ယာဂန်ကလော့ က လီဗာပူး ဟာ ကစားသမားသစ် ခေါ်ယူနိုင်ဖို့ အတွက် အလုပ်လုပ် နေဆဲလို့ ပြောလိုက်ပါတယ်။ ဒါပေမယ့် ကလော့ က သူတို့ဟာ ကစားသမားသစ်တွေ အတွက် များပြားလွန်းတဲ့ ငွေကြေး ကို သုံးစွဲ သွားဖို့ မရှိဘူးလို့ ၀န်ခံ ခဲ့ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့နှစ်ရဲ့ အပြောင်းအရွေ့ ၂ ခု မှာ ဗာဂျယ်ဗန်ဒိုက် ၊ အလီဆွန် ၊ နာဘီကီတာ ၊ ဖာဘင်ညို နဲ့ ရှကီရီ တို့ အတွက် ငွေကြေး များစွာ ရင်းနှီးမြှပ်နှံပြီး အသင်းကို အင်အား ဖြည့်တင်းခဲ့ ပါတယ်။ ၂၀၁၉-၂၀ ဘောလုံးရာသီ မတိုင်မီ မှာတော့ အန်ဖီးကလပ်ဟာ ဇိုလီ အသင်းမှ နောက်ခံလူ ဆက်ဗန်ဒန်ဘက်ခ်ျ တစ်ဦးတည်းကိုသာ ခေါ်ယူ ထားခဲ့ပါတယ်။

လိုင်လီ တိုက်စစ် ကစားသမား နီကိုလပ်ပီပီ ကလည်း လီဗာပူး နဲ့ သတင်းထွက်လျက် ရှိနေ ပေမယ့် ကလော့က ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဖလား နဲ့ ပရီးမီးယားလိဂ် မှာ ရမှတ် ၉၇ မှတ် နဲ့ ဒုတိယ ရခဲ့တဲ့ အသင်းကို အားဖြည့်ဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပဲ လို့ ဆိုခဲ့ပါတယ်။

ကလော့ က “ဒါဟာ မလွယ်ကူ ပါဘူး။ ပြီးခဲ့တဲ့ နှစ်က ကျွန်တော် ပြောခဲ့ ပါသေးတယ်။ သင့်တော်တဲ့ ငွေကြေးနဲ့ ဒီအသင်းကို တိုးတက်အောင် လုပ်ဖို့ ဆိုတာ မလွယ်ကူဘူး ဆိုတာကိုပါ။ ရူးလောက်စရာ ငွေကြေးတွေ သုံးစွဲရင်တော့ ဒါကို အမြဲ လုပ်နိုင်စွမ်း ရှိပါတယ်။ လိုချင်သလောက် ပေးနိုင်မယ် ဆိုရင် ဒါဟာ ဖြစ်နိုင်ပါတယ်။

ကျွန်တော်တို့ဟာ ဒီလို ကလပ်မျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီလို မလုပ်နိုင် ပါဘူး။ ကျွန်တော်တို့ဟာ တကယ့်ကို ငွေကြေး တောင့်တင်း ပါတယ်။ ဒါပေမယ့် အခြားအသင်းတွေ လုပ်နေကြသလိုမျိုး ကျွန်တော်တို့ မလုပ်နိုင် ပါဘူး။ ဒါမျိုးပါပဲ။

ဒါပေမယ့် ကျွန်တော်တို့ ဒီလို လုပ်စရာလည်း မလိုပါဘူး။ ကျွန်တော်တို့ ရာသီတစ်ခု အတွင်း ဖြေရှင်းချက်တွေ ရှာဖွေ သွားရမှာပါ။ အမှန်ပါပဲ။ တစ်ခါတစ်ရံ အပြောင်းအရွေ့ ဈေးကွက်မှာ ဖြေရှင်းချက် ရှာရပါတယ်။ ကျွန်တော်တို့ လုပ်ခဲ့ပြီး ပါပြီ။ ကစားသမားတွေရဲ့ အမည် ပြောနေစရာ မလိုပါဘူး။ အားလုံး သိထားပြီးသားပါ။ ဒါပေမယ့် အခြားတစ်ဖက်မှာလည်း ကျွန်တော်တို့ လေ့ကျင့်ရေးကွင်းမှာ ဖြေရှင်းချက်တွေ ရှာဖွေ သွားရမှာပါ။ ဒါဟာ အခုချိန်မှာ ကျွန်တော်တို့ လုပ်သွား ရမယ့် အရာပါ။

