လီဗာပူး အသင်းရဲ့ အမေရိကန် ရာသီကြို ခရီးစဉ်ဟာ စပို့တင်းလစ္စဘွန်း အသင်းနဲ့ ၂ ဂိုးစီ သရေကျကာ အဆုံးသတ် ခဲ့ပြီး ကြိုးကြာနီ တို့ရဲ့ ရာသီသစ်ဟာ တစ်ဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်ပါတယ်။

၁~ ကွင်းလယ်တိုက်စစ်အတွက် ရွေးချယ်စရာ ပိုလာခဲ့

ဝိုင်နယ်ဒန် နဲ့ အောက်စလိတ်ချိန်ဘာလိန် တို့ဟာ ကွင်းလယ် နေရာစုံမှာ ကစားနိုင်စွမ်း ရှိကြတဲ့ သူတွေ ဖြစ်ကြပြီး စပို့တင်းလစ္စဘွန်း နဲ့ ပွဲမှာတော့ ၎င်းတို့ဟာ တိုက်စစ်မှာ ပိုမို လိုက်ပါကစားဖို့ အခွင့်အရေး ရခဲ့ပါတယ်။ နယ်သာလန် ကစားသမားဟာ ပွဲချိန်အများစုကို ဘယ်တောင်ပံ တိုက်စစ်မှာ ကစားခဲ့ရပြီး တကယ့်ကို တောက်ပစွာ ကစားသွား ခဲ့ပြီး last line ကို ကျော်ပြေးပုံတွေ ၊ ပြိုင်ဘက်ခံစစ်ကို ချဲထုတ်ပုံတွေဟာ အားရစရာကောင်းပါတယ်။ ဒီအတွက်လည်း စပို့တင်း ခံစစ်ကြောင်း အလုပ်များခဲ့ပြီး ၎င်းကို foul တွေနဲ့ တားဆီးလာ ခဲ့ပါတယ်။

ချိန်ဘာလိန် ကတော့ ပြီးခဲ့တဲ့ ဒေါ့မွန်နဲ့ ပွဲက ခြေစွမ်းကို မမှီခဲ့ဘဲ ဘောလုံးဆုံးရှုံးမှုတွေ များခဲ့သလို ၊ ကွင်းလယ်ကနေ ပြိုင်ဘက် ခံစစ်ကြောင်း အထိ မောင်းနှင် ကစားသွားတာလည်း မရှိခဲ့ပါဘူး။ ဂိုးပေါက် ခြိမ်းခြောက်မှု မလုပ်နိုင်ခဲ့ပေမယ့်လည်း ၎င်းဟာ ကောင်းမွန်တဲ့ ဖြတ်တင်ဘော တစ်ကြိမ် နှစ်ကြိမ် လုပ်နိုင်ခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာတော့ ၎င်းတို့နှစ်ဦးရဲ့ လှပတဲ့ ချိတ်ဆက်မှုကို ပြသနိုင်ခဲ့ပြီး အောက်စ်ရဲ့ ဖြတ်တင်ဘောကို ဂျီနီက အဆုံးသတ်ခဲ့ ပါတယ်။ ဒါ့အပြင် ၀ိုင်နယ်ဒန် အတွက် နောက်ထပ် သွင်းဂိုး ထပ်ရဖို့လည်း နီးစပ်ခဲ့ပြီး ဘရူနိုဖာနန်ဒက် တားဆီး ခဲ့ပါတယ်။ ချိန်ဘာလိန် အနေနဲ့ ကတော့ ပွဲရှိန်ရလာတာနဲ့ အမျှ ဒဏ်ရာမရမီတုန်းက ပုံစံကောင်းကို ပြန်လည် ရှာတွေ့ နိုင်ဖို့ ရှိနေပြီး ဂျီနီ အနေနဲ့ ဒီအတိုင်းသာ ဆိုရင် လာမည့် ရာသ်ီမှာ အနည်းငယ် သွင်းဂိုး ၈ ဂိုးလောက် ရနိုင်ပါတယ်။

၂~ စွဲမက်ဖွယ် ခြေစွမ်းနဲ့ ထိပ်တန်းကလပ်တွေကို ဆွဲဆောင်နေတဲ့ ဘရူနိုဖာနန်ဒက်

ယခုနွေရာသီမှာ လီဗာပူး အပါအ၀င် ဥရောပထိပ်တန်း ကလပ်တွေရဲ့ ချိတ်ဆက်မှုကို ခံနေရတဲ့ ဘရူနိုဖာနန်ဒက်ဟာ ဒီနေ့မှာလည်း မြင့်မားတဲ့ အရည်အသွေးတွေကို ပြသခဲ့ပါတယ်။ အဝေးကန်ချက် ၊ set-pieces ၊ ဘောလုံးဖြန့်ဝေမှု နဲ့ တိုက်စစ် ခံစစ် လုပ်အားကောင်းမွန်မှုတွေ ပြသနိုင်ခဲ့တဲ့ ပေါ်တူဂီ စတားအတွက် စပို့တင်းတို့ ကြေးကြီး သတ်မှတ်ထားတာ သိပ်အံ့သြစရာ မရှိပါဘူး။ လူတော်တော်များများကလည်း ၎င်းဟာ ကလော့ရဲ့ စတိုင်နဲ့ ကိုက်ညီတယ်လို့ မှတ်ချက်ပေး နေကြ ပါတယ်။

