လီဗာပူး အသင်းရဲ့ ကွင်းလယ် လူဟောင်း တဦးဖြစ်တဲ့ ဂျေမီရတ်နက် က သူ့အသင်းဟောင်း ရဲ့ လက်ရှိ တိုက်စစ် မှူး ၃ဦးဟာ ယူနိုက်တက် အသင်း ဖလားသုံးလုံးရခဲ့တဲ့ ၁၉၉၉ ခုနှစ်က တိုက်စစ် မှူး တွေလိုပဲကြောက်စရာကောင်းတယ် လို့ ခိုင်းနှိုင်း ချီးကျူးသွားခဲ့ပါတယ်။

နည်းပြ ကြီးကလော့ပ်ရဲ့လီဗာပူး အသင်း ဟာ နှစ်ပေါင်း ၃၀ ကြာ ပြည်တွင်းအမှတ်ပေး ဖလားကြီးနဲ့ ဝေးကွာနေမှုကို အဆုံးသတ်နိုင်ဖို့ ဒီရာသီမှာအတော်လေးကြိုးစားနေတာဖြစ်ပြီး ပွဲစဉ် ၁၃ အပြီးမှာ ရှုံးပွဲ မရှိထားသေးသလို ဒုတိယနေရာက လက်စတာ အသင်းကိုလည်း ၈မှတ်အထိဖြတ်ထားပါတယ်။

သူတို့ ဟာ ယမန်နှစ်ကတည်းက ချန်ပီယံဆု နဲ့ အတော်လေး နီးစပ် ခဲ့ပေမယ့်လက်ရှိချန်ပီယံ မန်စီးတီး အသင်းက ရမှတ်တမှတ်အသာနဲ့ ကျော်ဖြတ်ခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။လီဗာပူးအသင်းဟာ အခုချိန်မှာ တော့ ချန်ပီယံပြိုင်ထပ်ဖြစ်လာနိုင်မယ့် မန်စီးတီးကို ၉မှတ်အထိအသာရနေပြီလည်းဖြစ်ပါတယ်။

ဒီရာသီ လီဗာပူး အသင်းရဲ့ အမြင့်ပျံ နေမှု မှာ အဓိက ပြောစရာအဖြစ် ရှိနေတာကတော့ ပေးဂိုး ၁၁ဂိုးသာရှိထားသေးတဲ့ ခံစစ်နဲ့ သွင်း ဂိုး၃၀ အထိရထားတဲ့ တိုက်စစ်ပိုင်း စွမ်းဆောင်ရည် တည်ငြိမ်နေမှု ပဲဖြစ်ပါတယ်။တခါတရံမှာခံစစ်အမှားတွေကြောင့် ချေပဂိုးတချို့ခွင့်ပြု ရတတ်ပေမယ့်တိုက်စစ်က ဂိုးလိုတိုင်းမှာပြန်သွင်းပေးထားနိုင် ခဲ့တာဖြစ်ပါတယ်။

အထင်ရှားဆုံး ဥပမာကတော့ စနေ နေ့ မှာ ကစားခဲ့တဲ့ ပဲလေ့စ်နဲ့ ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီပွဲမှာ လီဗာပူး အသင်းက ဒုတိယပိုင်း အစမှာ ရခဲ့တဲ့ မာနေးရဲ့ ဂိုးကို ထိန်းကစားဖို့ကြိုးစားနေခဲ့တာဖြစ်ပြီး ပွဲချိန် ၈၂ မိနစ်မှာ ဇာဟာရဲ့ ချေပဂိုးကို မထင်မှတ်ပဲ ခွင့်ပြုခဲ့ရပါတယ်။

