ဝုလ်ဗာဟမ်တန် အသင်း နည်းပြ နူနို ဆန်းတိုစ့် က အူနိုင်း အမ်မရီ ထုတ်ပယ် ခံရပါက အာဆင်နယ် အသင်း နည်းပြသစ် ​အဖြစ် ရေပန်းစားနေတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း ဘရာဂါ အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဖြေကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဘုတ်အဖွဲ့ဟာ နည်းပြ အူနိုင်း အမ်မရီကို သုံးပွဲ အချိန်ပေး စောင့်ကြည့်သွားမယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပြီး အကယ်၍ အူနိုင်း အမ်မရီ ထုတ်ပယ် ခံရပါက အာဆင်နယ် အသင်း နည်းပြ နေရာအတွက် ဝုလ်ဗာဟမ်တန် နည်းပြ နူနို ဆန်းတိုစ့် က ထိပ်ဆုံးက ရေပန်းစားနေပါတယ် ။

နူနို ဆန်းတိုစ့် ကတော့ အဆိုပါ သတင်းတွေဟာ မဟုတ်မှန်တာကြောင့် မဖြေကြားချင်ကြောင်း ပြန်လည် တုန့်ပြန် ပြောကြား လိုက်ပြီး လက်ရှိ နည်းပြ အဖြစ် ရှိနေသေးတဲ့ အူနိုင်း အမ်မရီ အပေါ် မလေးစားရာ ကျကြောင်း ဖြေကြား သွားခဲ့ပါတယ် ။

နူနို ဆန်းတိုစ့် က ဘရာဂါ နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အာဆင်နယ် နည်းပြ အဖြစ် ရေပန်းစားနေတဲ့ အပေါ် ” ခင်ဗျားတို့လည်း ကျနော့် အကြောင်း ကောင်းကောင်း သိပါတယ် ၊ ကျနော် ဒီအကြောင်းအရာတွေကို လုံးဝ မဖြေချင်ပါဘူး ၊ မမှန်ကန်တဲ့ သတင်းတွေကို အရေးတယူ လုပ်ပြီး မပြောချင်ပါဘူးဗျာ ။ ”

” ဒါကြောင့် ကျနော် လုံးဝ ဖြေမှာ မဟုတ်ပါဘူး ၊ အဓိက အကြောင်းရင်းကတော့ လက်ရှိ နည်းပြ အဖြစ် ရှိနေသေးတဲ့သူရဲ့နေရာ အကြောင်း ပြောနေတာက သူ့အပေါ် မလေးစားရာ ကျပါတယ် ၊ အဲ့တာကြောင့် ကျနော် မဖြေချင်ပါဘူး ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အာဆင်နယ် အသင်း နည်းပြ အူနိုင်း အမ်မရီ က သူ့ရဲ့ နည်းပြ ရာထူးထက် လာမယ့် သောကြာနေ့မှာ ကစားမယ့် ဖရန့်ဖတ် အသင်းနဲ့ ယူရိုပါလိဂ် အုပ်စု ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသပြီး ရလဒ်ကောင်းဖို့ကိုပဲ အာရုံစိုက်ထားကြောင်း ပြောကြား သွားခဲ့ပါတယ် ။

အမ်မရီ က ဖရန့်ဖတ် အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အသင်းသားတွေဟာ သူ့အပေါ် ယုံကြည်မှု ရှိတယ်လို့ ခံစားရလားဆိုတဲ့ မေးခွန်းကို “ဒါပေါ့ဗျာ ၊ သူတို့ ကိုယ်တိုင် ထုတ်ဖော် ပြသထားပါပဲ ။ နည်းပြ လုပ်ရတာ အရမ်းကို ခက်ခဲပါတယ် ၊ ကောင်းတာတွေလည်း ရှိသလို ခက်ခဲတာတွေလည်း အများကြီးပါ ။ ”

” ကျနော့်ရဲ့ အနာဂတ်က ဒီနေ့ နဲ့ မနက်ဖြန် ပါပဲ ၊ ကျနော့် အလုပ်က ဖရန့်ဖတ် နဲ့ ကစားရမယ့် ပွဲအတွက် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ပါ ။ ဆောက်သမ်တန် နဲ့ နှစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီးမှာ ကျနော်တို့ အားလုံး စိတ်ပျက်ခဲ့ရပါတယ် ၊ ပရိသတ်တွေလည်း တူတူပါပဲ ။ ”

” ကျနော် အခု အာရုံစိုက်ထားက မနက်ဖြန် ကစားမယ့် ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသပြီး ပရိသတ်တွေနဲ့ ပြန်နီးစပ်ဖို့ပါ ၊ ပရိသတ်တွေ စိတ်ပျက်နေကြတာကို ကျနော်တို့ သိပါတယ် ၊ ဒါကြောင့် လာမယ့် ပွဲကို လုံးဝ အာရုံစိုက်ထားပါတယ်၊ကျနော့်ရဲ့ ဆန္ဒကတော့ ပရိသတ်တွေအနေနဲ့ အသင်းနဲ့ ကစားသမားတွေကို အားပေးစေချင်တာပါ ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR