နာမည်ကြီး ယူနိုက်တက် အသင်း ဟာ ပြီးခဲ့တဲ့ရာသီ မှာ ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ရလို့ နည်းပြကြီး မော်ရင်ဟိုကို ထုတ်ပယ်ပြီး ဆိုးလ်ရှားကို တာဝန်ပေးထားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အစပိုင်းမှာသာနိုင်ပွဲဆက် စံချိန်တွေရခဲ့တဲ့ အခြေအနေကောင်းခဲ့ပြီး ရာသီကုန် မှာတော့အဆင့် ၆နေရာသာရရှိခဲ့ပါတယ်။

ဒါကြောင့်လည်း ဥရောပရဲ့ အဆင့်အမြင့်ဆုံး ပြိုင်ပွဲကြီးဖြစ်တဲ့ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ထားခဲ့ရတာဖြစ်ပါတယ်။သူတို့ဟာ ဒီရာသီမှာလည်း ပေါင်သန်း ၁၀၀ ကျော်သုံးစွဲပြီး အသင်းကို အားဖြည့်ထားပေမယ့် ထင်သလောက်တိုး တက်ကောင်းမွန်လာခြင်း မရှိသေးပဲ ဆိုးရွားတဲ့ ရာသီအစမျိုးကို ကြံုတွေ့နေရပါတယ်။

ယူနိုက်တက် အသင်းဟာ တနင်္ဂနွေနေ့ မှာ ကစားခဲ့တဲ့ တန်းတက် ရှက်ဖီးလ် အသင်းနဲ့ ပွဲစဉ်မှာ ဦးဆောင်ဂိုး၂ဂိုးပေးခဲ့ရပြီး နောက်ကနေ ၃ ဂိုးလိုက်သွင်းနိုင်ခဲ့ပေမယ့် နာကျင် အချိန်ပိုမှာပေးလိုက်ရတဲ့ ချေပဂိုးကြောင့် ၂မှတ်လျော့ခဲ့ပါတယ်။ဒါကြောင့် လည်း ပွဲစဉ် ၁၃ အပြီးမှာ ၁၇ မှတ်သာရရှိထားလို့ အဆင့်၉နေရာမှာသာရပ်တည်နေပါတယ်။

ဒါဟာ နောက်ပိုင်း နှစ်တွေ အတွင်းမှာ ယူနိုက်တက် အသင်းအတွက် ပွဲစဉ် ၁၃ အပြီး အနည်းဆုံး ရမှတ်အရေအတွက် အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။ဒါကြောင့် နည်းပြဆိုးလ်ရှားရဲ့ အနာဂတ်ကလည်း မတည်မငြိမ် ဖြစ်နေပြီး စပါးအသင်းကနေထုတ်ပယ်ခံထားရတဲ့ ပိုချက်တီနိုနဲ့သတင်းတွေ အတော်လေးထွက်နေပါတယ်။

အသင်းရဲ့ လတ်တလော အနေအထားက မိုးထဲရေထဲ ရောက်နေပေမယ့် ပရိသတ် အခိုင်အမာရရှိထား ပြီးသားအသင်းတသင်းဖြစ်လို့ တန်ဖိုးကြီး စပွန်ဆာစာချုပ်တခုကိုချုပ်ဆိုသွားဖို့နီးစပ်နေပြီလို့သိရပါတယ်။The Sunသတင်းစာရဲ့ဖော်ပြချက်အရ တရုတ်ကုမ္ပဏီ တခုက ကမ္ဘာ့စျေးအကြီးဆုံး ဂျာစီ စပွန်ဆာပေးသွားဖို့ရှိနေတယ်လို့ သိရတာဖြစ်ပါတယ်။

အဆိုပါ တရုတ်စီးပွားရေး လုပ်ငန်း စုကတော့ Haier Group ဖြစ်ပြီး Hoover တို့လို နာမည်ကြီး ထုတ်ကုန်တွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးလည်းဖြစ်ပါတယ်။ယူနိုက်တက်တာဝန်ရှိသူတွေဟာ အဆိုပါကုမ္ပဏီဘက်ကတာဝန်ရှိသူတွေနဲ့ စပွန်ဆာစာချုပ်ကိစ္စ အတွက် ဆွေးနွေးညှိနှိုင်းမှုတွေကို ကြိမ်ဖန်များစွားပြုလုပ်ထားတယ်လို့လည်း The Sun က ဖော်ပြပါတယ်။

