မန်စီးတီး နည်းပြ ဂွာဒီယိုလာ က အာဆင်နယ် နဲ့ သတင်းတွေ ထွက်နေတဲ့ သူ့ရဲ့ လက်ထောက် နည်းပြ အာတီတာ ဟာ နည်းပြ ဘဝမှာ အောင်မြင်မယ့်သူလို့ ထောက်ခံပြောကြားလိုက်ပေမယ့် သူ့ကို ရာသီကုန် အထိ အသင်းမှာ ဆက်ရှိစေချင်ကြောင်း ဝန်ခံ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် နောက်ဆုံး ငါးပွဲဆက်တိုက် နိုင်ပွဲ ​ပျောက်ဆုံးနေပြီး အဆင့် ၇ ကို ရောက်ရှိ နေသလို ပွဲစဉ် (၁၃) အပြီးမှာလည်း ထိပ်ဆုံး လေးသင်း နဲ့ အနိမ့်ဆုံး အမှတ်ကွာဟချက် ၈ မှတ် အထိ ရှိနေတာကြောင့်ပရိသတ်တွေ နဲ့ ဂန်းနား ဂန္တဝင် ကစားသမားဟောင်းတွေကတော့ အူနိုင်း အမ်မရီ ကို ထုတ်ပယ်ပြီး နည်းပြ အပြောင်းအလဲ လုပ်ဖို့ ဆန္ဒ ရှိနေကြပါတယ် ။

အခု လက်ရှိ အချိန်မှာတော့ အာဆင်နယ် အသင်းဘုတ်အဖွဲ့ဟာ နည်းပြ အူနိုင်း အမ်မရီ ကို အပြည့်အဝ ထောက်ခံ အားပေးနေဆဲ ဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ် နေသလို အမ်မရီ ကို သုံးပွဲ အချိန်ပေး စောင့်ကြည့်သွားမယ်လို့လည်း သတင်းတွေ ထွက်နေပါတယ် ။အကယ်၍ အူနိုင်း အမ်မရီ ထုတ်ပယ် ခံရပါက အာဆင်နယ် အသင်း နည်းပြ နေရာအတွက် အာတီတာ ၊ ပိုချက်တီနို ၊ နေးဂဲလ်မန်း ၊ ယွန်းဘတ် ၊ ဗီအဲရာ တို့ အထူး ရေပန်းစား နေကြ​ပါတယ် ။

မန်စီးတီး နည်းပြ ဂွာဒီယိုလာ ကတော့ အာဆင်နယ် နည်းပြရာထူးအတွက် ရေပန်းစားနေတဲ့ သူ့ရဲ့ လက်ထောက်နည်းပြ အာတီတာ နဲ့ ပတ်သတ်ပြီး ” သူ သိပ်မကြာတော့တဲ့ အချိန်ကာလ အတွင်းမှာ နည်း​ပြ ဘဝ ကူးပြောင်းတော့မယ်ဆိုတာ အမှန်ပါပဲ ၊ လာမယ့် အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ဆက်လက်စောင့်ကြည့်သွားရမှာပါ ။ ”

” ကျနော့်သဘောကတော့ သူ့ကို အသင်းမှာ နေနိုင်သလောက် ကြာကြာလေး နေစေချင်ပါတယ်၊ ကျနော်တင် မဟုတ်ပါဘူး ၊ အသင်းက လူတိုင်းက သူ့ကို ဆက်ရှိနေစေချင်ကြတာပါ ။ သူက တကယ့်ကို တော်တဲ့ ၊ အလုပ်အပေါ် လည်း သစ္စာရှိတဲ့သူပါ ၊ သူ က နည်းပြ တစ်ယောက်လိုလည်း ပြုမူ နေထိုင်တတ်သူပါ ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ နည်းပြကြီး အာဆင်ဝင်းဂါး ထွက်ခွာ သွားပြီးနောက်ပိုင်း ကစားသမားဟောင်း အာတီတာကို နည်းပြ အဖြစ် ခန့်အပ်ဖို့ ဆွေး​နွေးခဲ့ပေမယ့် အောင်မြင်ခဲ့ခြင်းတော့ မရှိပါဘူး ။

အာတီတာ ကတော့ SER Catalunta နဲ့ အင်တာဗျူးမှာ အာဆင်နယ် အသင်းရဲ့ ကမ်းလှမ်းမှုကို ဘာကြောင့် ငြင်းပယ်ခဲ့တာလဲဆိုတဲ့ မေးခွန်းကို ” အင်း ဟုတ်ပါတယ်၊အကြောင်းကိစ္စ အနည်းငယ် ရှိလို့ပါ။ကျနော် ဒီ(မန်စီးတီး) အသင်းမှာ ပျော်ရွှင်နေပြီး ကိုယ့်ကို တန်ဖိုးထားတယ်လို့ ခံစားရလို့ ဒီဆုံးဖြတ်ချက်ကို ချမှတ်လိုက်တာပါ ။ ဒီအသင်းမှာပဲ ဆက်နေသွားချင်လို့ပါ။”

” တစ်ခါတစ်ရံမှာ မန်စီးတီး အသင်းကနေ ထွက်ခွာဖို့ နီးစပ်ခဲ့ပေမယ့် ကိုယ့်ကိုယ်ကို ထိန်းချုပ် နိုင်ခဲ့ပါတယ်။ ပထမတစ်ချက် အနေနဲ့ ကျနော် နည်းပြ ဘဝကို အလျင်စလို ကူးမပြောင်းချင်ပါဘူး ။ ဘယ်လောက်ပဲ ဘောလုံး အမြင်ရှိပါစေ … ကိုယ်ဖြစ်ချင်တဲ့ အရာ တစ်ခုကို အကောင်းဆုံး လုပ်နိုင်ဖို့ ကိုယ့်ဝမ်းစာကိုယ် အရင်ဖြည့်ရပါမယ်။”

“နောက်တစ်ခု က အသင်းအပေါ် သစ္စာရှိချင်လို့ပါ။နောက်တစ်နှစ်လည်း အသင်းမှာပဲ ဆက်နေမယ်လို့ တစ်စုံတစ်ယောက်ကို ကတိ ပေးပြီး သွားရင် အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ချက် ချဖို့ မသင့်တော်တော့ပါဘူး ။ ” လို့​ ဖြေကြား ထားခဲ့ဖူးပါတယ် ။

SPORTS MYANMAR