ယနေ့ နံနက်အစောပိုင်း မှာကစားသွားခဲ့တဲ့ ချန်ပီယံ လိဂ်အုပ်စု E ရဲ့ ပွဲစဉ် တပွဲမှာ ဆဲလ်ဘာ့ချ် အသင်းက GENK အသင်းကို အဝေးကွင်းမှာ ၁-၄ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။အုပ်စုတွင်း အခြားပွဲစဉ် မှာ လီဗာပူးနဲ့ အင်တာတို့ ၁ဂိုးစီ သရေကျခဲ့တာကြောင့် လည်း ဆဲလ်ဘာ့ချ် တို့ နောက်တဆင့်အတွက် မျှော်လင့်ခွင့် ဆက်ရှိသွားခဲ့ပါတယ်။

ဆဲလ်ဘာ့ချ် အသင်းဟာ သြစတြီးယား လိဂ်မှာ အကောင်းဆုံး အသင်းအဖြစ် ပြိုင် ဘက်တွေထက်အတော်လေး သာလွန်တဲ့ စွမ်းဆောင်ရည်ကိုပြသနေတဲ့ အသင်းဖြစ်ပြီးလိဂ်ပွဲ၁၅ပွဲမှာသွင်းဂိုး၅၈ဂိုးသွင်းထားနိုင်သလိုပေးဂိုး ၁၄ သာပေးထားရသေးတာဖြစ်ပါတယ်။

သူတို့ဟာပွဲတိုင်းမှာ အကောင်းဆုံး ပုံစံနဲ့ တိုက်စစ်ဖွင့် ကစားတတ်ပေမယ့် ချန်ပီယံ လိဂ်အတွေ့အကြုံသာလွန်တဲ့ လီဗာပူးဟ၊ နာပိုလီတို့ နဲ့ ရင်ဆိုင်ရတဲ့ ပွဲတွေမှာ အခြေအနေ မကောင်းထားခဲ့လို့ အုပ်စုအဆင့်ကို ကျော်လွန်နိုင်ရေး ခက်ခဲနေခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် GENK အသင်းကို အနိုင်ရခဲ့တာကြောင့် အုပ်စုနောက်ဆုံး ပွဲမှာသာလက်ရှိဥရောပ ချန်ပီယံကြီး လီဗာပူးကို အံံ့အသင့်ဖွယ်ကျော်ဖြတ်ပြနိုင် ခဲ့ပါက ၁၆သင်းအဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ဆဲလ်ဘာ့ချ် အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူးလေး ဟားလန်းကလည်း လီဗာပူးက ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ပေမယ့် မိမိတို့မှာလည်း အခွင့်အရေး ရှိနေတယ် လို့ ဆိုပါတယ်။

GENK နဲ့ ပွဲအပြီး UEFA ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ်နဲ့ အင်တာဗျူးမှာတော့ ဟားလန်းက -” သူတို့ ( လီဗာပူး ) အသင်းဟာ ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ပါတယ်။ဒါပေမယ့်ကျွန်တော်တို့ကလည်းအိမ်ကွင်းမှာကောင်းတဲ့အသင်းဆိုတာကို သိနားလည်ပါတယ်။ကျွန်တော်တို့သာထိပ်တန်းအဆင့်မှာရှိခဲ့ရင် အခွင့်အရေးရှိနိုင်ပါတယ် “လို့ပြောခဲ့တာဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်ဖွား နော်ဝေ ကြယ်ပွင့် တိုက်စစ် ကစားသမား လေး ဟားလန်းဟာ GENK နဲ့ပွဲမှာ သွင်းဂိုးတဂိုး သွင်းယူနိုင် ခဲ့လို့ ဥရောပပြိုင်ပွဲတွေ( ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ) မှာ ၅ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ဆယ်ကျော်သက် ကစား သမား စံချိန်ကို ရရှိသွား ခဲ့ပါတယ်။

ဟားလန်း ဟာ ဆဲလ်ဘာ့ချ် အတွက် ဒီရာသီ ပြိုင်ပွဲစုံ မှာ ၁၉ပွဲကစား ၂၇ဂိုး အထိသွင်းယူပေးထားတဲ့ ဂိုးသွင်းစက်တဦးလည်းဖြစ်ပါတယ်။အသက် ၁၉နှစ်အရွယ်မှာပဲ အခုလို သွင်းဂိုးတွေစံချိန်ကောင်း တွေ ရနေခဲ့ပေမယ့် အသင်းကို အကူအညီပေးနိုင်ဖို့ကိုပဲ အလေးထားတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

Sky Sport Austria နဲ့ အင်တာဗျူးမှာ ဟားလန်းက – ” ပိုင်ဆိုင် လို့ ကောင်းတဲ့ စံချိန်မှတ်တမ်း တခုကို ကျွန်တော်ရလိုက်တာဖြစ်ပါတယ်။ဒါပေမယ့်လည်းကျွန်တော်ဟာ စံချိန်မှတ်တမ်းတွေကိုအများကြီး ဂရုမစိုက်အားပါဘူး။ကိုယ့်အသင်းကိုပဲ အလေးထားပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ဆဲလ်ဘာ့ချ် အသင်းအတွက် လိဂ်ပွဲ ၁၂ ပွဲကစား ပေးထားအပြီးမှာ သွင်းဂိုး၁၅ဂိုးနဲ့ ဖန်တီးမှု ၈ကြိမ်စွမ်းဆောင်ပေးထားတဲ့ ဟားလန်းကို ဥရောပရဲ့ ထိပ်တန်း အသင်းအများစုက စိတ်ဝင်စားနေပြီး နော်ဝေသားနည်းပြကြီး ယူနိုက်တက် အသင်းနဲ့ ကောလာဟလတွေက အကျယ်ဆုံးဖြစ်နေပါတယ်။

ဟားလန်းရဲ့ ဖခင်ဖြစ်သူကလည်း သူ့ရဲ့သားဟာပရီးမီးယားလိဂ်မှာ ကစားချင်သူဖြစ်တယ်လို့ ထုတ်ပြောထားပါတယ်။TalkSPORT နဲ့ အင်တာဗျူးမှာ ဟားလန်းရဲ့ အဖေ အက်ဖ်အင့်ဂျ်က –
” တချိန်ချိန်မှာ ကျွန်တော့်သားလေး ပရီးမီးယားလိဂ်မှာ ကစားနေပါလိမ့်မယ်။ဘယ်တော့လည်းဆိုတာတော့ ကျွန်တောိလည်းမသိပါဘူး။

သူဟာ ပရီးမီးယားလိဂ်လို ပြိုင်ပွဲမှာ ကစားနိုင်ဖို့ ဖွဲ့စည်းတည်ဆောက်ထားနိုင်နေပြီ လို့လည်း ကျွန်တော်ယုံကြည်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို အခုဖြစ်လာတော့မှာလား၊ နောက်ပိုင်းမှ လားဆိုတာတော့ မသိသေးပါဘူး ” လို့ပြောထားခဲ့တာဖြစ်ပါတယ်။

SPORTS MYANMAR