ချယ်လ်ဆီး အသင်း ဟာ ပြီးခဲ့တဲ့ စနေနေ့ က ကစား သွားခဲ့တဲ့ မန်စီးတီး နဲ့ ပွဲမှာ ကွင်းလယ်လူ အန်ဂိုလို ကန်တေ ရဲ့ သွင်းဂိုး နဲ့ ပွဲကို စတင် ဦးဆောင် ခဲ့ပေမယ့် ၊ ပြိုင်ဖက် မန်စီးတီး ရဲ့ ချေပဂိုး နဲ့ ဦးဆောင်ဂိုး တွေကို ပထမပိုင်း မပြီးခင်မှာပဲ ပြန်လည် ခွင့်ပြု ခဲ့ရပါတယ် ။ ဒုတိယပိုင်း မှာလည်း ချယ်လ်ဆီး တို့ နောက်ထပ် ဂိုးရနိုင်မယ့် အခွင့်အရေးမျိုး မဖန်တီး နိုင်ခဲ့တာကြောင့် နောက်ထပ် ရှုံးပွဲ တပွဲ ကြုံတွေ့ ခဲ့ရပါတယ် ။

ထို ရှုံးပွဲ ကြောင့် အဆင့် ၃ နေရာ ကနေ ပြန်ဆင်း ပေးခဲ့ရကာ ၊ လာမယ့် ကြားရက် မှာ ချယ်လ်ဆီး တို့ ဗလင်စီယာ နဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် မှာ ပြန်လာနိုင်ဖို့ လိုအပ် နေပြီ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ မန်စီးတီး ကို ၂ – ၁ နဲ့ အရေးနိမ့် ခဲ့တယ် ဆိုပေမယ့် ကစားပုံ အရတော့ မညံ့ခဲ့ပဲ မန်စီးတီး ကို သူတင်ကိုယ်တင် ယှဉ်ကစား နိုင်ခဲ့ပါတယ် ။

ဒါ့အပြင် ဂွာဒီယိုလာ ကို ပြိုင်ပွဲကြီး တွေမှာ ဘောလုံးပိုင်ဆိုင်မှု အသာစီး နဲ့ ကစားပြ ခဲ့တဲ့ ချယ်လ်ဆီး အသင်း ရဲ့ ရဲရင့်တဲ့ တိုက်စစ် ကိုလည်း ချီးကျူးရမှာ ဖြစ်ပါတယ် ။ ထို ပွဲဲစဉ် မှာ ချယ်လ်ဆီး အသင်း ဖက်က ကွင်းလယ် ကစားအား အတော် ကောင်းခဲ့ပြီး ကိုဗာဆစ် ၊ ကန်တေ တို့ရဲ့ လုပ်အား က ချယ်လ်ဆီး ကွင်းလယ် ကို လုံးဝ အသက် ဝင်စေခဲ့ပါတယ် ။ ချယ်လ်ဆီး အသင်း ရဲ့ ဦးဆောင်ဂိုး ဟာ ၄င်းတို့ ၂ဦး ရဲ့ ကြိုးစား အားထုတ်မှု ကနေ ရရှိခဲ့တာ ဖြစ်ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် နဲ့ မန်ချက်စတာ စီးတီး ကွင်းလယ်လူ ဟောင်း အိုဝင် ဟားဂရေ့ဗ်စ် ကလည်း ချယ်လ်ဆီး အသင်း ဟာ မန်စီးတီး ကို ရှုံးနိမ့် ခဲ့ပေမယ့် ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့် ကို ရရှိနိုင်ကြောင်း နဲ့ ချယ်လ်ဆီး ကွင်းလယ်လူ ၂ဦး ဖြစ်တဲ့ ကိုဗာဆစ် နဲ့ ကန်တေ တို့ဟာ မန်စီးတီး ကို တပွဲလုံး ဒုက္ခ ပေးနိုင်ခဲ့ကြောင်း ချီးကျူး ပြောကြား ခဲ့ပါတယ် ။