ချန်ပီယံ ဆုအတွက် အမှတ်လျော့ မခံပဲကြိုးစားနေတဲ့ အသင်းပီပီ လီဗာပူး တို့ ချက်ချင်းဆိုသလိုပဲ ဦးဆောင်ဂိုးပြန်ရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဇာဟာရဲ့ သွင်းဂိုးအပြီး ၃ မိနစ် အကြာမှာပဲ ဖာမီနိုကဟသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူး အသင်းဟာ ပြီးခဲ့တဲ့ ပွဲအချို့မှာ လည်း အခုလို ပဲ မထင်မှတ်ပဲ ချေပဂိုးပြန်ပေးရအပြီး မှာ ချက်ချင်းဆိုသလိုပြန်ပြီး ဦးဆောင်နိုင်အောင်စွမ်းဆောင် ထားနိုင်ခဲ့သေးတာဖြစ်ပါတယ်။ဒါကြောင့် လီဗာပူး အသင်းရဲ့ တိုက်စစ်အစွယ်၃ယောက်ဖြစ်တဲ့ ဆာလတ်၊ မာနေး၊ ဖာမီနို တို့ကို ၁၉၉၉ ခုနှစ်မှာ တရာသီအတွင်းဖလား၃လုံးရခဲ့တဲ့ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးတွေနဲ့ ရတ်နက်ကခိုင်းနှိုင်းသွားခဲ့တာဖြစ်ပါတယ်။

ထိုစဉ်က ယူနိုက်တက် အသင်းကို ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ်က ကိုင်တွယ် နေတာ ဖြစ်ပြီး ဒွိုက်ယော့ခ်၊ အင်ဒီကိုးလ်၊ ရှရင်ဂန် ၊ ဆိုးလ်ရှား အစရှိတဲ့ ကြောက်စရာတိုက်စစ် အတွဲကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ထိုနှစ်ရဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာ တော့ ဂျာမန်ထိပ်သီး ဘိုင်နယ်အသင်းနဲ့တွေ့ဆုံခဲ့ပြီး ပွဲအစ ၆မိနစ်မှာပေးလိုက်ရတဲ့ဘက်စ်လာရဲ့ ဂိုးကြောင့် တပွဲလုံး အရေးနိမ့်နေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ပွဲချိန် မိနစ် ၉၀ မှာ ရှရင်ဂန်၊အချိန်ပို ၉၃ မိနစ်မှာ ဆိုးလ်ရှားတို့က ချေပဂိုးကော အနိုင်ဂိုးသွင်းယူခဲ့လို့ တရာသီအတွင်း အဓိက ဖလား၃ လုံးရတဲ့ အသင်းအဖြစ် မှတ်တမ်းဝင် ခဲ့သလို ” ၃မိနစ်မန်ယူနိုက်တက် ” လို့တောင်ခေါ်တွင်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

Daily Mail ရဲ့ အစီအစဉ်တခုမှာ ရတ်နက်က – ” လီဗာပူး အသင်းရဲ့ ကြောက်စရာ အကောင်းဆုံး လက်နက်ကတော့ သူတို့ အသင်းရဲ့ တိုက်စစ်မှူးတွေ ယူဆောင်လာပေးတဲ့ ပြိုင်ဘက်ကို မွှေနှောက် ဒုက္ခပေးနိုင်စွမ်းပဲဖြစ်ပါတယ်။ယူနိုက်တက် အသင်းအရင်က ပိုင်ဆိုင်ခဲ့သလိုမျိုးပေါ့ဗျာ။

ရှရင်ဂန်၊ အင်ဒီကိုးလ်၊ဆိုးလ်ရှား၊ ဒွိုက်ယော့ခ် တို့လို တိုက်စစ် ကစားသမား တွေကို ကြည့်လိုက်မယ်ဆိုရင်တယောက်ယောက်က အချိန်မရွေး ဂိုးသွင်းနိုင်တဲ့အတွက် ကြောက်နေခဲ့ရတာဖြစ်ပါတယ်။အခုလီဗာပူး တိုက်စစ်မှူးတွေ အနေနဲ့လည်းဂိုးဧရိယာအတွင်းဘောလုံးပြန်ကျလာတာနဲ့ အဆုံးသတ်ဖို့အသင့်ရှိနေတတ်ပါတယ်။ပဲလေ့စ်နဲ့ ပွဲမှာဆိုရင် ဖာမီနိုက ဒါကိုလုပ်ဆောင်နိုင်ခဲ့ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

SPORTS MYANMAR