ဂျာမနီ နောက်ခံလူ မူစတာဖီ က လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာသာ မှန်ကန် သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိပါက အာဆင်နယ် အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ကြောင်း အရိပ်အမြွက် ပြောကြား လိုက်ပါတယ် ။

၂၀၁၆ ခုနှစ်တုန်းက ဗလန်စီယာ အသင်းကနေ အာဆင်နယ် အသင်းကို ရောက်ရှိလာတဲ့ မူစတာဖီ ဟာ ရောက်ခါစက ခြေစွမ်းကောင်းပေမယ့် နောက်ပိုင်းမှာတော့ ခြေစွမ်းပိုင်း သိသိသာသာ ကျဆင်းလာကာ မကြာခဏ အမှားအယွင်း ကျူးလွန်လေ့ ရှိတဲ့ နောက်ခံလူ တစ်ဦးပါ ။ ဒါကြောင့် ဂွန်းနားတို့ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက မူစတာဖီ ကို ရောင်းထုတ် စေချင်ခဲ့ကြပါတယ် ။

အာဆင်နယ် အသင်းဟာ ပရိသတ်တွေ စိတ်ကြိုက် ခြေစွမ်းပြနိုင်ခြင်း ကစားနိုင်ခြင်း မရှိတဲ့ နောက်ခံလူ မူစတာဖီ ကို အသင်းကနေ ထွက်ခွာခွင့် ပြု ခဲ့ ပေမယ့် ကစားသမား ကိုယ်တိုင်က အသင်းမှာပဲ ဆက်နေပြီး ပွဲထွက်ခွင့် တိုက်ပွဲဝင်ဖို့ ဆုံးဖြတ် ခဲ့တာလည်း ဖြစ်ပါတယ်။

မူစတာဖီ က ဖရန့်ဖတ် အသင်းနဲ့ ပွဲမတိုင်မှီ အင်တာဗျူး တစ်ခုမှာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ” ကျနော် အာဆင်နယ် ကစားသမား အဖြစ် ရှိနေပါသေးတယ် ၊ နောက်ပြီး အသင်း နဲ့လည်း စာချုပ် သက်တမ်း တစ်နှစ်ခွဲလောက် ကျန်နေသေးတာပါ ။ ”

” ကျနော် အမြဲ ပြောနေကြ စကား ရှိပါတယ် ၊ ကျနော်နဲ့ ကိုက်ညီမယ့် အသင်း ၊ အဆင်ပြေမယ့် အသင်း ၊ ကျနော့် ကစားသမားဘဝကို ပိုမို ကောင်းမွန်စေမယ့် အသင်း ဆိုရင် ပြောဆို ဆွေးနွေးဖို့ တံခါးဖွင့်ထားပါတယ် ။ ”

“ဒါပေမယ့် အခုအချိန်မှာတော့ အသင်း နိုင်ပွဲတွေ ရဖို့ကိုပဲ အာရုံစိုက်ထားပါတယ် ၊ ကျနော့် ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို မစဉ်းစားသေးပါဘူး ၊ ကျနော့် စိတ်ထဲမှာ အသင်းကို ဘယ်လို ကူညီ ရမလဲဆိုတာကိုပဲ တွေးနေပါတယ် ။ ”

” အသင်းရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်ပြီး လူတွေ အမြောက်အများ ပြောဆို ဝေဖန်နေကြတာကို သိပါတယ် ၊ ကျနော် ပြောနိုင်တာကတော့ တစ်သင်းလုံး ဒီအခြေအနေဆိုးတွေကနေ ရုန်းထွက်နိုင်ဖို့ အာရုံစိုက်နေကြတယ် ဆိုတာပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

အသက် ၂၇ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ မူစတာဖီ ဟာ ဒီရာသီမှာ အာဆင်နယ် အသင်းအတွက် လေးပွဲ ပါဝင် ကစားပေးထားပြီး တစ်ဂိုး သွင်းယူ ပေးထားသလို Clean-Sheet သုံးပွဲ ရရှိအောင် စွမ်းဆောင် ပေးထားပါတယ် ။

SPORTS MYANMAR