ရီးရဲယ်မက်ဒရစ် ဟာ အသင်းရဲ့ အဓိက ကစားသမား တစ်ဦး ဖြစ်သူ မာကို အဆန်စီယို ၂၀၁၉-၂၀ ဘောလုံး ရာသီ တစ်ခုလုံး နားလိုက်ရမှာ ကို စိုးရိမ်ပူပန်လျက် ရှိနေပြီး စပိန် ကြယ်ပွင့်ဟာ ယနေ့ မနက် အာဆင်နယ် နဲ့ ခြေစမ်းပွဲမှာ ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာကို ရရှိ သွားခဲ့တာ ဖြစ်ပါတယ်။

ယနေ့ မနက် ၀ါရှင်တန် မှာ ကစား ခဲ့တဲ့ ICC ပွဲစဉ်မှာ အာဆင်နယ် နဲ့ ရီးရဲယ်မက်ဒရစ် တို့ဟာ ၂ ဂိုးစီ သရေ ကျခဲ့ပြီး ဇနက်ဒင်းဇိဒန်းရဲ့ အသင်းဟာ ပင်နယ်တီ အဆုံးအဖြတ် မှာ အနိုင်ရ ခဲ့ပါတယ်။ ပွဲချိန် ၉ မိနစ်မှာ နာချို နှစ်ဝါတစ်နီ နဲ့ ထုတ်ပယ် ခံခဲ့ရပြီး လက်ကာဇက် က ပင်နယ်တီ နဲ့ ဦးဆောင်ဂိုး သွင်းပေး ခဲ့ပါတယ်။ အူဘာမီယန်း ဟာ ၂၄ မိနစ်မှာ ဂိုးထပ်သွင်း ပေးခဲ့ပြီး မိနစ် ၄၀ မှာ ဆိုကရေးတီး ထုတ်ပယ် ခံခဲ့ ရပေမယ့် အာဆင်နယ်တို့ ပထမပိုင်းမှာ ၂-၀ နဲ့ ဦးဆောင် နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ရီးရဲယ်တို့ ကစားပုံ အတော်ကောင်းလာ ခဲ့ပြီး ဘေးက ၅၇ နဲ့ အဆန်စီယို က ၅၉ မိနစ်မှာ ချေပဂိုးတွေ သွင်းယူ ခဲ့ပြီး ၂ – ၂ နဲ့ မိနစ် ၉၀ ပြည့်ခဲ့တာ ဖြစ်ပါတယ်။ အဆန်စီယိုဟာ ဂိုးသွင်းပြီးနောက် ၆ မိနစ် အကြာမှာပဲ အူဘာမီယန်း ဆီက ဘောလုံးလုရင်း ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။

Real Madrid’s Welsh forward Gareth Bale (L) celebrates with Real Madrid’s Spanish midfielder Marco Asensio after scoring a goal during the International Champions Cup football match between Real Madrid and Arsenal at FedExField in Landover, Maryland, on July 23, 2019. (Photo by ANDREW CABALLERO-REYNOLDS / AFP)

ထို့နောက် အဆန်စီယို ကို ထမ်းစင်နဲ့ သယ်ထုတ် သွားခဲ့ရပြီး ဆေးရုံကို ချက်ချင်း ပို့ဆောင် ခဲ့ပါတယ်။ ဇနက်ဒင်းဇိဒန်း ကတော့ အဆန်စီယို အတွက် စိုးရိမ် ပူပန်မိတယ်လို့ ၀န်ခံလိုက် ပါတယ်။

ဇိဒန်း က “ အဆန်စီယို ရဲ့ ဒဏ်ရာ မပြင်းထန်ဖို့ ကျွန်တော်တို့ မျှော်လင့် နေပါတယ်။ ကျွန်တော်တို့ အားလုံး သူ့အတွက် အတော် စိတ်ပူမိ ပါတယ်။ ဒါဟာ ဒူးဒဏ်ရာ ဖြစ်ပါတယ်။ အခြေအနေကို စမ်းသပ်ဖို့ အတွက် သူ့ကို ဆေးရုံ ပို့ဆောင် ခဲ့ပြီး ဘာဖြစ်လာ မလဲ ဆိုတာ ကြည့်ရမှာပါ။ ဒါပေမယ့် အခြေအနေ ဆိုးတဲ့ ပုံပါပဲ။

