လာလီဂါ ဘောလုံး အဖွဲ့ချုပ် ဥက္ကဌ တီဗက် ကတော့ အေတီကို အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ ဘာစီလိုနာ ထံ ပြောင်းရွှေ့ သွားတဲ့ တိုက်စစ်မှုး ဂရစ်ဇ်မန်း ကို လာလီဂါ ပွဲစဉ်တွေ ကစားခွင့် မပေးဖို့ တောင်းဆိုထားတဲ့ အကြောင်း အတည်ပြု ပြောဆိုလိုက်ပါတယ်။

ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ကတည်းက ဘာစီလိုနာ ကို ပြောင်းရွှေ့ဖို့ သတင်းတွေ အကြီးအကျယ် ထွက်ပေါ်ခဲ့သော်လဲ ၊ 2018 ခုနှစ် ဇွန်လ မှာတော့ တစ်နှစ်လုပ်ခ ယူရို 23 သန်း ၀န်းကျင် ပေးတဲ့ အေတီကို နဲ့ပဲ 5 နှစ် စာချုပ်သစ် ချုပ်ဆို ခဲ့တာ ဖြစ်ပါတယ်။

သို့သော် စာချုပ်သစ် ချုပ်ဆိုပြီးလို့ တစ်နှစ် မပြည့်ခင်မှာပဲ ဘာစီလိုနာ နဲ့ အပြောင်းအရွှေ့ သတင်းတွေ က ပြန်လည် ထွက်ပေါ်လာခဲ့ကာ ၊ ဂရစ်ဇ်မန်း ကိုယ်တိုင် ကလဲ လာလီဂါ ပြိုင်ပွဲ ပြီးဆုံးဖို့ 2 ပွဲလောက် အလို ကတည်းက အသင်းကနေ ထွက်ခွာတော့မယ့် အကြောင်း တရားဝင် ထုတ်ဖော် ပြောဆိုလာခဲ့တာပါ။

သူ့ရဲ့ ပြောဆိုမှုကြောင့် အေတီကို ပရိသတ်တွေက ဒေါသထွက်ကာ ၊ ကွင်းအတွင်း ဆန္ဒပြမှုတွေ ဖြစ်ပွားတဲ့ အထိ အခြေအနေ တင်းမာခဲ့သလို ၊ အသင်းမှာ ကစားခွင့် မပေးဖို့ အထိ တောင်းဆိုမှုတွေ ပေါ်ပေါက်လာခဲ့ ပါတယ်။

အဲဒီ အချိန်က ဂရစ်ဇ်မန်း ကိုယ်တိုင်က အသင်းပြောင်းမယ် ပြောဆိုထားသော်လဲ ၊ သူ့ကို ခေါ်ယူမယ့် အသင်းဟာ ဘာစီလိုနာ ဖြစ်တယ် ဆိုတဲ့ ထင်ကြေးပေးမှုထက် မပိုခဲ့ပါဘူး။ အကယ်၍ ဘောလုံးရာသီ ပြီးပြီးချင်း ခေါ်ယူလိုက်မယ် ဆိုပါက ၊ ဘာစီလိုနာ ဟာ စာချုပ်ဖျက်သိမ်းခွင့် လျော်ကြေးကို ယူရို သန်း 200 အထိ ပေးချေရမှာ ဖြစ်တာကြောင့် ၊ ဇူလိုင် 1 ရက်နေ့ နောက်ပိုင်း အထိ စောင့်ဆိုင်းခဲ့ပြီး ယူရို 120 သန်း ကျဆင်း သွားချိန်မှသာ ကစားသမားကို ခေါ်ယူဖို့ စတင်လုပ်ဆောင် လာခဲ့ ပါတယ်။

