ချဲဆီးလ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ မန်စီးတီးတို့ နိုင်ပွဲပြန်ရခဲ့ပေမယ့်ဦးဆောင်သူ လီဗာပူးနဲ့ ကတော့ ၉မှတ် အကွာမှာ ရှိနေဆဲပဲဖြစ်ပါတယ်။ဒါ့အပြင် နည်းပြကလော့ပ်ရဲ့ လီဗာပူး အသင်းက နှစ်ပေါင်း၃၀ ကျော်ကြာ ဝေးကွာနေတဲ့ အမှတ်ပေးချန်ပီယံဆုကြီးအတွက် အပြင်းအထန်ကြိုးစားနေလို့မန်စီးတီးရဲ့ ၃နှစ်ဆက် ချန်ပီယံအိပ်မက် ဆက်မက်ဖို့ မလွယ်တာဖြစ်ပါတယ်။

မန်စီးတီး နည်းပြ ကြီးဂွာဒီယိုလာဟာ သူ့ရဲ့ နည်းပြဘဝ တလျှောက်မှာ ဆုဖလား ၂၆လုံးအထိဆွတ်ခူးထားခဲ့ဖူးသူဖြစ်ပြီး ဆုဖလားအောင်မြင်မှုတွေက သူ့အတွက်တော်လေးအရေးပါအရာရောက်တာဖြစ်ပါတယ်။ဒါပေမယ့် PLချန်ပီယံဆုပြေးလမ်းမှာလီဗာပူးကို မကျော်နိုင်ခဲ့ရင်တောင် မန်စီးတီးကို ကျရှံုးတယ်လို့ သတ်မှတ်မရဘူးလို့ သူကယူဆနေပုံပါပဲ။

အင်တာဗျူးတခုမှာ ဒီကတ်တလန်သားကြီးက -” ဘောလုံး လောကမှာ အနိုင်ရတဲ့ သူနဲ့ အရှံုးသမားပဲ ရှိတာဖြစ်ပါတယ်။ဒါပေမယ့်လည်း ဒီလို မတ်ဆေ့ချ်မျိုးဟာ အားကစားလောကအတွက်၊ လူမှု ပတ်ဝန်းကျင်အတွက် ကျွန်တော်တို့ကလေးတွေအတွက်တော့ မကောင်းပါဘူး။အနိုင်ရတဲ့သူကပဲ ပြီးပြည့်စုံတဲ့သူဆိုတာမျိုးကို မပြသင့်ပါဘူး။

ကျွန်တော်တို့ဟာ စိတ်ပြတ် အားငယ်တဲ့ လူတွေကို ဖန်တီးသလိုဖြစ်နေပြီး ဒါကလည်း ကောင်းတဲ့ အရာတော့ မဟုတ်ပါဘူး။ အရေးအကြီးဆုံးကတော့ ကြိုးစားအားထုတ်မှု ရှိရှိနဲ့ အလုပ်ကို လုပ်ဆောင်သွားဖို့သာဖြစ်ပါတယ်။ဘောလုံးမှာကျွန်တော်တို့ကအနိုင်လိုချင်ကြတာဖြစ်ပေမယ့် အနိုင်ရသူကတဦးတည်းရှိတာဖြစ်လို့ မှန်ကန်သင့်တော်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။

ဒါကြောင့် ကျွန်တော်က အသင်းသားတွေကို စိတ်လက်သက်သာစွာနဲ့ အလုပ် လုပ်ကြဖို့ ပြောတာဖြစ်ပါတယ်။ကိုယ့်အလုပ်ကို လုပ်သွားရမှာဖြစ်ပြီး ဇန်နဝါရီ၊ ဖေဖေါ်ဝါရီ၊ မတ်လရောက်တဲ့အခါ ဘာဖြစ်မယ်ဆိုတာမြင်ရပါလိမ့်မယ်။လီဗာပူးနဲ့ အများကြီးပြတ်ကျန်နေခဲ့ရင်လည်းနောက်ရာသီမှ ကြိုးစားရမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဖလားကို ၂ရာသီဆက်ရရှိအပြီးမှာ ကျွန်တော်တို့ အနေနဲ့ တရာသီကို အမှတ် ၂၀၀ လောက်နဲ့ ရရာသီဆက်လောက် ဆက်တိုက်ချန်ပီယံဖြစ်အောင်လုပ်ဖို့လိုအပ်နေတဲ့ ပုံပေါက်နေပါတယ်။ဘယ်သူမှတော့အမြဲတမ်းနိုင်မနေပါဘူူ။ရှံုးရင်လည်း ရှံုးတယ်ပေါ့ဗျာ။

ဒါပေမယ့် ခင်ဗျားတို့ကို ကျွန်တော် ကတိကဝတ်ပြုစရာတခုကတော့ရှိပါတယ်။ကျွန်တော့်အသင်းကို ကြည့်လိုက်လို့ ပြင်းပြတဲ့ ဆန္ဒမရှိတာတို့ တိုက်ပွဲဝင်စိတ်ဓာတ်ကောင်းကင်းမဲ့နေတာတို့မြင်ရရင် ကျွန်တော်ကတော့ မကောင်းတဲ့ အကြောင်းပြောမှာဖြစ်ပါတယ်။အခု၃ နှစ်ခွဲလောက်အတွင်းကျွန်တော်တို့ကို ကောင်းတယ် သို့မဟုတ် ဆိုးတယ်ပြောနိုင်ပါတယ်။ဒါပေမယ့် ကျွန်တော်တို့ကအရှံုးတော့ မပေးထားခဲ့ဖူးပါဘူး။

အခုရာသီမှာလည်း ချန်ပီယံဆုက ဆုံးရှံုး သွားကောင်း သွားနိုင်နေတဲ့ ပုံမှာရှိနေပါတယ်။ဒါပေမယ့်လည်း ဒီအသင်းက အရှံုးပေးမှာတော့မဟုတ်ပါဘူး။ဒါကြောင့်လည်း ထိပ်တန်း အဆင့် အသင်းကောင်းတသင်းနဲ့ ပွဲကို အခုလို အနိုင်ရလိုက်တာဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ချဲဆီးလ်နဲ့ ပွဲကို အနိုင်ရခဲ့ပေမယ့် ဘောလုံးပိုင်ဆိုင်မှုက ၄၆.၇၄ ရာခိုင်နှုန်းသာရှိခဲ့ပြီး ဂွာဒီယိုလာရဲ့ နည်းပြသက်တမ်းတလျှောက်လိဂ်ပွဲတွေမှာ အနည််းဆုံးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါ့အပြင် အသင်းရဲ့ အဓိက တိုက်စစ်မှူး အဂွေရို ဒဏ်ရာရသွားခဲ့လို့ အနည်းငယ်ပေးဆပ်ရမှုလည်းကြီးမားခဲ့ပါတယ်။

အဆိုပါ ပွဲမှာ ချဲဆီးလ်အသင်းက ကန်တေးရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒီဘရိုင်းနဲ့ မာရက်ဇ်တို့က ပထမပိုင်းအတွင်း မှာပဲမန်စီးတီးအတွက် ပြန်သွင်းခဲ့ကြတာဖြစ်ပါတယ်။ဒီပွဲရလဒ်ကြောင့် ချဲဆီးလ်အသင်းဟာ အဆင့်၃ နေရာကို လည်းမန်စီးတီးထံ လွှဲပေးခဲ့ရပါတယ်။

SPORTS MYANMAR