၎င်းဟာ လီဗာပူးနဲ့ ပွဲမှာ တစ်ဂိုးသွင်း ၊ တစ်ဂိုးဖန်တီးပေး နိုင်ခဲ့ကာ အသင်းအတွက် နောက်ထပ် ဂိုးသွင်းခွင့်တွေအတွက် ထောက်ပံ့ပေးခဲ့သလို ၊ ဂိုးမပေး၇အောင်လည်း တားဆီးမှုတွေ လုပ်ပေး ခဲ့ပါတယ်။ စပို့တင်း ကွင်းလယ် အင်ဂျင်ရဲ့ သက်တောင့်သက်သာ ကစား နေရမှုတွေကြောင့် ကလော့ဟာ ပေါ်တူဂီ စတားကို ထိန်းချုပ်ကစားဖို့ ၎င်းရဲ့ ကစားသမားတွေကို မှာကြားခဲ့ရပါတယ်။ ဖာနန်ဒက်ကို ခေါ်ယူနိုင်မယ့် အသင်းကတော့ good signing ဖြစ်လာမှာ သေချာနေပြီး ၎င်းရဲ့ အပြောင်းအရွေ့ သတင်းတွေ မကြာမီ ကျယ်ကျယ်လောင်လောင် ထွက်ပေါ် လာနိုင်ပါတယ်။

၃~ လိုအပ်ချက်တွေ ရှိနေဆဲ ဖြစ်တဲ့ လီဗာပူး

ယန်ကီးစတေဒီယမ် မှာ ကျွန်တော်တို့ အနေနဲ့ အချိန်အဆက် လွဲနေမှုတွေ ၊ မှားယွင်းတဲ့ ဘောလုံးပေးပို့ပုံတွေ ၊ နားလည်မှု အားနည်းနေတာတွေ နဲ့ တစ်ဦးချင်း အမှားတွေကို မြင်တွေ့ ခဲ့ရပါတယ်။ ရာသီမစတင်မီ မြင်တွေ့ရလေ့ ရှိတဲ့ ပုံစံဖြစ်ပြီး ကစားသမားတွေဟာ အမြင့်ဆုံးပုံစံ ပြန်ရဖို့ အတွက် လုပ်ဆောင် နေကြပါတယ်။ လီဗာပူးဟာ နာပိုလီ ၊ လီယွန် တို့နဲ့ ခြေစမ်းပွဲတွေ ပြီးနောက် လာမည့်ရာသီ ကန့်လန့်ကာ အဖွင့်ပွဲ ဖြစ်တဲ့ မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်း ပွဲကို ကန်ရမှာ ဖြစ်ပြီး ဒီပွဲမတိုင်မီ ကလော့ အနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေက လိုအပ်ချက်တွေ နဲ့ လာမည့် ၂ ပွဲက လိုအပ်ချက်တွေကို အဖြေရှာကာ အသင်းကို ပြုပြင်သွားဖို့ လိုအပ်နေပါတယ်။ အဓိက ကစားသမားအချို့ ပြန်မလာသေးတာကလည်း အသင်းရဲ့ ပြင်ဆင်မှုကို အနည်းငယ် အခက်အခဲ ဖြစ်စေပြီး လီဗာပူး ပရိတ်သတ်တွေကတော့ ဖလားများစွာ အတွက် ယှဉ်ပြိုင်ရမယ့် ရာသီမတိုင်မီ ပုံစံကောင်း ပြန်ရဖို့ မျှော်လင့် နေကြပါတယ်။

၎~ defensive cover အတွက် ဈေးကွက်ထဲ ၀င်လာနိုင်တဲ့ ကလော့

လာရူဆီ ၊ ကလိုင်နီ တို့ ဒဏ်ရာ ရနေကြသလို အဒမ်လီးဝစ် ၊ ကီဂျန်နာဟူဗာ တို့ကလည်း အတွေ့အကြုံ နည်းနေသေးပြီး အလက်ဇန်းဒါးအာနိုး ၊ ရောဘတ်ဆန် တို့အတွက် လုံလောက်တဲ့ ကာဗာတွေ မဟုတ်ကြပါဘူး။ ဒါပေမယ့် ဂိုးမက်ဇ် နဲ့ မီနာ တို့ကတော့ လိုအပ်ရင် ၎င်းတို့နေရာမှာ ဖြည့်ကစား နိုင်ကြောင်း ဒီနေ့ပွဲမှာ ပြသခဲ့ပါတယ်။ နှစ်ဦးစလုံး ခံစစ်မှာ မာကျောပြီး အားကိုးအားထား ပြုနိုင်တဲ့ ပုံစံ ရှိနေပါတယ်။ ဂိုးမက်ဇ် မီနာ တို့ဟာ ခံစစ်ရဲ့ shape ကို ထိန်းရာမှာ ကောင်းမွန်ကြတဲ့ အပြင် build-up play အတွက် ထောက်ပံ့ နိုင်ကြပါတယ်။