အစောပိုင်းမှာ အေတီကို က ဂရစ်ဇ်မန်း ရဲ့ အပြောင်းအရွှေ့ အစိတ် အပိုင်းအဖြစ် ဘာစီလိုနာ ကစားသမား ဆမီဒို ကို ပြန်လည် ပေးအပ်ဖို့ တောင်းဆိုခဲ့သလို ၊ ဘာစီလိုနာ ဘက်ကလဲ အပြောင်းအရွှေ့ အတွက် ငွေပေးချေမှုကို အရစ်ကျ နဲ့ လက်ခံပေးဖို့ ညှိနှိုင်းခဲ့ပေမယ့် အေတီကို ဘက်က လက်ခံခဲ့ခြင်း မရှိခဲ့ ပါဘူး။

အဲဒီလို တစ်သင်း နဲ့ တစ်သင်း တွယ်ကပ်မှုတွေကြောင့်ပဲ မလိုလားအပ်တဲ့ အမုန်းပွားမှုတွေ ဆက်တိုက် ပေါ်ပေါက်လာခဲ့ပြီး ၊ အခုချိန်ထိ အေတီကို ဘက်က စွပ်စွဲမှုတွေ ဆက်တိုက် ပြုလုပ်နေခဲ့သလို ၊ ဂရစ်ဇ်မန်းကို လဲ လာမယ့်ရာသီမှာ ကစားခွင့် မပေးဖို့ တောင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။

စပိန် ရေဒီယို တစ်ခု နဲ့ အင်တာဗျူး မှာတော့ လာလီဂါ ဥက္ကဌကြီး တီဗက် က “ အေတီကို ကတော့ လာမယ့် ရာသီမှာ ဂရစ်ဇ်မန်း ရဲ့ လာလီဂါမှာ ကစားခွင့် လိုင်စဉ်ကို ယာယီပိတ်သိမ်း ပေးထားဖို့ တောင်းဆိုထားပါတယ်။

လက်ရှိ အငြင်းပွားနေမှုတွေ ပြီးဆုံး သွားမှပဲ သူတို့က ကစားခွင့် ပေးစေချင်တဲ့ ပုံစံမျိုးပါ။ ဒါကလဲ ဖြစ်နိုင်ချေ ရှိတဲ့ တောင်းဆိုမှုမျိုးပဲလေ။ ကျနော် ကတော့ ဒီကိစ္စအတွက် တစ်စုံတရာ မှတ်ချက် ပေးစရာ မရှိပေမယ့် ၊ သက်ဆိုင်ရာ လူကြီးမင်းတွေ က စုံစမ်း စစ်ဆေးမှုတွေ အပေါ် အခြေခံပြီး ဆုံးဖြတ်ချက် ချမှတ်ပေး သွားပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ ပါတယ်။

ဘာစီလိုနာဟာ ဇူလိုင်လ 12 ရက် နေ့က ဂရစ်ဇ်မန်း ရဲ့ စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေး ယူရို 120 သန်း ပေးချေကာ ခေါ်ယူခဲ့ပြီးပြီ ဖြစ်ပြီး ၊ ချဲဆီး နဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ပထမဆုံး ပါဝင် ကစားစေခဲ့ ပါတယ်။

အေတီကို ဘက်ကတော့ သူတို့ရဲ့ နစ်နာမှု ယူရို သန်း 80 အတွက် ဆက်လက် တောင်းဆိုနေဆဲ ဖြစ်ကာ ၊ ဥပဒေ ကြောင်းအရ ရင်ဆိုင်မှုတွေ ဆက်လက် ပြုလုပ်သွားဖို့ တရားဝင် ပြောဆိုထားခဲ့ပါတယ်။

ဒါ့အပြင် မကြာခင် ရက်ပိုင်း အတွင်းကလဲ စပိန် ဘောလုံးအဖွဲ့ချုပ် က တာဝန် ပေးအပ်ထားတဲ့ အဖွဲ့တစ်ဖွဲ့ဟာ ဘာစီလိုနာ နဲ့ အေတီကို တို့ အကြား အငြင်းပွားနေတဲ့ အကြောင်းအရာတွေ နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးမှုတွေ စတင်ခဲ့ပြီ ဖြစ်ပါတယ်။