အာဆင်နယ် အသင်း ကစားသမား နှစ်ဦး ဖြစ်တဲ့ အိုဇေးလ် နဲ့ ကိုလာစီနက် တို့ နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ နှောင်းပိုင်းတုန်းက ဓားကိုင် လုယက်သူများ နဲ့ ကြုံတွေ့ခဲ့ရပြီး ကိုလာစီနက် က ရဲရဲဝင့်ဝင့် ခုခံ ကာကွယ်ခဲ့တာကြောင့် နှစ်ဦးစလုံး အသက်ဘေး အန္တရယ်မှ လွတ်မြောက် သွားခဲ့ပါတယ် ။

ဆိုင်ကယ် ဦးထုပ် ဆောင်းထားတဲ့ ဓားပြ နှစ်ဦးဟာ အိုဇေးလ် ရဲ့ တန်ဖိုးကြီး မာစီးဒီးကား နဲ့ နာရီကို ပစ်မှတ်ထား လုယက်ဖို့ ကြိုးစား ခဲ့ကြတာ ဖြစ်ပြီး ကိုလာစီနက် ရဲ့သတ္တိရှိရှိ တုန့်ပြန်မှုကြောင့် ဓါးပြ နှစ်ဦးစလုံး ပြန်လည် ထွက်ပြေးသွားခဲ့ကြပါတယ် ။

ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းတုန်းက အဆိုပါ ဓားပြနှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ် ချမှတ် ခဲ့တယ်လို့လည်း သိရပါတယ် ။ ယခုအခါမှာတော့ အာဆင်နယ် ဘယ်နောက်ခံလူ ကိုလာစီနက် က ဓါးပြ တိုက်ခံရတုန်းက အဖြစ်အပျက်တွေကို ပထမဆုံး အကြိမ် ထုတ်ဖော် ပြောကြား လာခဲ့ပါတယ် ။

ကိုလာစီနက် က Goal နဲ့ အင်တာဗျူးမှာ ” မီဆွတ်(အိုဇေးလ်) က ကျနော့် ဆီ အလည်လာတာပါ ၊ ကျနော် ထွက်တွေ့ပြီး သူ့ကားဘေးနားမှာ မတ်တပ် ရပ်နေတဲ့ အချိန်မှာ ရုတ်တရက် လူနှစ်ယောက်က သူ့ရဲ့ စကူတာ ကို ကျနော်တို့နားမှာ ရပ်လိုက်ပါတယ် ။ ”

” ဒီလိုမျိုး အဖြစ်အပျက်တွေကို ကြားဖူးတာတွေပဲ ရှိပေမယ့် ကျနော်တို့ကို ဓားပြတိုက်မယ်မှန်း လုံးဝ မထင်ထားခဲ့တာပါ ။ ဓားပြက ကျနော်တို့နားမှာ ရပ်ပြီး သူ့ရဲ့ အိပ်ကပ်ထဲက အရာဝတ္တု တစ်ခုကို ထုတ်လိုက်ပါတယ် ၊ အဲ့အချိန်မှာ ကျနော့်စိတ်ထဲမှာ ‘ မင်းတို့ပြီးရင် ငါ့အလှည့်ပေါ့ကွာ ‘ လို့ တွေးပြီး တည်တည်ငြိမ်ငြိမ် နဲ့ ပြန်လည် ခုခံ တိုက်ခိုက် ခဲ့တာပါ ။ ”

” တကယ့်ကို အန္တရယ် ရှိတဲ့ အခြေအနေပါ ၊ ကျနော်တို့ တစ်တွေ ဘာထိခိုက်မှုမှ မရှိခဲ့တဲ့ အတွက် ဝမ်းသာမိပါတယ် ၊ ဒါက အရေးအကြီးဆုံးပါပဲ ၊ အခု အချိန်မှာ ဒီအကြောင်းအရာတွေကို မေ့ပစ်လိုက်တာက အကောင်းဆုံးပါပဲ ၊ အားလုံး ပြီးသွားခဲ့ပြီဆိုတော့ဗျာ ။ ”

ဆက်လက်ပြီး ကိုလာစီနက် က ဓါးပြတွေရဲ့ အန္တရယ်ကြောင့် သူတို့ အိမ်နားမှာ လုံခြုံရေး တင်းကျပ် ထားခဲ့ပုံကိုလည်း ဟာသနှောကာ ပြောကြား သွားခဲ့ပါတယ် ။ ” တကယ့်ကို ရယ်စရာပါ ၊ ကျနော်တို့ စျေးဝယ်ထွက်တဲ့ အချိန်မှာတောင် လိုက်စောင့်ကြည့်ပေးကြတာပါ ၊ ဒါတွေက ကလပ်အသင်းက အန္တရယ်ကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ လုပ်ပေးခဲ့တာပါ ။ ”

” ကျနော့် ဘေးနားမှာ ဇနီးသည် ရှိပါတယ် ၊ ကျနော်တို့ တစ်မိသားစုလုံး ကြောက်လန့်တာမျိုး လုံးဝ မရှိပါဘူး ၊ ပုန်းကွယ်ပြီးလည်း မနေပါဘူး ၊ ပုံမှန် နေထိုင်ကြအတိုင်းပဲ နေတာပါ ။ ကျနော့်အတွက် မိန်းမ ၊ အဖေ ၊ ခွေးတွေက အရေးကြီးဆုံးပါပဲ ၊ သူတို့ နေထိုင်ရ အဆင်ပြေအောင် ဒီအကြောင်းတွေတောင် မပြောပါဘူး ။ ”

” ကျနော် ဘာကိုမှ စိုးရိမ်မှု မရှိသလို လန်ဒန်ကနေ ထွက်ခွာဖို့လည်း အစီအစဉ် မရှိပါဘူး ၊ ကျနော်ကော မိသားစုဝင်တွေ အားလုံးကော ဒီမှာ ပျော်နေကြပါတယ် ။ အရာအားလုံး ပုံမှန် ပြန်ဖြစ် သွားတဲ့ အတွက် ကျနော်တို့ အားလုံး ဝမ်းသာ ပျော်ရွှင် မိပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR