ဂန်းနားတို့ရဲ့ ဂန္တဝင် ဂိုးသမားကြီး ယန်းလေမန်း က အာဆင်နယ် အသင်း အနေနဲ့ တိုက်စစ်မှူး အူဘာမီယန်း ကို မန်ယူနိက်တက် အသင်းထံ ရောင်းချ လိုက်ရင်တောင် အစားထိုးနိုင်မယ့် တိုက်စစ်မှူး တစ်ဦးကို ပြန်လည် ခေါ်ယူ နိုင်လိမ့်မယ်လို့ သုံးသပ် ပြောကြား လိုက်ပါတယ် ။

အူဘာမီယန်း ဟာ ၂၀၁၈ ခုနှစ် ၊ ဇန်နဝါရီ အပြောင်းအရွှေ့ တုန်းက ဒေါ့မွန် အသင်းကနေ အာဆင်နယ် အသင်းကို ကလပ် စံချိန်တင် ပြောင်းရွှေ့ ကြေး ပေါင် ၅၆ သန်း နဲ့ ရောက်ရှိလာသူပါ ။ အူဘာမီယန်း ဟာ အာဆင်နယ် အသင်းအတွက် ၆၅ ပွဲကစားပေးထားပြီး ၄၁ ဂိုး သွင်းယူ ပေးထားကာ ပြီးခဲ့တဲ့ ရာသီမှာလည်း ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပါတယ် ။

အူဘာမီယန်း ဟာ ယခုလက်ရှိ အာဆင်နယ် အသင်းမှာ အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်သလို ၊ ပရိသတ်တွေရဲ့ အားပေးမှု ကို အခိုင်အမာ ရရှိ ထားတဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ် ။ ဒါ့အပြင် အူဘာမီယန်း ဟာ အသင်းဖော် တိုက်စစ်မှူး လာကာဇက် နဲ့လည်း ညီအစ်ကို အရင်းတွေလို ချစ်ခင် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူပါ ။

ယခု နွေရာသီ အပြောင်းအရွှေ့ ကာလမှာ အူဘာမီယန်း ကို ခေါ်ယူဖို့ တရုတ် ကလပ် အသင်းတွေက ကြိုးပမ်း နေကြသလို အာဆင်နယ် အသင်း ရဲ့ မဟာ ပြိုင်ဘက် မန်ယူနိုက်တက် အသင်းဟာလည်း လူကာကူ ထွက်ခွာသွားပါက သူ့ နေရာ အစားထိုးဖို့ ပစ်မှတ် ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

အဆိုပါ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သက်ပြီး ယန်းလေမန်း က DAZN နဲ့ အင်တာဗျူးမှာ ” ကျွန်တော်တို့ အသင်းက အဆင့်ငါး နေရာမှာပဲ ရပ်တည် နိုင်ခဲ့တာတော့ ကစားသမားတွေကို ရောင်းချရတာမျိုးလည်း ဖြစ်လာနိုင်ပါတယ် ။ ”

” အူဘာမီယန်း သာ မန်ယူနိုက်တက်ကို ပြောင်းသွားပြီ ဆိုပါစို့ ၊ သူ့နေရာမှာ အစားထိုးဖို့ ဆိုရင် ပိုကောင်းတဲ့ ကစားသမားကို မဖြစ်မနေ ခေါ်မှ ရတော့မှာပါ ။ အာဆင်နယ် အသင်း ရဲ့ ရည်မှန်းချက် က အဆင့် ငါး ( သို့ ) ခြောက် မှာ ရပ်တည်ဖို့ မဟုတ်ပါဘူး ။ ” လို့ သုံးသပ် လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိရေးကို အဓိက ပစ်မှတ်ထားခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာ အဆင့် ၅ နေရာနဲ့သာ ကျေနပ်ခဲ့ရသလို ယူရိုပါလိဂ် ချန်ပီယံဆုကြီး နဲ့လည်း လွဲချော်ခဲ့ရပါတယ် ။

အာဆင်နယ် အသင်းဟာ သုံးရာသီဆက် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော် ခဲ့တာကြောင့် ကစားသမားကောင်းတွေကို ခေါ်ယူဖို့ အခက်အခဲရှိနေပြီး နည်းပြ အူနိုင်း အမ်မရီ ဟာလည်း နွေရာသီ အသုံးစရိတ် ပေါင် ၄၅ သန်း ဝန်းကျင်သာ ရရှိထားတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

SPORTS MYANMAR