ဂျေမီကာရေဂါက လီဗာပူး အသင်းရဲ့ နွေရာသီ ငွေကြေးသုံးစွဲမှု အပေါ်အားရကျေနပ်နေပြီး ဒါဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းကလပ်ရဲ့ အကောင်းဆုံး လူစာရင်း ဖြစ်နေတယ်လို့ ဆိုသွားပါတယ်။ လီဗာပူးဟာ အလီဆင်ဘက်ကာ ဖာဘင်ညို နာဘီကီတာ နဲ့ ဇာဒန်ရှကီရီ တို့လို ကစားသမားကောင်းတွေကို ခေါ်ယူထားခဲ့ပြီး နွေရာသီ မှာ အသုံးစရိတ် ပေါင် သန်း ၁၇၀ ကျော်ထိ သုံးစွဲထားပါတယ်။

ဒါ့ကြောင့် လီဗာပူး ပရိတ်သတ်တော်တော်များများကတော့ အန်ဖီးကလပ်ဟာ လာမည့်ရာသီ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးအသင်းကို ဖြုတ်ချကာ လွန်ခဲ့တဲ့ ၁၉၉၀ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်မယ့် အရည်အသွေးရှိနေပြီလို့ ယုံကြည်နေပါတယ်။

ကာရေဂါက လက်ရှိ လီဗာပူးရဲ့ လူစာရင်းဟာ သူကစားခဲ့တဲ့ လွန်ခဲ့တဲ့ ၁၉၉၆ မှ ၂၀၁၃ ခုနှစ်ကြား လီဗာပူးအသင်းရဲ့ လူစာရင်းကို ယှဉ်နိုင်တယ်လို့ ဆိုသွားပါတယ်။

ကာရေဂါက “ဒီအချိန်မှာ လီဗာပူးအသင်းဟာ ထိပ်တန်းကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်နေပြီး ကျွန်တော် အန်ဖီးမှာ ၁၇ နှစ်ကြာ ကစားခဲ့တဲ့ အသင်းလိုပဲ ကောင်းမွန်လှပါတယ်။ လက်ရှိ လီဗာပူး အသင်း ပိုင်ဆိုင်ထားတဲ့ လူစာရင်း သူတို့ရဲ့ အင်အားဟာ ကျွန်တော် ကစားခဲ့တုန်းက အသင်းလို ကောင်းနေပါတယ်။” လို့ ဆိုသွားပါတယ်။

ကာရေဂါ က သူ့ရဲ့ အသင်းဟောင်းဟာ နောက်ဆုံးမှာတော့ စံချိန်တင်ပြောင်းရွေ့ကြေးရှင် ဗာဂျယ်ဗန်ဒိုက်နဲ့အတူ ခြေစွမ်းတိုးတက်နေတဲ့ ဒီဂျန်လော့ဗရန် တို့နဲ့အတူ မာကျောတဲ့ ခံစစ်ကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

“လော့ဗရန်ဟာ လီဗာပူးပရိတ်သတ်တွေထံကနေ ဝေဖန်မှုတွေ အများအပြား ရရှိခဲ့ပြီး သူ့ရဲ့ လီဗာပူးကစားသမားဘ၀ တစ်လျှောက် ပွဲကြီးတွေမှာ အမှားတွေကို ကျူးလွန်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောနေတဲ့ ကစားသမားဟာ ပြီးခဲ့တဲ့လတွေအတွင်း ချန်ပီယံလိဂ် ဖိုင်နယ်နဲ့ ကမ္ဘာ့ဖလား ဖိုင်နယ်တွေကို ကစားခဲ့တဲ့သူ ဖြစ်ပါတယ်။

သူတို့ရဲ့ ဗဟိုနောက်ခံလူနေရာမှာ ရွေးချယ်စရာတွေလည်း ရှိနေပါပြီ။ သူတို့ဟာ ဗန်ဒိုက်လို ကစားသမားမျိုးအတွက် ငွေကြေးများစွာ သုံးစွဲခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် အမြဲပြောသလိုပဲ ကစားသမား တစ်ဦးအတွက် ငွေဘယ်လောက်သုံးစွဲခဲ့သလဲဆိုတာ အရေးမကြီးပါဘူး။ သူအကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ရင် ဒါဟာ ထိုက်တန်ပါတယ်။” လို့ပြောသွားပါတယ်။