တော့တင်ဟမ် အသင်းရဲ့ ကွင်းလယ်လူဟောင်း ဂျေမီ ရက်နပ် က ရလဒ်တွေ ဆိုးရွားနေတဲ့ အာဆင်နယ် အသင်း အနေနဲ့ နည်းပြ အူနိုင်း အမ်မရီ ကို အမြန်ဆုံး ထုတ်ပယ်ပြီး တော့တင်ဟမ် နည်းပြဟောင်း ပိုချက်တီနို ကို ခန့်အပ်ဖို့ တိုက်တွန်း ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ငါးပွဲဆက်တိုက် နိုင်ပွဲ ​ပျောက်ဆုံးနေပြီး အဆင့် ၇ ကို ရောက်ရှိ နေသလို ပွဲစဉ် (၁၃) အပြီးမှာလည်း ထိပ်ဆုံး လေးသင်း နဲ့ အနိမ့်ဆုံး အမှတ်ကွာဟချက် ၈ မှတ် အထိ ရှိနေတာကြောင့်ပရိသတ်တွေ နဲ့ ဂန်းနား ဂန္တဝင် ကစားသမားဟောင်းတွေကတော့ အူနိုင်း အမ်မရီ ကို ထုတ်ပယ်ပြီး နည်းပြ အပြောင်းအလဲ လုပ်ဖို့ ဆန္ဒ ရှိနေကြပါတယ် ။

 

အခု လက်ရှိ အချိန်မှာတော့ အာဆင်နယ် အသင်းဘုတ်အဖွဲ့ဟာ နည်းပြ အူနိုင်း အမ်မရီ ကို အပြည့်အဝ ထောက်ခံ အားပေးနေဆဲ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ် နေသလို အမ်မရီ ကို သုံးပွဲ အချိန်ပေး စောင့်ကြည့်သွားမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ် ။

အကယ်၍ အူနိုင်း အမ်မရီ ထုတ်ပယ် ခံရပါက အာဆင်နယ် အသင်း နည်းပြ နေရာအတွက် အာတီတာ ၊ ပိုချက်တီနို ၊ နေးဂဲလ်မန်း ၊ ယွန်းဘတ် ၊ ဗီအဲရာ တို့ အထူး ရေပန်းစား နေကြ​ပါတယ် ။

တော့တင်ဟမ် အသင်း ကစားသမားဟောင်း ရက်နပ် က ပိုချက်တီနို အနေနဲ့ သူ့နဲ့ ရင်းနှီး ကျွမ်းဝင်ပြီးသား ဖြစ်တဲ့ မြောက်လန်ဒန်ကလပ် အာဆင်နယ် အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စား နိုင်တာကြောင့် ဂန်းနားတို့ အနေနဲ့ အမြန်ဆုံး ဆွေးနွေး ချဉ်းကပ် သင့်တယ်လို့ ဆိုပါတယ် ။

ဂျေမီရက်နပ်က Daily Mail မှာ ” ကျွန်တော်သာ အာဆင်နယ် မှာ ဆုံးဖြတ်ချက် ချပိုင်ခွင့် ရှိသူဆိုရင် ပိုချက်တီနို ကို စာချုပ်ချုပ် ခေါ်ယူဖို့ အမြန်ဆုံး ကြိုးစား သွားမှာပါ ၊ ပိုချက် က တော့တင်ဟမ် ကို ကိုင်တွယ်ဖူးတာကြောင့် ဒီအခွင့်အရေးကို ပယ်ချမယ်လို့ကျနော်ကတော့ မထင်ပါဘူး ။ ”

” စပါးက မော်ရင်ဟို ကို အချိန်မဆိုင်းဘဲ အမြန်ဆုံး ခန့်လိုက်တာ သူတို့ရဲ့ မြောက်လန်ဒန်ဒါဘီ ပြိုင်ဘက်ကြီးကလည်း မကြာခင် နည်းပြသစ် ရှာဖွေတော့မယ်ဆိုတာ ရိပ်မိလို့နေမှာပါ ။အူနိုင်း အမ်မရီ က ဖိအားတွေအောက် ရောက်နေတာပါ ၊ သူ့ကို ကရုဏ သက်မိပါတယ် ၊ ဒါပေမယ့် သူ့ပုံစံက တကယ့် အရှုံးသမားပုံပေါက်နေပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

တော့တင်ဟမ် အသင်းကို ငါးနှစ်ခွဲကြာ ကိုင်တွယ်ခဲ့ဖူးတဲ့ အာဂျင်တီးနား လူမျိုး နည်းပြ ပိုချက်တီနို ကို ခေါ်ယူဖို့ အာဆင်နယ် အသင်းရဲ့ မဟာပြိုင်ဘက် မန်ယူနိုက်တက် နဲ့ ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် ဘိုင်ယန်မြူးနစ် တို့က စိတ်ဝင်စား နေကြတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

SPORTS MYANMAR