ယနေ့ နံနက် အစောပိုင်း မှာ ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု E ရဲ့ ပွဲစဉ်တပွဲ မှာ လီဗာပူး အသင်းနဲ့ နာပိုလီ တို့ ၁ ဂိုးစီသရေ ကျခဲ့ပါတယ်။လီဗာပူး အသင်း ဟာဒီရာသီမှာ အကောင်းဆုံးခြေစွမ်းမျိုးပြသနေပေမယ့် အန်ဖီးလ်မှာကစားခဲ့တဲ့ အခုပွဲမှာ ပြိုင်ဘက်ရဲ့ ဦးဆောင်မှုနောက်ကနေ လိုက်ကစားခဲ့ရသေးတာဖြစ်ပါတယ်။

ပွဲချိန် ၂၁ မိနစ်မှာပဲ ဒရိုင်းမာတန်းစ်ကနာပို လီ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့တာဖြစ်ပြီး ပထမပိုင်းကို အနိုင်ရရှိနေခဲ့ပါတယ်။လီဗာပူး အသင်းအတွက် ချေပဂိုးကိုတော့ ပွဲချိန် ၆၅ မိနစ်မှ ရရှိခဲ့တာ ဖြစ်ပြီး လိုဗရန်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း ပွဲအပြီးမှာတော့ ၁ မှတ်စီ ခွဲယူသွားခဲ့ကြပြီး နောက်တဆင့် အတွက် လာမယ့်အုပ်စု နောက်ဆုံး ပွဲစဉ် မှာ လီဗာပူး၊နာပိုလီ  နဲ့ ဆဲလ်ဘာ့ချ် တို့က အပြိုင်ကြိုးပမ်းသွားရတော့မှာလည်းဖြစ်ပါတယ်။ကလော့ပ်ကတော့ အခုပွဲဟာလီဗာပူနဲ့ နာပိုလီတို့ရဲ့ပွဲဲဖြစ်ပြီးသူနဲ့ အန်ဆယ်လော့တီတို့ရဲ့ကြားထိပ်တိုက်တွေ့မှုတွေအကြောင်းကိုနည်းနည်းလေးတောင် ဂရုမစိုက်အားဘူးလို့ဆိုပါတယ်။

လီဗာပူး အသင်းဟာ ပရီးမီးယားလိဂ်မှာရှုံးပွဲမရှိ ဦးဆောင်နေတဲ့ အသင်းဖြစ်ပြီး ဒီရာသီ ပြိုင်ပွဲစုံမှာ ရှံုးပွဲတပွဲသာရှိထားသေးတာဖြစ်ပါတယ်။အဆိုပါ ရှံုးပွဲကတော့စက်တင်ဘာလအတွင်းကစားခဲ့တဲ့ ချန်ပီယံလိဂ်မှာ နာပိုလီအသင်းကို အရေးနိမ့်ထားတဲ့ ပွဲပဲဖြစ်ပါတယ်။

ကလော့ပ်အတွက်တော့ ချန်ပီယံလိဂ်မှာအန်ဆယ်လော့တီရဲ့ အသင်းတွေနဲ့ရင်ဆိုင်ရတဲ့ပွဲတွေမှာ ၃ကြိမ်အထိအရေးနိမ့်ထားခဲ့တာဖြစ်ပြီး သူ့ကို ဒုက္ခအပေးနိုင်ဆုံး ပြိုင်ဘက်နည်းပြတွေ ထဲမှာ အကြိမ်အရေအတွက် အများဆုံးအဖြစ် အာဆင်ဝင်းဂါးနဲ့ အတူ ဒီအီတလီသားကြီးရပ်တည်နေပါတယ်။

သူနဲ့ အန်ဆယ်လော့တီတို့ရဲ့ ကြိုးဝိုင်းအတွင်း ထိုးသတ် သလိုဖြစ်နေမှုမှာ ဘယ်သူက အနိုင်ရမှာလဲ လို့မေးမြန်းရာမှာတော့ ကလော့ပ်က – ” လက်ဝှေ့ပွဲ မှာ ဘယ်သူက အနိုင်ရသွားမှာလဲ ဆိုတာကို ကျွန်တော် နည်းနည်း လေးတောင် ဂရုမစိုက်နိုင်ပါဘူး။

