ယမန် နေ့ မှာကစားသွားခဲ့ တဲ့ ရာသီကြို ဖိတ်ခေါ် ICC ဖလားပြိုင် ပွဲမှာ ရီးရဲလ်အသင်းက အာဆင်နယ်အသင်းကို ပင်နယ်တီမှာအနိုင်ရခဲ့ပါတယ်။ အာဆင်နယ်အသင်းမှာပထမပိုင်းမှာ ၂-၀ ဂိုးနဲ့ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ၂ဂိုးဆက်တိုက်ပြန်ပေးခဲ့ရလို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲ မှာ ရီးရဲလ် အသင်းကို ကယ်တင်ပေး ခဲ့တာ ကတော့ ဒုတိယပိုင်းမှာ ဝင်ရောက် လာခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား ဂါရတ်ဘေးလ်ဖြစ်ပါတယ်။သူဟာ ခြေစွမ်းပြသပြီး အာဆင်နယ်ခံစစ်ကို ဒုက္ခပေးသွားခဲ့သလို ပထမချေပဂိုးကိုလည်းသွင်း ယူပေးနိုင်ခဲ့ပါတယ်။

ဘေးလ် ဟာ ခြေစွမ်းပုံမှန်ပြသထားနိုင်ခြင်းမရှိသလို၊ အသင်းဖော် အချို့ ပရိသတ်အချို့ နဲ့ ဖြစ်ပွားခဲ့တဲ့ ပြသနာတွေကြောင့် ဘာနေဗျူးကို စွန့်ခွာတော့မယ်ဆိုတဲ့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။ အသင်းရဲ့ အနာဂတ်အစီအစဉ်တွေ မှာ သူပါဝင်မှာ မဟုတ်တော့ဘူးလို့ နည်းပြ ဇီ ဒန်းက ထုတ်ပြောထားဖူးပြီး အာဆင်နယ်နဲ့ ပွဲအပြီးမှာလည်း ဒီအတိုင်းပဲရှိသေးတယ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။ ဘေးလ်ကို ခေါ်ယူဖို့ အသင်းဟောင်းစပါး၊ ယူနိုက်တက် အပါအဝင် ဥရောပ ထိပ်သီးတွေက စိတ်ဝင်စားနေတာဖြစ်ပြီး ၊ ဒီဝေးလ် သားဟာ လီဗာပူး အသင်း နဲ့ သင့်တော်မှုရှိတယ်လို့ ကွင်းလယ်လူ ဟောင်းတဦးဖြစ်တဲ့ပေါလ်အင့်စ်က အကြံပေးခဲ့ပါသေးတယ်။

ဒါပေမယ့် နည်း ပြကြီး ကလော့ပ်ကတော့ ဒီလို အပြောင်း အရွှေ့ဖြစ်လာမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ Sky Sports နဲ့ အင်တာဗျူးမှာ ကလော့ပ်က – ” ကစားသမားကောင်းကြီးတွေဆီမှာ ထူးဆန်းတဲ့ စိတ်ကူးစိတ်သန်းတွေရှိတတ်ပါတယ်။သူတို့တွေ အကုန်လုံး ကို ကျွန်တော်အများကြီး လေးစားမှုရှိပါတယ်။ဒါပေမယ့် သူတို့ ရဲ့ အခုလို ပြောစကားတွေ ဟာ တယောက်ယောက်က မေးမြန်းလို့ ထွက်လာတာဖြစ်ပါတယ်။ ဘေးလ်ဆိုတာ ရီးရဲလ် အသင်းသား တဦးဖြစ်ပါတယ်။တကယ်လို့ အဲ့ဒီအသင်း ကနေ သူ ထွက်ခွာဖြစ်ခဲ့ရင်လည် မတော်မတရားပြောင်းရွှေ့ကြေးကြီးမှာဖြစ် ပြီး လစာငွေကလည်း အများကြီးပေးရ ပါလိမ့်မယ်။သူဟာကစားသမားကောင်းတယောက်ဖြစ်လို့ ကျွန်တော်ကြိုက်နှစ်သက်ပါတယ်။

ဒါပေမယ့် သူ တဦးတည်းနဲ့တော့လည်းမဖြစ်ပါဘူး။ဘောလုံးအသင်းတသင်းဆိုတာ တဦးချင်းအကောင်းဆုံးကစားသမားတွေ အတူတကွဖွဲ့စည်းထားတဲ့အစုအဖွဲ့မဟုတ်ပါဘူ။အားလုံးကအလုပ်ကြိုးစားရမှာဖြစ်ပါတယ်။လီဗာပူး ဆိုတာရှေရှည်စီမံကိန်းတွေနဲ့ အသင်းတသင်းဖြစ်ပြီး အခက်အခဲတွေဆိုတာ ကတော့ ရှိကောင်းရှိလာနိုင်ပါတယ်။ ကစားသမားသစ် တယောက် နှစ်ယောက် လောက်ထပ်ခေါ်ရင်ဒီလို အခြေအနေမျိုးတွေရှိနိုင်တာဖြစ်ပါတယ်။ဒါပေမယ့် ဘာမှ မလုပ်တော့ဘူးလို့တော့ပြောမှာမဟုတ်ပါဘူး။ကျွန်တော်တို့အတွက် ကြီးကျယ်တဲ့ အပြောင်းအရွှေ့ဈေးကွက်တခု ဖြစ်လာနိုင်ပါသေးတယ်။ ဒါပေမယ့် လူတွေ အနေနဲ့ တခါတလေ မှာ အခြေအနေတွေကို စိတ်အေးအေးနဲ့ နေသွားဖို့လိုပါတယ်။အိမ်အသစ် တလုံး မတည်ဆောက်ခင်မှာ မိမိရဲ့ အိမ်ထဲမှာ ပေးဆောင်စရာရှိတဲ့ ဘေလ် တွေပေးဆောင်ပြီး သာမန်ဘဝတခုကို ပိုင်ဆိုင် နေထိုင်သွားဖို့ လိုပါတယ် ” လို့ပြောခဲ့ပါတယ်။

SM