နည်းစနစ်ပိုင်းလိုအပ်ချက် အရဖြစ်ပါတယ်။

တော်မီနေးလ် မပါနိုင်တာဖြစ်လို့ ကွင်းလယ်ကအတော်လေးကို လေးလေးနက်နက်မရှိသလိုပါပဲ။ကျွန်တော်တို့ဟာ ဒီပွဲမှာ ၃ ယောက်တန်း ခံစစ်ပုံစံမျိုးကို ပဲ အသုံးပြုသွားခဲ့ပါတယ်။ဒီလိုပုံစံကို ချဲဆီးလ်၊ လီဗာပူးတို့နဲ့ ပွဲတွေမှာကောင်းကောင်းကစားနိုင်ခဲ့ပြီးပါပြီ။ဒီနေ့ ပွဲက အခြေအနေတွေဟာ နည်းစနစ် ကြောင့် မဟုတ်ပါဘူး။ပထမပိုင်းမှာကစားသမားတွေရဲ့ ဘောလုံးရယူမှု၊ ပြိုင်ဘက်ကို ထိန်းချုပ်မှု၊တဦးချင်းရင်ဆိုင်တွေ့မှု တွေမှာ ပြင်းပြတဲ့ ဆန္ဒမရှိခဲ့ကြလို့ပဲဖြစ်ပါတယ်။တခါတလေမှာ နည်းစနစ်တွေက အရေးမပါပါဘူး။ပထမပိုင်းမှာ ပြင်းပြတဲ့အလိုဆန္ဒတွေကင်းမဲ့ခဲ့ကြတာသာဖြစ်ပါတယ်။

ဘောလုံး ပွဲတွေမှာဆိုရင် အနိုင်ရဖို့ အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ရအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ကျွန်တော်တို့ အသင်းကတော့ ပွဲချိန် မိနစ် ရ၀ ကျော်တဲ့ အထိကို ပွဲကို အနိုင်ရဖို့ အတွက် လုပ်သင့်တာ ဘာမှကိုမလုပ်ဆောင်နိုင်ခဲ့ပါဘူး။ကစားသမား လေးတွေဟာ ငယ်ရွယ်လွန်း ပါသေးတယ်။ဒါကြောင့် လည်းသူတို့ တွေဟာ ပြင်းပြတဲ့ စိတ်အလို ဆန္ဒကင်းမဲ့ နေတယ်လို့ ပြောတာထက် သူတို့ကိုယ် သူတို့ ယုံကြည်မှု မရှိကြတာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ပါရဲယား နဲ့ ဖရက်ဒ်တို့ဆိုရင် ကွင်းလယ်မှာ တခါမှ အတူူတူ မကစားထားခဲ့ကြဖူးသေးပါဘူး။

ဒါပေမယ့်လည်း ရှက်ဖီးလ်အသင်း ဒုတိယဂိုးသွင်းယူနိုင်ခဲ့ အပြီး မှာ ကျွန်တော်တို့ အသင်းလုပ်ဆောင်သွားနိုင်ခဲ့တဲ့ ပုံစံက လုံးဝကို အံ့မခန်းစွမ်းဆောင်ရည်မျိုးဖြစ်ပါတယ်။ကစားသမားလေးတွေအနေနဲ့ အနိုင်ရချင်ကြတယ်ဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်လုံးဝသံသယမရှိပါဘူး။ဒါပေမယ့်လည်း တခါတလေမှာ လူငယ် လေးတွေက ဒီလိုပွဲမျိုးကလို စိန်ခေါ် မှုတွေကို ဘယ်လို အနိုင်ရ အောင် လုပ်ဆောင်ရမယ်ဆိုတာကို မသိကြပါဘူး။ကျွန်တော်တို့ အသင်းသားတွေ ဟာ အခုပွဲစဉ်ကနေလေ့လာ သင်ယူမှုတွေကို မဖြစ်မနေ ပြုလုပ်သွားရမှာ ဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

ယူနိုက်တက် အသင်းဟာ ဒီပွဲရလဒ်ကြောင့် ပွဲစဉ် ၁၃ အပြီး ရမှတ် ၁၇မှတ်နဲ့ အဆင့် ၉နေရာမှာရပ်တည်သွားခဲ့ပါတယ်။သူတို့ဟာကြားရက်အတွင်းမှာတော့ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် အက်စ်တာနာ အသင်းကို အဝေးကွင်းမှာ သွားကစားရမှာဖြစ်ပါတယ်။

SPORTS MYANMAR