ကျွန်တော်တို့ ကစားသမား ရှာဖွေ နေဆဲပါ။ ဒါပေမယ့် လီဗာပူး ရဲ့ အကြီးကြယ်ဆုံး အပြောင်းအရွေ့ ကာလ ဖြစ်လာမှာ မဟုတ်ပါဘူး။ အပြောင်းအရွေ့ ဈေးကွက် သက်သက်သာ ဖြစ်လာမှာပါ။ ကျွန်တော်တို့ ဘာလုပ်သွားမလဲ ဆိုတာ စောင့်ကြည့် ပါဦး။ အကယ်၍ ကျွန်တော်တို့ နောက်ဆုံးမှာ ဘာမှ မလုပ်ခဲ့ဘူး ဆိုရင် ခြားနားတဲ့ အကြောင်းပြချက်တွေ ရှိနေလို့ပါ။

အသင်းကို အသုံးချမှု ကသာ အရေးကြီးပါတယ်။ အပြောင်းအရွေ့ ဈေးကွက်မှာ ရာသီသစ်ကို ကောင်းကောင်း လုပ်သွားဖို့ ယူဆချက်နဲ့ အသင်းကို တည်ဆောက်ပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာ ဒီလို အသင်း ရှိထားပြီးသားပါ။ အကယ်၍ အသင်းကို ပိုမို ကောင်းစေနိုင်မယ့်သူ ခေါ်ယူ နိုင်မလား ဆိုတာ ကတော့ စောင့်ကြည့် သွားရမှာပါ။ ဒါပေမယ့် ဒီလို မလုပ်နိုင်ခဲ့ဘူး ဆိုရင် အသင်းက ရှိနေပြီးသားပါ။ ထပ်ပြောချင်တာ ကတော့ ကျွန်တော်တို့ အနေနဲ့ မတူညီတဲ့ အခိုက်အတန့်တွေမှာ ရင်ဆိုင်ဖို့ အတွက် ဖြေရှင်းချက် ရှာဖွေ သွားရပါမယ်။” လို့ ဆိုလိုက်ပါတယ်။

ဆီဗီလာ နဲ့ ခြေစမ်းပွဲမှာ ဒဏ်ရာ ရသွား ခဲ့တဲ့ လူငယ် နောက်ခံလူ ယက်ဆာ လာရူဆီ ရဲ့ ဒဏ်ရာဟာ မပြင်းထန်ဘူးလို့လည်း လီဗာပူး အသင်းက အတည်ပြု ခဲ့ပါတယ်။ လာရူဆီဟာ ဆီဗီလာ ကွင်းလယ်လူ ဂန်နွန်ရဲ့ ဆိုးရွားတဲ့ ပြစ်ဒဏ် ကျူးလွန်မှုကြောင့် ဒဏ်ရာ ရကာ ထမ်းစင်နဲ့ သယ်ထုတ် သွားခဲ့ရတာ ဖြစ်ပြီး နောက်ပိုင်း မှာတော့ ကစားသမား ဘက်ကကော ဆီဗီလာ ဘက်ကပါ အဆိုပါ ကိစ္စအတွက် ပြန်လည် တောင်းပန် သွားခဲ့ပါတယ်။

လီဗာပူး အသင်းဟာ ပရီးမီးယားလိဂ် ရာသီသစ် မတိုင်မီ ကြိုတင် ပြင်ဆင်မှုတွေကို ဆက်လုပ်လျက် ရှိနေပြီး မနက်ဖြန် မနက် ယန်းကီးကွင်းမှာ စပို့တင်းလစ္စဘွန်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။