ယူနိုက်တက် အသင်းရဲ့ လက်ရှိ ဂျာစီစပွန်ဆာကတော့ ကမ္ဘာကျော် မော်တော်ကား ထုတ်လုပ်ရေး လုပ်ငန်းတခုဖြစ်တဲ့ Chevrolet ကုမ္ပဏီပဲဖြစ်ပါတယ်။တနှစ်လျင် ပေါင် ၆၄သန်း တန်ကြေးရှိတဲ့ စပွန်ဆာ စာချုပ်ကို ချုပ်ဆိုထားတာလည်းဖြစ်ပါတယ်။

Haier Group ကတော့တိုးတက်နေတဲ့ စီးပွားရေး လုပ်ငန်းစုတခုဖြစ်ပြီး အီတလီ ထိပ်သီး လျှပ်စစ်ပစ္စည်းလုပ်ငန်း တခုဖြစ်တဲ့ Candy ကိုတောင် ပေါင် ၄၀၅ သန်းနဲ့ ပေးချေဝယ်ယူထားတာဖြစ်ပါတယ်။အဆိုပါ ကုမ္ပဏီရဲ့ အကြီးတန်း ကိုယ်စာလှယ်ဖြစ်သူတွေကို ပြီးခဲ့တဲ့ အပတ် ကတည်းက UK မှာတွေ့နေရတယ်လို့လည်းသိရပါတယ်။

ယူနိုက်တက် အသင်းနဲ့ Chevrolet တို့ လမ်းခွဲတော့မယ် လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာအပြီး မှာ စပွန်ဆာ အသစ် အဖြစ် လာရောက်ညှိနှိုင်းစုံစမ်း ထားတဲ့လုပ်ငန်းစုတွေအများကြီးရှိထားခဲ့တာဖြစ်ပါတယ်။သတင်းတွေရဲ့ ဖော်ပြချက်အရ ယူနိုက်တက် အသင်းဟာHaier ထံကနေ တနှစ်လျင် ပေါင်သန်းရ၀ ရရှိဖို့ အလိုရှိနေတယ်လို့သိရပါတယ်။

 

ယူနိုက်တက် အသင်းဟာ အခြား ကမ်းလှမ်းထားတဲ့ ကုမ္ပဏီ အချို့ကိုလည်း ငြင်းပယ်ထားတာမျိုး မရှိသေးပေမယ့် Haier နဲ့စာချုပ်ကိစ္စ ကိုမကြာခင်မှာ သဘောတူညီဖွယ်ရှိနေတယ်လို့ The Sun က ဖော်ပြပါတယ်။လက်ရှိစပွန်ဆာဖြစ်တဲ့ အမေရိကန် ကားကုမ္ပဏီ Chevrolet ဟာ ၂၀၁၄ ခုနှစ်ကနေစတင်ပြီး ယူနိုက်တက် အသင်းရဲ့ ဂျာစီ စပွန်ဆာအဖြစ်ရှိနေခဲ့တာဖြစ်ပါတယ်။

Chevrolet နဲ့စာချုပ်တန်ကြေးကလည်း အခုထိ ကမ္ဘာ့စျေးအကြီးဆုံးဂျာစီစပွန်ဆာအဖြစ်ရှိနေပေမယ့် ရပ်တန့်တော့မယ်ဆိုတဲ့သတင်းတွေကြောင့် Lego,ဂျပန် ဗီဒီယိုဂိမ်း ကုမ္ပဏီKonami, တရုတ်လောင်းကစားအေးဂျင့်ကုမ္ပဏီကြီးYabo Sport တို့က လည်းစုံစမ်းထားကြတာဖြစ်ပါတယ်။

SPORTS MYANMAR