ဟားဂရေ့ဗ်စ် က ” ချယ်လ်ဆီး အသင်း ရဲ့ ပထမပိုင်း ကစားပုံ က အတော်လေး စွဲမက်စရာ ကောင်းတယ် လို့ ကျွန်တော် ထင်ပါတယ် ။ သူတို့ ကစားတာ အရမ်း ကောင်းခဲ့တယ် ။ ဖရန့် လမ်းပတ် ရဲ့ ပွဲချဉ်းကပ်ပုံ အစီအစဉ် က အတော်လေး အသုံးတည့် ခဲ့တယ် လို့လည်း ကျွန်တော် ထင်ပါတယ် ။ ကိုဗာဆစ် ဟာ ဒီဘရိုင်း ကို ၊ ကန်တေ က ဒေးဗစ် ဆေးလ်ဗား ကို အသီးသီး လူကပ် ကစားခဲ့ပါတယ် ။ ”

” ဒီ အချက်ကြောင့် မန်စီးတီး အဖို့ ပွဲ အစပိုင်း မှာ ရုန်းကန် နေခဲ့ရတယ် လို့ ထင်ပါတယ် ။ ချယ်လ်ဆီး ဖက်က ခံစစ် အထိုင် မှာ ဘောလုံး ကိုင်ကစားပြီး မန်စီးတီး ဖက်က ဖိအား ပေးလာမှာ ကို တောင့်ခံဖို့ ကြိုးစား ခဲ့ကြပါတယ် ။ တဖက်မှာ သူတို့ဟာ မန်စီးတီး ဖက်က တခုခု မှားယွင်းတာနဲ့ အရှိန်အဟုန် မြှင့် တန်ပြန် တိုက်စစ် ပြန်စတင် ကစားခဲ့တာကြောင့် မန်စီးတီး အတွက် အတော်လေး အခက် တွေ့ခဲ့ရပါတယ် ။ ”

” ပွဲ အစောပိုင်း မှာ ခင်ဗျား တို့ ကွင်းဘေး မှာ ရပ်နေတဲ့ ပတ် ဂွာဒီယိုလာ နဲ့ မီခေးလ် အာတီတာ တို့ကို ကြည့်မယ် ဆိုရင် သူတို့ ဘယ်လောက် ထိ စိတ်ပျက်နေကြမလဲ ဆိုတာ မြင်တွေ့ ရမှာပါ ။ ပထမပိုင်း မှာ ချယ်လ်ဆီး အသင်း ဟာ ကစားပုံ ပိုကောင်း တဲ့ အသင်း ဖြစ်ခဲ့တာကြောင့် သူတို့ အနေနဲ့ ဂိုးပိုသွင်း နိုင်ခဲ့သင့်တယ် လို့ ကျွန်တော် ထင်ပါတယ် ။ ဒုတိယပိုင်း မှာတော့ သူတို့ အတွက် တိုက်စစ်ပိုင်း ကို အခွင့်အရေး ဖန်တီးနိုင်မှု အားနည်းခဲ့ပါတယ် ။ ”

” ဒါပေမယ့် ဒီပွဲစဉ် အတွက် ဖရန့် ကို ကျွန်တော် ချီးကျူးပါတယ် ။ သူတို့ဟာ အီတီဟတ် ကို လာပြီး ခံစစ် မကစားပဲ ၊ ဆွဲဆောင်မှု ရှိတဲ့ တိုက်စစ် ကစားဟန် နဲ့ ပြိုင်ဖက် ကို ဘောလုံး ပိုင်ဆိုင်မှု အသာစီး နဲ့ ထိထိရောက်ရောက် ဒုက္ခ ပေးနိုင်ခဲ့ပါတယ် ။ ဂွာဒီယိုလာ ကိုယ်တိုင် ကလည်း ဒီပွဲ ဟာ သူတို့ အတွက် အရမ်း ကောင်းတဲ့ အသင်း နဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ခက်ခဲတဲ့ ပွဲစဉ် တပွဲ ကို မျှော်လင့် နေပုံပါပဲ ။ ”

” အခု လက်ရှိ ချယ်လ်ဆီး အသင်း ကို ကြည့်ရင် သူတို့ဟာ အဆင့် ၄ အတွင်း ဝင်ရောက်ဖို့ အရမ်း နီးစပ် နေတဲ့ အသင်း အဖြစ် မြင်တွေ့နေရပါပြီ ။ ဒါကို ကျွန်တော် တို့ လုံးဝ သံသယ ဖြစ်စရာ မလိုပါဘူး ။ သူတို့ဟာ အရမ်း ၊ အရမ်း ကောင်းတဲ့ အသင်း တသင်းပါ ။ ” လို့ သုံးသပ် ပြောဆို ခဲ့ပါတယ် ။

SPORTS MYANMAR