လီဗာပူး တိုက်စစ်မှုးဟောင်း မိုက်ကယ်အို၀င် က ယာဂန်ကလော့ အနေနဲ့ နာပိုလီ နဲ့ ပွဲစဉ်မှာ ညာနောက်ခံလူ ထရန် အလက်ဇန်းဒါးအာနိုး ကို ပွဲထွက် ကစား စေခြင်း မပြုလုပ် ခဲ့တာဟာ အမှားအယွင်း ကျူးလွန် လိုက်တာ ဖြစ်တယ်လို့ ယုံကြည် နေပါတယ်။ လီဗာပူးဟာ မနေ့ညက အန်ဖီးမှာ နာပိုလီ နဲ့ တစ်ဂိုးစီ သရေ ကျခဲ့တာကြောင့် ချန်ပီယံလိဂ် ရဲ့ ၁၆ သင်း ရှုံးထွက် အဆင့်ကို တက်ရောက် နိုင်ရန် ၁ မှတ်တော့ လိုအပ် နေပါသေးတယ်။

ဒါပေမယ့် ကလော့ ရဲ့ အသင်းဟာ အုပ်စု E နောက်ဆုံး ပွဲစဉ်မှာ ဒီရာသီ ခြေစွမ်းကောင်းတွေ ပြသနေတဲ့ ရက်ဘူးဆဲလ်ဘတ် အသင်းကို အဝေးကွင်းမှာ သွားကစား ရမှာ ဖြစ်နေတာကြောင့် နောက်တဆင့် တက်ဖို့ အတွက် ရုန်းကန် ရအုံးမှာ ဖြစ်ပါတယ်။ ဒရီးမာတန်စ်ဟာ ပွဲချိန် ၂၁ မိနစ်မှာ လီဗာပူး ခံစစ်ပိုင်း အားနည်းမှု ကနေ တဆင့် ဂိုးသမား တစ်ဦးချင်း အတွေ့မှာ လွတ်လွတ်ကျွတ်ကျွတ် သွင်းယူ သွားခဲ့တာပါ။

ဒါပေမယ့် ဒီဂျန်လော့ဗရန်ဟာ ပွဲချိန် ၆၅ မိနစ်မှာ လီဗာပူးကို ချေပဂိုး ပြန်လည် သွင်းယူ ပေးခဲ့ပေမယ့် လီဗာပူး ရဲ့ တိုက်စစ် ကစားဟန် တစ်ပွဲလုံး လိုအပ်ချက်တွေ များနေတာကြောင့် အပို်င် အခွင့်အရေး များများ စားစား မရရှိ ခဲ့ဘဲ သရေ ရလဒ်နဲ့သာ ပြီးဆုံး သွားခဲ့ပါတယ်။ ကလော့ဟာ ဒီလို အရေးကြီး ပွဲမှာ ဂျိုးဂိုးမက်ဇ် ကို ညာနောက်ခံလူ အဖြစ် အသုံးပြု ခဲ့ပြီး အလက်ဇန်းဒါးအာနိုး ကို အရန်ခုံ ပို့ခဲ့တာ ကတော့ လူတော်တော်များများ ကို အံ့သြ စေခဲ့ပါတယ်။

ဂိုးမက်ဇ် ဟာ တစ်ပွဲလုံး တိုက်စစ်ကို ထိရောက်စွာ ပ့ံပိုးပေး နိုင်ခြင်း မရှိခဲ့ဘဲ ဖြတ်တင်ဘော တွေကလည်း ဆိုးဆိုးရွားရွား ဖြစ်နေ ခဲ့ကာ နာပိုလီ ခံစစ် အတွက် လွယ်ကူ စေခဲ့ပါတယ်။ အို၀င်ကတော့ ဒီပွဲမှာ အလက်ဇန်းဒါးအာနိုး မဖြစ််မနေ ပွဲထွက် ကစားသင့်တယ်လို့ ခံစား မိနေပြီး အန်ဖီးကလပ်ဟာ အင်္ဂလန် လူငယ် ကြယ်ပွင့်ရဲ့ စွမ်းအင်တွေနဲ့ တောင်ပံက တိကျတဲ့ ဖြတ်တင်ဘောတွေ လိုအပ် ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။