ကျွန်တော်တို့ အတွက် ဆိုးရွားတဲ့ နေ့တစ်နေ့ ပါပဲ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ ကစားသမား တစ်ဦး ဆုံးရှုံး လိုက်ရပြီး ကျွန်တော်တို့ နစ်နာ ခဲ့ရလို့ပါ။ အမှန်ပါပဲ။” လို့ ဆိုသွားပါတယ်။

မက်ဒရစ် ဆေးဝန်ထမ်း တွေဟာ အဆန်စီယို ရဲ့ ဒဏ်ရာ အခြေအနေ အတိအကျ ကို ထုတ်ဖော်ခြင်း မရှိ သေးပေမယ့်လည်း စပိန် မှာ ထွက်ပေါ် နေတဲ့ သတင်းတွေ အရ ကတော့ ကနဦး စကန်ဖတ် စစ်ဆေးမှုတွေ အရ အဆန်စီယို ရဲ့ ဒူးအရွတ် စုတ်ပြဲ သွားတာလို့ သိရပြီး ဒီအတွက် မာယော့ကာ ကစားသမားဟောင်း အနေနဲ့ တစ်ရာသီလုံး အနားယူ သွားရဖို့ များနေပါတယ်။

ရီးရဲယ်မက်ဒရစ် နည်းပြ ဇိဒန်းက ဒီဒဏ်ရာ ပြသနာဟာ ဂါရက်ဘေး ရဲ့ အနာဂတ် နဲ့ပက်သက်ပြီး ဘာမှ ခြားနား သွားမှာ မဟုတ်ဘူးလို့ အခိုင်အမာ ဆိုခဲ့ပြီး ပြင်သစ် နည်းပြဟာ ဝေးလ်လက်ရွေးစင် ကို ကလပ် ကနေ ထွက်ခွာဖို့ အလို ရှိနေဆဲ ဖြစ်ပါတယ်။

အဆန်စီယို ရဲ့ ဒဏ်ရာ ပြသနာကြောင့် အာဆင်နယ် အသင်းကို အငှားနဲ့ ရောက်ဖို့ အတွက် အနီးစပ်ဆုံး ဖြစ်နေတဲ့ ကွင်းလယ်လူ ဒါနီဆီဘယ်လော့ ကို မက်ဒရစ် အသင်းထံ ပြန်ခေါ် သွားမလား ဆိုပြီး မေးခွန်း ထုတ်မှုတွေ ရှိနေ ခဲ့ပါတယ်။

အဆန်စီယို ရဲ့ ဒဏ်ရာဟာ ဆီဘယ်လော့ရဲ့ အပြောင်းအရွေ့ ပျက်ပြယ် သွားနိုင်သလား ဆိုတဲ့ မေးခွန်းကို အာဆင်နယ် နည်းပြ အူနိုင်းအမ်မရီက “ ကျွန်တော်လည်း မသိပါဘူး။ ဒီပွဲမှာ ကျွန်တော်တို့ရဲ့ ပစ်မှတ်က ဒဏ်ရာတွေ မရဖို့ ဖြစ်ပါတယ်။ အဆန်စီယို ကတော့ ကြီးကြီးမားမား ဒဏ်ရာ ရသွားတာ ဖြစ်နိုင်ပါတယ်။ သူတို့ အတွက် သတင်းဆိုး ဖြစ်တဲ့ အပြင် ကျွန်တော်တို့ အတွက်လည်း ဒီလို ခံစားမိ ပါတယ်။ ဒီကိစ္စဟာ တစ်စုံတစ်ရာ အပြောင်းအလဲ ဖြစ်လာ နိုင်မလား ဆိုတာ ကတော့ ကျွန်တော်လည်းမသိပါဘူး။” လို့ ဆိုလိုက်ပါတယ်။

SM