ယနေ့ နံနက် အစောပိုင်း မှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု အဆင့် ပွဲစဉ် မှာ ဘာစီလိုနာ အသင်းက ဒေါ့မွန် အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။နူးကမ့်မှာ ကစားခဲ့တဲ့ ဒီပွဲမှာအကောင်းဆုံးခြေစွမ်းပြသခဲ့တာကတော့ ဘာစီလိုနာ အိုင်ကွန် မက်ဆီ ပဲဖြစ်ပါတယ်။

အသက် ၃၂ နှစ် အရွယ် ကိုကျော်လွန်နေပြီ ဖြစ်တဲ့ မက်ဆီ ဟာ ခြေစွမ်းပိုင်းနဲ့ သွင်းဂိုးတွေ ကျဆင်းလာခြင်း မရှိသေးပဲ ဘာစီလိုနာအသင်းရဲ့ အဓိက ကစား သမား တဦးအဖြစ်ရှိနေဆဲဖြစ်ပါတယ်။သူဟာ အခုပွဲမှာ ကိုယ်တိိုင် ဂိုးသွင်းနိုင်ခဲ့သလို ဆွာရက်ဇ်၊ ဂရစ်ဇ်မန်း တို့ရဲ့ ဂိုးတွေကို လည်းဖန်တီးပေးသွားနိုင်ခဲ့ပါတယ်။

မက်ဆီဟာ အခုပွဲစဉ် ကို ဘာစီလိုနာ ကစားသမား ဘဝ ပွဲရ၀၀ပြည့်အဖြစ် ပါဝင် ကစားသွားခဲ့တာ ဖြစ်ပြီး အမှတ်တရ တွေကိုပါ ပိုင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။သူဟာ ပွဲချိန် ၂၆မိနစ်မှာရခဲ့တဲ့ ဆွာရက်ဇ်ရဲ့ဂိုးကို ဖန်တီးပေးနိုင်ခဲ့ ပြီး ၃မိနစ်အကြာမှာတော့ အဆိုပါဥရုဂွေးသားရဲ့ ဖန်တီးပေးမှုကနေ ပြန်ပြီးဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒီဂိုးဟာ မက်ဆီအတွက်တော့ ချန်ပီယံလိဂ်ပြိုင်ပွဲ နောက်ဆုံးအဆင့်တွေမှာ သွင်းယူနိုင်ခဲ့တဲ့ ၁၁၄ဂိုးမြောက်ဖြစ်လာခဲ့ပြီး ရော်နယ်ဒို ရဲ့ ၁၂၇ ဂိုးစံချိန် နောက်ဒုတိယအများဆုံးအဖြစ် ကပ်လိုက်သွားနိုင်ခဲ့ပါတယ်။ဒ့ါအပြင်ဒေါ့မွန်အသင်းကိုဂိုးသွင်းနိုင်ခဲ့လို့ ချန်ပီယံလိဂ်မှာပြိုင်ဘက်၃၄သင်းအထိ ဂိုးသွင်းထားနိုင်တဲ့စံချိန်ကိုပါ ပိုင်ဆိုင်သွားခဲ့ပါတယ်။

မက်ဆီဟာ ပွဲချိန် ၆၇ မိနစ်မှာ သွင်းယူခဲ့တဲ့ ဂရစ်ဇ်မန်းရဲ့ ဂိုးကိုလည်းဖန်တီး ပေးနိုင်တာဖြစ်ပြီး ဘာစီလိုနာတို့ အိမ်ကွင်းမှာ ပြတ်ပြတ်သာသားဦးဆောင်နိုင်ခဲ့ပါတယ်။ပွဲချိန် ရ၇မိနစ်မှာတော့ ဆန်ချိုက ဒေါ့မွန်အတွက် ချေပဂိုးတဂိုးပြန်သွင်းခဲ့လို့ ၃-၁ ဂိုးနဲ့ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ဒီရာသီ အစမှာ ဘိုင်ယန်အသင်း ကနေ တဖန်ပြန် ရောက် ရှိလာ ခဲ့ပြီး ဒေါ့မွန် ခံံစစ်ရဲ့ အဓိက ကစားသမားတဦးအဖြစ်ရှိနေခဲ့တဲ့ ဟမ်းမဲလ်ကတော့ မက်ဆီဟာ သူမြင်တွေ့ထားခဲ့ဖူးသမျှ ဘောလုံးသမားတွေထဲမှာ အကောင်းဆုံး တယောက်ဖြစ်တယ် လို့ချီးကျူးသွားခဲ့ပါတယ်။

ပွဲအပြီး အင်တာဗျူးတခုမှာ ဟမ်းမဲလ်က -” ထိပ်တန်း အဆင့် ပုံစံမျိုးမှာ ရှိနေချိန် ဆိုရင် မက်ဆီဟာ ကျွန်တော့်ရဲ့ ဘောလုံးသမား ဘဝ မှာ မြင်တွေ့ထား ခဲ့ဖူးသမျှထဲ က အကောင်းဆုံး ဖြစ်ပါတယ်။ကျွန်တော်တို့အသင်းဟာ ဒီနေ့ပွဲမှာ ဘာစီလိုနာကိုအနိုင်ရဖို့လည်းမလုံလောက်ခဲ့ကြပါဘူး။

တကယ့်အခွင့်အရေးကောင်း ၃၊ ၄ ခုလောက်ပဲရအောင် လုပ်နိုင်ခဲ့ပါတယ်။ဒီပွဲဟာ ကျွန်တော်တို့ အတွက် ဆိုးရွားတဲ့ ပွဲတပွဲ မဟုတ်ခဲ့ပေမယ့်အရမ်းကြီး ကောင်းမွန်တဲ့ ပွဲတပွဲလည်း မဟုတ်ခဲ့ပါဘူး။ဘာစီလိုနာ အသင်းကတော့ အတော်လေးကောင်းတဲ့ ပုံစံမှာရှိခဲ့ပါတယ်။

မက်ဆီကလည်း အမြဲတမ်းကို အန္တရာယ် ရှိတဲ့ ကစားသမားတဦးဖြစ်ပါတယ်။သူတို့အသင်း ပထမဆုံး ဦးဆောင်ဂိုးရသွားအပြီးမှာတော့ကျွန်တော်တို့ အတွက်ဆိုးရွားတဲ့ အနေအထားတွေဖြစ်ခဲ့ပြီး ကျွန်တော့်ရဲ့ ဆိုးရွားတဲ့ ဘောလုံးပေးပို့မှု ကနေသူတို့ အသင်းရဲ့ ဒုတိယဂိုးကို ဦးတည်သွားစေခဲ့ပါတယ်” လို့ပြောခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ဒေ့ါမွန် အသင်းဟာ အင်တာအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် အုပ်စု တတိယနေရာအထိကျရောက်သွားခဲ့ပါတယ်။သူတို့နှစ်သင်းဟာ အုပ်စုနောက်ဆုံးပွဲမှာတော့ နောက်တဆင့်တက်ရေးအဆုံးအဖြတ်အဖြစ်ပြိုင်ဘက်တွေကို အနိုင်ရဖို့အပြိုင် ကြိုး စားရတော့မှာဖြစ်ပါတယ်။

SM