အို၀င်က “ ထရန် အလက်ဇန်းဒါးအာနိုး ကို ပွဲထွက် ကစားသမား စာရင်းမှာ အသုံး မပြု ခဲ့တဲ့ အတွက် ကျွန်တော် အံ့သြ ခဲ့ရတယ်လို့ ပြောရမှာပါ။ သူဟာ တောင်ပံ ကနေ များစွာ ထောက်ပံ့ ပေးနိုင်ပြီး တိကျတဲ့ ဖြတ်တင်ဘောတွေ အမျာကြီး ပေးနိုင် ပါတယ်။ တစ်ချို့ ဖြတ်တင်ဘော တွေဟာ အလုပ် ဖြစ်နိုင် ပါတယ်။ သူမပါတဲ့ အချိန်မှာ သူတို့ဟာ ဘောလုံးကို ဂိုးစည်းထဲ ရောက်ရင် ပြီးရော ပုံစံမျိုး လုပ်ခဲ့ပါတယ်။ နာပိုလီဟာ နောက်တန်းမှာ ၅ ယောက်တန်း ခံစစ် နဲ့ ပိတ်ဆို့ ကစား သွားခဲ့ ပါတယ်။ ဒါဟာ ပြီးပြည့်စုံု ခဲ့ပါတယ်။ ကူလီဘာလီဟာ အရာအားလုံးကို ခေါင်းတိုက် ရှင်းထုတ် ခဲ့ပါတယ်။

ဒ့ါကြောင့် လီဗာပူး ဟာ နာပိုလီ တို့ လိုချင်တဲ့ ပုံစံ အတိုင်း ကစား သွားခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ အခွင့်အရေးတွေ အများကြီး မဖန်တီး နိုင်ခဲ့ပါဘူး။ လီဗာပူးဟာ ပထမပိုင်း မပြီးခင် ငါးမိနစ် အလိုလောက်မှာ ကစားပုံ အရမ်း ကောင်းခဲ့ ပါတယ်။ ဒါပေမယ့် ဒါကလွဲပြီး သူတို့ဟာ ပုံမှန် တိုက်စစ် ကစားဟန် နဲ့ မကစား နိုင်ခဲ့ ကြပါဘူး။” လို့ ဆိုသွား ခဲ့ပါတယ်။

ဂျော်ဒန်ဟန်ဒါဆန် ကတော့ လီဗာပူးဟာ နာပိုလီ ကို အိမ်ကွင်းမှာ သရေပဲ ကစား နိုင်ခဲ့ပေမယ့် အုပ်စု နောက်တဆင့် အတွက် ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေဆဲလို့ ဆိုလိုက် ပါတယ်။

ဟန်ဒါဆန် က “ကျွန်တော်တို့ နောက်တဆင့် တက်ဖို့ အတွက် ဒီညမှာ အနိုင်ရအောင် ကြိုးစား ခဲ့ပါတယ်။ နာပိုလီ ဟာ ကျွန်တော်တို့ကို ခက်ခဲအောင် လုပ်သွား ခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေဆဲပါ။ သူတို့ဟာ ကစားသမား ကောင်းတွေနဲ့ ဖွဲ့စည်း ထားတဲ့ အသင်းကောင်းပါ။ ကျွန်တော်တို့ အကောင်းဆုံး ကစား နိုင်တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဒုတိယဂိုး ရဖို့ ကြိုးစား ခဲ့ပေမယ့် မရခဲ့ပါဘူး။ ဒုတိယပိုင်းမှာ အနိုင်ရနိုင်တဲ့ အသင်း တစ်သင်းသာ ရှိခဲ့ပါတယ်။ ပြစ်ဒဏ်ဘော နဲ့ ပက်သက်ပြီး မေးခွန်း ထုတ်စရာ ရှိခဲ့ပါတယ်။ ခင်ဗျားတို့ ကတော့ ကျွန်တော်တို့ထက် ပိုသိ နိုင်ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SM