စနေ့နေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၃) မှာ တန်းဆင်းဇုန် အတွင်းက ဆောက်သမ်တန် အသင်းနဲ့ သရေကျပြီးနောက် အာဆင်နယ် အသင်း ကစားသမားတွေဟာ နည်းပြ အမ်မရီ အပေါ် အယုံအကြည် မရှိကြတော့ကြောင်း သတင်းတွေမှာ အခိုင်အမာ ဖော်ပြနေကြပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ငါးပွဲဆက်တိုက် နိုင်ပွဲ ​ပျောက်ဆုံးနေပြီး အဆင့် ၈ ကို ရောက်ရှိ နေသလို ပွဲစဉ် (၁၃) အပြီးမှာလည်း ထိပ်ဆုံး လေးသင်း နဲ့ အနိမ့်ဆုံး အမှတ်ကွာဟချက် ၈ မှတ် အထိ ရှိနေခဲ့ပြီ ဖြစ်တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာသာ ချန်ပီယံလိဂ် ဝင်ခွင့် မရယူနိုင်ပါက တိုက်စစ်မှူး အူဘာမီယန်း ၊ လာကာဇက် တို့ကို စာချုပ် သက်တမ်းတိုးဖို့ အခက်အခဲ ရှိလာနိုင်တာကြောင့် ပရိသတ်တွေနဲ့ ကစားသမားဟောင်းတွေကလည်း စိုးရိမ် နေကြပါတယ် ။

” ပြဿနာကတော့ နည်းပြ ပါပဲ ။ အမ်မရီ က ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ အမြဲ ချမှတ်တယ် ၊ နည်းစနစ်ပိုင်းတွေ ပြောင်းလဲတယ် ၊ အသင်းရဲ့ ပုံရိပ် ကိုလည်း မတည်ဆောက်နိုင်ပါဘူး ၊ ကစားသမားတွေ ကိုယ်တိုင်လည်း တိုးတက်မှုကို မမြင်နိုင်ကြဘူး ဖြစ်နေပါတယ် ။ ” လို့ အာဆင်နယ် အသင်း အတွင်းလူ တစ်ဦးက Telegraph ကို ဖွင့်ဟ ပြောလာပါတယ် ။

” လက်တစ်လော ကစားခဲ့တဲ့ ပွဲက ရလဒ် နဲ့ ခြေစွမ်းက ကစားသမားတွေရဲ့ ယုံကြည်မှု အပေါ် ကြီးကြီးမားမား သက်ရောက် သွားပါတယ် ၊ ဒီနည်းပြ လက်အောက်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရယူနိုင်လိမ့်မယ်လို့ ယုံကြည်တဲ့သူကော ရှိသေးရဲ့လား ၊ ကျနော်ကတော့ ရှိမယ် မထင်ပါဘူး ။ ”

” မော်ရင်ဟို က တော့တင်ဟမ် အသင်းကို ကိုင်တွယ်လိုက်တော့ ပိုဆိုးသွားပါတယ် ၊ သူက လူတွေ အားလုံးရဲ့ အကြိုက် နည်းပြ မဟုတ်ပေမယ့် သူက အောင်ပွဲတွေ ရယူနိုင်တဲ့ နည်းပြပါ ၊ ဒါကြောင့်လည်း တော့တင်ဟမ် က သူ့ကို ခန့်အပ်လိုက်တာပါ ။ ”

 

” အူနိုင်း အမ်မရီ က ဂွာဒီယိုလာ ၊ ဂျာဂင် ကလောပ့် ၊ မော်ရင်ဟို တို့နဲ့ တန်းတူ အနေအထားမှာ မရှိပါဘူး ၊ ဖရန့် လမ်းပတ်ဆိုလည်း ချဲလ်ဆီးမှာ သူ့ရဲ့ ကိုယ်ပိုင်ဟန် တစ်ခုကို တည်ဆောက်နိုင်ပါပြီ ၊ဘရန်ဒန် ရော်ဂျာဆို လက်စတာကို အကောင်းဆုံး ဦးဆောင်ထားနိုင်ပါတယ် ၊ ဒါတွေကြောင့် အမ်မရီအပေါ် ဖိအားတွေ အများကြီး ရှိနေပါပြီ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း အနေနဲ့ နည်းပြ အူနိုင်း အမ်မရီ နဲ့ လမ်းခွဲ ဖြစ်ပါက လက်ထောက် နည်းပြ ယွန်းဘတ် ကို ယာယီ နည်းပြ အဖြစ် တာဝန် ပေးအပ် သွားဖွယ် ရှိနေပါတယ် ။

SPORTS MYANMAR