ချယ်လ်ဆီး အသင်း ရဲ့ လူငယ် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ မနေ့ည က ကစား သွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် တပွဲ ဖြစ်တဲ့ ဗလင်စီယာ အသင်း နဲ့ ပွဲစဉ် ရဲ့ ပထမပိုင်း ပြီးခါနီး မှာ ပြိုင်ဖက် ကစားသမား တွေနဲ့ ခေါင်းယှဉ်တိုက်ရာ အကျမတော်ပဲ ပြင်းထန်တဲ့ ဒဏ်ရာ ရရှိခဲ့ကာ ၊ ကွင်းထဲကနေ နာကျင်စွာ ထွက်ခွာ သွားခဲ့ရပါတယ် ။

အေဘရာဟမ် ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း အတွက် အထူး ခြေစွမ်း ပြနေတဲ့ တိုက်စစ်မှူး ဖြစ်တာကြောင့် အခုလို ၄င်း ဒဏ်ရာ ရသွားတာ ချယ်လ်ဆီး အသင်း အတွက် အနည်း နဲ့ အများ ထိခိုက်မှု တွေ ကြုံတွေ့ ရနိုင်ပါတယ် ။ အေဘရာဟမ် ဟာ ဒီနှစ် ဘောလုံး ရာသီ ၊ ပရီးမီးယားလိဂ် မှာ ချယ်လ်ဆီး အတွက် သွင်းဂိုး ၁၀ ဂိုး အထိ သွင်းယူ ပေးထားနိုင်ခဲ့တဲ့ တိုက်စစ်မှူး လည်း ဖြစ်ပါတယ် ။

အေဘရာဟမ် ရဲ့ ဒဏ်ရာ အခြေအနေ နဲ့ ပတ်သက်ပြီး ပွဲပြီး BT Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူး မှာတော့ နည်းပြ ဖြစ်သူ ဖရန့် လမ်းပတ် က ” ကျွန်တော် ထင်ကတော့ သူ ထိခိုက် မိခဲ့တာ ဟာ တင်ပဆုံ နေရာမှာ ဖြစ်နိုင်ပါတယ် ။ ကျွန်တော် တို့ ပထမ တကြိမ် ထင်ထားသလောက် တော့ သိပ်ပြီး ပြင်းထန်မယ့်ပုံ မပေါ်ပါဘူး ။ ဒဏ်ရာ က ဘယ်လောက် ထိ ပြင်းထန်လဲ ဆိုတာ ကျွန်တော် လည်း သေချာ မသိရသေးပါဘူး ။ ”

” ဒါပေမယ့် ပွဲပြီးသွားတဲ့ အချိန် မှာ သူဟာ အဝတ်လဲခန်း ထဲမှာ ရှိနေခဲ့ပါတယ် ။ အဲ့ဒါကြောင့် အခြေအနေ ကောင်းတယ် လို့တော့ ယေဘူယျ သတ်မှတ် နိုင်ပါတယ် ။ ကျွန်တော် တို့ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ဒီလို ပြင်းထန်တဲ့ ထိခိုက်မှု တချို့ ကြံုခဲ့ပါတယ် ။ ဒီ အနေအထား တွေ အတွက် VAR အနေနဲ့ ဒီထက် ပိုပြီး တိုးတက်လာသင့်တယ် လို့ ထင်ပါတယ် ။ ”

” အကယ်၍သာ ကွင်းလယ်ဒိုုင် ဆီက မှန်ကန် တဲ့ ဆုံးဖြတ်ချက် တွေ ရမယ် ဆိုရင် အခုလို အငြင်းပွားဖွယ် အကြောင်းအရာ တွေလည်း ရှိနေမှာ မဟုတ်ပါဘူး ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ BT Sport မှာ ဘောလုံးပွဲ သုံးသပ်သူ အဖြစ် လုပ်ဆောင်ခဲ့ကြတဲ့ ချယ်လ်ဆီး မန်နေဂျာ ဟောင်း ဂလင်း ဟော်ဒယ် ၊ ကွင်းလယ်လူဟောင်း ဂျိုကိုးလ် တို့ကလည်း အေဘရာဟမ် ရဲ့ ဒဏ်ရာ အပေါ် အခုလို မှတ်ချက် ပေးခဲ့ပါတယ် ။

ဂလင်း ဟော်ဒယ် က ” တမ်မီ ရဲ့ ဒဏ်ရာ က အတွင်းက အစိတ်အပိုင်း တွေ အထိပါ ထိမိမယ် လို့ ယူဆ ရပါတယ် ။ ဒါကြောင့် ကျွန်တော် သူ့ အတွက် အတော်လေး စိုးရိမ် ပူပန်မိပါတယ် ။ သူဟာ ဒဏ်ရာရပြီးပြီးချင်း အတော်လေး ဝေဒနာ ခံစား ခဲ့ရပုံပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။ ဂျိုကိုးလ် ကလည်း ” တမ်မီ ဟာ ဟန်ဆောင်တတ်တဲ့ ကစားသမား တယောက် မဟုတ်ပါဘူး ။ သူဟာ တကယ် ကို ပြင်းပြင်းထန်ထန် ဒဏ်ရာ ရလို့ အော်နေခဲ့တာပါ ။ ” လို့ ဆိုခဲ့ပါတယ် ။

ပွဲအပြီး ချယ်လ်ဆီး တီဗွီ နဲ့ တွေ့ဆုံခန်း မှာတော့ အေဘရာဟမ် ကိုယ်တိုင် က သူ့ရဲ့ ဒဏ်ရာ အခြေအနေ နဲ့ ပတ်သက်ပြီး ” အခု ကျွန်တော် အတော်လေး သက်သာ လာပါပြီ ။ စခံစား ရတဲ့ အချိန် ကထက် အများကြီး ပိုကောင်း လာပါပြီ ။ ဒဏ်ရာ ဖြစ်ဖြစ်ချင်း ကျွန်တော် ဟာ ကစားသမား ဘဝ တလျှောက် အဆိုးရွားဆုံး ဒဏ်ရာ ကို ရပြီလို့ ကြောက်လန့် နေခဲ့ပါသေးတယ် ။ ”

” ဒါပေမယ့် အခု အချိန် မှာ ကျွန်တော် လမ်းပြန်လျှောက် လို့ ရနေပါပြီ ။ အဲ့ဒီ အတွက် ကျွန်တော် ဝမ်းသာ မိပါတယ် ။ နောက်ပြီး ဒီ ဒဏ်ရာ အတွက် အချိန် အကြာကြီး အနားမယူ ရဖို့ ကျွန်တော် မျှော်လင့်ပါတယ် ။ မနက်ဖြန် မှာ ကျွန်တော့ ရဲ့ ဒဏ်ရာ အခြေအနေ ဘယ်လို ရှိလဲ သိရအောင် ဆေးသွားစစ်မှာပါ ။ ရိုးရိုး ထိခိုက် ဒဏ်ရာပဲ ဖြစ်ပါစေ လို့ ကျွန်တော် မျှော်လင့်ပါတယ် ။ ကျွန်တော့ ရဲ့ တင်သား နေရာ ကနေ ဒူး တလျှောက် အထိ ကို ခိုက်မိခဲ့တာပါ ။ အရမ်းကြီး မပြင်းထန်ဖို့တော့ မျှော်လင့် ထားပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR