ပရီးမီးယားလိဂ် အပြောင်းအရွှေ့ ကာလ ပိတ်သိမ်းဖို့ 13 ရက်သာ လိုတော့တဲ့ အခြေအနေ တစ်ခုကို ရောက်ရှိ လာခဲ့ပြီ ဖြစ်ပါတယ် ။ လီဗာပူး နည်းပြ ယာဂန် ကလော့ပ် ကတော့ ကော်တင်ဟို ကို ခေါ်ယူမယ့် သတင်းတွေကိုလဲ ငြင်းဆန်လိုက်ပြီ ဖြစ်သလို ၊ ယခင် အပြောင်းအရွှေ့တုန်းက ပစ်မှတ်တစ်ခု ဖြစ်တဲ့ ဖာကီးယား ကို ဈေးချိုချို နဲ့ ခေါ်ယူနိုင်ခွင့် ရှိနေတဲ့ အနေအထားမျိုးမှာတောင် လုပ်ဆောင်ခြင်း မရှိပဲ လစ်လျူရှုသွားခဲ့ ပါတယ်။

တစ်ချိန်တည်းမှာပဲ လီဗာပူး ပရိသတ်တွေ ရဲ့ အတွေးမှာ အသင်းအတွက် တကယ်လိုအပ်နေတဲ့ ဘယ်နောက်ခံလူ(အရံ) နေရာ အတွက်ရော ခေါ်ယူဦးမှာလား ဆိုတဲ့ မေးခွန်းတွေ ဆက်တိုက် ပေါ်ထွက်လာနေ သလို၊ ကလပ် အသင်းရဲ့ လှုပ်ရှားပုံကို စိတ်ဝင် တစားနဲ့ စောင့်ကြည့်လျှက် ရှိနေကြပါတယ်။

ကလော့ပ် ကတော့ ဘယ်နောက်ခံလူ (အရံ) တစ်နေရာစာ အတွက်လဲ ခေါ်ယူအားဖြည့်မယ့် အရိပ်အယောင် မပြသေးတာကြောင့် တစ်ချိန်က သူ အသုံးပြုခဲ့ဖူးတဲ့ မေလ်နာ ကိုများ လိုအပ်လာတဲ့ အချိန်မျိုး ဆိုရင် ဘယ်တောင်ပံ ခံစစ်မှာ ဆင်းကစားခိုင်းဖို့ စီစဉ်နေသလား ဆိုတာ စဉ်းစားစရာပါ။

ဘာပဲ ဖြစ်ဖြစ် ကလော့ပ်ဟာ လက်ကျန် 13 ရက် အတွင်းမှာ ကစားသမား အင်အားဖြည့်တင်းမှုတွေ ကြီးကြီးမားမား လုပ်ဆောင်ဖို့ အစီအစဉ် မရှိတာတော့ သေချာသလောက် နီးပါး ရှိနေခဲ့ပါပြီ။

လယ်လာနာ ကို နေရာ ပြောင်း ကစားခိုင်းတာ ၊ ချိန်ဘာလိန် နဲ့ ဘရူစတာ တို့ဟာ အသင်းအတွက် ကစားသမားသစ်တွေ လိုပဲလို့ တစ်ဖွဖွ ပြောနေတာ နဲ့ ဟယ်ရီဝီလ်ဆင် ၊ ရွိုင်ယန် ခန့် ၊ ကာတစ်ဂျုံး တို့ရဲ့ စွမ်းဆောင်ရည်တွေ ကို အားရမိတဲ့ အကြောင်း ချီးကျူးခန်း ဖွင့်နေတာကို အကဲခတ်ကြည့်ရရင် ကလော့ပ်ဟာ ရာသီသစ်မှာ မနှစ်က အထိုင်ကျခဲ့တဲ့ ကစားသမားတွေကို အားပြုကာ ၊ အသင်းရဲ့ အကယ်ဒမီထွက် ကစားသမားတွေ နဲ့ ၀န်းရံပြီး ချီတက်ဖို့ ပြင်ဆင်နေတယ် ဆိုတာ ခန့်မှန်းကြည့်လို့ ရလောက်ပါပြီ။

တကယ်တမ်းမှာလဲ လီဗာပူး ရဲ့ လက်ရှိ ကစားသမား စုဖွဲ့မှု အင်အားဟာ ကလော့ပ်ရဲ့ အန်ဖီးမှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ 4 နှစ် ၀န်းကျင် ကာလအတွင်း ၊ အတောင့်တင်းဆုံးလို့ မှတ်ချက်ပေးရမှာ ဖြစ်ပါတယ်။

ဒီအနေအထားကို စမ်းသပ်ပြမယ့် ဖလားတွေ ကတော့ အက်ဖ်အေ နဲ့ ကာရာဘောင် ဖလားတွေ ဆိုတာ မှတ်တမ်းတွေ က ထူးထူးခြားခြား ဖော်ပြလျှက် ရှိပါတယ်။

ယာဂန် ကလော့ပ်ဟာ လီဗာပူး နည်းပြ တစ်လျှောက် ဥရောပ ဖလား ပြိုင်ပွဲ ရှုံးထွက် အဆင့်တွေမှာ တစ်ခါမှ လမ်းခူးလတ် ကနေ လှည့်ပြန်ရတာမျိုး မရှိသေးပေမယ့် ၊ ပြည်တွင်း ဖလား ပြိုင်ပွဲတွေ မှာတော့ သူ့ရဲ့ ကစားသမား အင်အားကို ခြွေတာတဲ့ အနေနဲ့ အားစိုက် ယှဉ်ပြိုင်ခဲ့ခြင်း မရှိတာ နှစ်တိုင်း နီးပါးလိုကို မြင်တွေ့နေရ ပါတယ်။

အထူးသဖြင့် အက်ဖ်အေ ဖလား ၊ ကာရာဘောင် ဖလားပြိုင်ပွဲတွေ မှာ သူ့ရဲ့ အသင်းဟာ အစောကြီး ကတည်းကနေ နှုတ်ဆက် ရလေ့ရှိတဲ့ အစဉ်အလာမျိုး ရှိနေတာမို့ ၊ ဒီရာသီ အကောင်းဆုံး ကစားသမား စုဖွဲ့မှု ပိုင်ဆိုင်လာတဲ့ အချိန်မှာရော အဆိုပါ ဖလား 2 လုံးကို အားစိုက်ပြီး ယှဉ်ပြိုင် သွားမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်သလို ၊ ကလော့ပ်ရဲ့ အပြောင်းအရွှေ့ ဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ဘယ်လောက် အထိ မှန်ကန်မှု ရှိလဲ ဆိုတာ ကလဲ အဲဒီ ဖလား နှစ်လုံး က စောစောစီးစီး တိုင်းတာ ပြသွားဖွယ် ရှိနေပါတယ်။

ကလော့ပ်ဟာ လီဗာပူး ကို စတင် ကိုင်တွယ်ခဲ့တဲ့ ဘောလုံးရာသီက ယူရိုပါလိဂ် ဗိုလ်လုပွဲ ၊ ကာရာဘောင် ဖလား ဗိုလ်လုပွဲတွေ တက်ရောက် ခဲ့ပေမယ့် ၊ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာတော့ စတုတ္တအဆင့်မှာ ၀က်စ်ဟမ်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ နှုတ်ဆက် ခဲ့ရပါတယ်။

2016-2017 ဘောလုံးရာသီမှာလဲ လီဗာပူးဟာ ကာရာဘောင် အကြိုဗိုလ်လုပွဲမှာ ဆောက်သမ်တန် အသင်းကို ရှုံးနိမ့်ခဲ့သလို ၊ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာတော့ ၀ုဖ် အသင်းကို စတုတ္ထအဆင့်မှာပဲ ရှုံးနိမ့်ပြန်ကာ ပြိုင်ပွဲ ကနေ ထွက်လိုက်ရ ပြန်ပါတယ်။

2017-2018 ဘောလုံး ရာသီကတော့ ပြည်တွင်း ဖလား ပြိုင်ပွဲ မှတ်တမ်းတွေ မှာ တော်တော်လေး ဆိုးဝါးခဲ့တယ် လို့ မှတ်ချက် ပေးရမှာပါ။ ကာရာဘောင် ဖလားပွဲမှာ စတင် ၀င်ရောက် ယှဉ်ပြိုင်တဲ့ အဆင့်မှာပဲ လက်စတာကို ရှုံးနိမ့်ခဲ့ရသလို ၊ အက်ဖ်အေ ဖလား စတုတ္ထအဆင့်မှာလဲ ၀က်စ်ဘရွန်းကို ရှုံးနိမ့်ကာ နှုတ်ဆက် ရပြန်ပါတယ်။

အဆိုးဆုံး ကတော့ မနှစ်က ဘောလုံးရာသီမှာပါ ။ အက်ဖ်အေ ဖလား ပြိုင်ပွဲမှာ ရော ၊ ကာရာဘောင် ဖလား ပြိုင်ပွဲမှာပါ စတင် ယှဉ်ပြိုင်တဲ့ အဆင့်ကနေပဲ နှုတ်ဆက်လိုက်ရပါတယ်။ ကာရာဘောင် ဖလား တတိယ အဆင့် ပွဲစဉ်မှာ ချဲဆီး ကို ရှုံးနိမ့်ခဲ့ သလို ၊ အက်ဖ်အေဖလား တတိယ အဆင့်မှာလဲ ၀ုဖ်ကို ရှုံးနိမ့်ကာ အစောကြီး နှုတ်ဆက် ခဲ့ရပြန်ပါတယ်။

ကလော့ပ်ရဲ့ စီမံခန့်ခွဲမှုတွေ ကို သုံးသပ်ကြည့်ရရင် သူဟာ ပရီးမီးယားလိဂ် နဲ့ ဥရောပ ပြိုင်ပွဲတွေကို အားပြုချင်တဲ့ အယူအဆမျိုး ရှိနေတာကြောင့်လဲ ၊ ပွဲပန်းမှာစိုးရိမ်တဲ့ အတွက် သူ့ရဲ့ ကစားသမားတွေကို ပြည်တွင်း ဖလားပြိုင်ပွဲတွေမှာ အားမစိုက် ခိုင်းခဲ့တာ ဖြစ်နိုင်သလို ၊ ကစားသမား အင်အားက ထင်သလောက် တောင့်တင်းခဲ့ခြင်း မရှိတာကြောင့်လဲ ဖြစ်နိုင်ပါတယ်။

သို့သော် လက်ရှိ ကစားသမား အင်အား စုဖွဲ့မှုက ပြီးခဲ့တဲ့ ဘောလုံး ရာသီတွေ ကထက် များစွာကို သာလွန် နေခဲ့ ပါပြီ။ အထူးသဖြင့် အရံ ကစားသမား စာရင်းဟာ တော်တော်လေး တောင့်တင်းသွားတဲ့ ပုံစံမျိုး ဖြစ်တာကြောင့် ၊ လာမယ့် ဘောလုံးရာသီမှာတော့ ကလော့ပ် တစ်ယောက် ပြည်တွင်း ဖလား ပွဲစဉ်တွေကိုရော ဘယ်လောက် အထိ အာစိုက် ယှဉ်ပြိုင် ကစားမလဲ ဆိုတာ စိတ်ဝင် တစားနဲ့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ သူ့ရဲ့ လူငယ် ကစားသမားတွေ ကရော စီနီယာ အသင်းကြီးအတွက် ဘယ်လောက်အထိ အံဝင်ဂွင်ကျ ကစားပေးနိုင်မလဲ ဆိုတာ အဲဒီ ဖလားပြိုင်ပွဲတွေက အဆုံးအဖြတ် ပေးသွားတော့မှာပါ။

ဥရောပ ဖလားပြိုင်ပွဲတွေမှာ ရှုံးထွက် အဆင့်ကနေ ထွက်ခွာခဲ့ရခြင်း မရှိတဲ့တာ 4 နှစ် နီးပါး ရှိနေပြီ ဖြစ်တဲ့ ကလော့ပ် တစ်ယောက် ၊ ပြည်တွင်း ဖလား ပြိုင်ပွဲတွေမှာရော ဘယ်လောက် အထိ စွမ်းဆောင် ပြဦးမလဲ ဆိုတာ ……………..