ကျွန်တော့်ရဲ့ အသက်ဟာ ကားလို့စ် ( အန်ဆယ်လော့တီ ) ထက်အများကြီး ငယ်ရွယ်ပါသေးတယ်။ဒါကြောင့်လည်း သူနဲ့ ကျွန်တော်သာ လက်ဝှေ့ကြိုးဝိုင်းထဲမှာ အမြဲရောက်နေရင်ကျွန်တော်ပဲနိုင်နေမယ်လို့တော့ မျှော်လင့်မိတာပါပဲ၊ ဒါပေမယ့် ကျိန်းသေတော့ ပြောလို့ မရပါဘူး။

နာပိုလီနဲ့ ရင်ဆိုင်ရတိုင်း ကျွန်တော့် အသင်း ရုန်းကန် နေခဲ့ရတာတော့ အမှန်ပါပဲ၊ ဒီအတွက် လည်း ကျွန်တော် အရမ်း စိတ်မကောင်းဖြစ်မိပါတယ်။ဒါဟာ သူတို့ အသင်း ဘယ်လောက် အထိ ကောင်းတယ် ဆိုတာနဲ့ပဲ ဆိုင်တာဖြစ်ပါတယ်၊ တအခြားအကြောင်းတွေ မပါပါဘူး။

 

နာပိုလီ အသင်းဟာ အမြဲတမ်း မတူညီတဲ့ ပုံစံမျိုးနဲ့ ဘောလုံး ကစားလေ့ရှိပါတယ်။ ဒီညမှာတော့ သူတို့ဟာ ခံစစ်ကစားပြီး တန်ပြန်တိုက်စစ်ဆင်ခဲ့ကြပါတယ်။နာပိုလီလို အရည်အသွေးရှိတဲ့ အသင်းက ဒီလိုပုံစံနဲ့ ပွဲကို ချဉ်းကပ်ဖို့ ရွေးချယ်လိုက်တာကြောင့် ကျွန်တော်တို့ အကြပ်ရိုက်သွားခဲ့ပါတယ်။

ကျွန်တော်တို့က ဦးဆောင်ဂိုးသွင်းနိုင်ရင်တော့ သူတို့က ဒီပုံစံကို အပြောင်းအလဲ လုပ်ကောင်းလုပ်နိုင်ပါတယ်။ဒါပေမယ့် သူတို့ အသင်းဒီလို ပုံစံနဲ့ ကစား လာနိုင်မယ်လို့ မျှော်လင့်ထားလား လို့ မေးလားရင်တော့ YES လို့ပဲ ဖြေရပါလိမ့်မယ်။

နာပိုလီ အသင်းဟာ လတ်တလောမှာ အကောင်းဆုံး အခိုက်အတန့် အတွင်းကိုရောက် နေတာမဟုတ် လို့ ခံစစ်ကစားပုံနဲ့ပဲ ပြိုင်ဘက်ရဲ့ အင်အားတွေကို တားဆီးတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့ တန်ပြန်တိုက်စစ် ကျွမ်းကျင်မှုတွေကို ပြန်ပြီး အသုံးချပါတယ်။ဒီနေ့ပွဲက သွင်းဂိုးမှာလည်း ဒီလိုပဲလုပ်သွားခဲ့ကြတာဖြစ်ပါတယ်။

ပွဲမစခင် ကွင်းအတွင်း နည်းပြ ခုံတန်းကို ဝင်လာချိန်မှာ ကျွန်တော်နဲ့ သူနဲ့ စကားပြောဆိုဖြစ်ခဲ့ကြပါသေးတယ်။ပွဲအပြီးမှာလည်း သူက လက်ကျန်တရာသီလုံးကံကောင်းစေဖို့ ဆုတောင်းပေးသွားခဲ့ပါသေးတယ်။ကျွန်တော်ကလည်းသူ့ကိုပြန်ပြီးဆုတောင်းပေးခဲ့ပါတယ် ” လို့ပြောခဲ့ပါတယ်။

လီဗာပူး အသင်း ဟာအုပ်စုနောက်ဆုံး ပွဲမှာ ဆဲလ်ဘာ့ချ်ကို အနိမ့်ဆုံးသရေ ကျခဲ့ပါက နောက်တဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ဒါပေမယ့် အရေးနိမ့်ခဲ့ပြီး နာပိုလီကပါ GENK ကိုအနိုင်ရခဲ့ရင်တော့ ယူရိုပါလိဂ်ကို ဆင်းကစားရတော့မှာဖြစ်ပါတယ်။

SM