ဒါပေမယ့် ၎င်းတို့ နှစ်ဦးဟာ အန်ဒီ နဲ့ ရော်ဘို တို့လို တောင်ပံတစ်လျှောက် အတက်အဆင်း ကောင်းကောင်း နဲ့ ကစားနိုင်မှု ၊ အကောင်းဆုံး ဖြတ်တင်ဘော စွမ်းရည် နဲ့ ပြိုင်ဘက် နောက်ခံလူတွေကို တစ်ဦးချင်း ကျော်ဖြတ်နိုင်စွမ်းတော့ မရှိကြပါဘူး။ မေးခွန်းထုတ်စရာ တွေကတော့ ရှိနေပြီး အန်ဖီးကလပ် အနေနဲ့ ကာလရှည် နားရမယ့် ကလိုင်နီ ၊ အသင်းကနေ ထွက်ခွာသွားခဲ့တဲ့ မိုရီနို တို့ရဲ့ နေရာတွေကို အားဖြည့်ဖို့ အတွက် အပြောင်းအရွေ့ ဈေးကွက်ထဲကို ၀င်ရောက်သွားမှာလား? ဂိုးမက်ဇ် က သူ့အနေနဲ့ ဗဟိုခံစစ်မှာ ကစားရတာ ပိုနှစ်သက်ကြောင်း ပြောဆို ထားခဲ့ပေမယ့် လိုအပ်ရင် နေရာ ၂ ခုစလုံးမှာ ကစားဖို့ အသင့်ပါပဲ။ အကယ်၍ လီဗာပူး အနေနဲ့ ကစားသမား ၀ယ်ယူမှုတွေ မရှိဘူးဆိုရင် ဒီရာသီ မာဆေးဆိုက် ကလပ်တို့ ကစား၇မယ့် ပွဲပမာဏ အရ ဂိုးမက်ဇ် နဲ့ မီနာ တို့ဟာ အဆိုပါ နေရာတွေကို ၀င်ရောက် ကစားရဖို့ များနေပါတယ်။

၅~ ပိုမို အရေးကြီးလာပြီ ဖြစ်တဲ့ ဥရောပမှာ ရာသီကြို ပြင်ဆင်မှု

အမေရိကန် ရာသီကြို ခရီးစဉ် ကတော့ ပြီးသွားခဲ့ပြီ ဖြစ်ကာ အကောင်းအဆိုးတွေ ဒွန်တွဲ နေပြီး ရလဒ်ပိုင်း မှာတော့ နိုင်ပွဲ မရှိခဲ့သလို ဒဏ်ရာ ပြသနာတွေလည်း ကြုံတွေ့ ခဲ့ရပါတယ်။ ဒါပေမယ့် အပေါင်းလက္ခဏာဆောင်တာတွေလည်း ရှိနေပြီး ကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်း သာမက နေရာသစ်တွေ စမ်းသပ်မှုတွေ ၊ နည်းစနစ်ပိုင်း အပြောင်းအလဲတွေနဲ အားကိုး အားထား ပြုနိုင်တဲ့ လူငယ်တွေရဲ့ ခြေစွမ်းကိုလည်း မြင်ခဲ့ရပါတယ်။

ကစားသမား တော်တော်များများ မိနစ် ၆၀ ၊ ၇၀ ကစား ခဲ့ကြသလို ၊ ကစားသမားသစ် ဗန်ဒန်ဘက်ခ်ျ ကလည်း international clearance ရသွားပြီ ဖြစ်တာကြောင့် ပွဲပြီးခါနီးမှာ ၀င်ကစား ခဲ့တာကို တွေ့ခဲ့ရပါတယ်။ အခုဆိုရင် လီဗာပူးဟာ ဥရောပကို ပြန်လာကာ နာပိုလီနဲ့ ခြေစမ်းပွဲ ၊ လီယွန်နဲ့ ခြေစမ်းပွဲ မတိုင်မီ အီဗီယံမှာ ကမ့်ဝင်ကာ ရာသီသစ် အတွက် အထူးပြင်ဆင် ရတော့မှာပါ။ လီဗာပူး အနေနဲ့ ဒီအချိန်မှာ အကောင်းဆုံး ပြင်ဆင် နိုင်ခဲ့မယ် ဆိုရင်တော့ လာမည့်ရာသီမှာ အန်ဖီးရဲ့ ဆုဖလားပြခန်းထဲကို နောက်ထပ် ဖလားတွေ ရောက်လာတာကို မြင်ရနိုင်ပါတယ်။

SM