နာပိုလီ နည်းပြ ကာလို အန်ဆယ်လော့တီ ဟာ ဗုဒ္ဓဟူးနေ့က အန်ဖီးမှာ လက်ရှိ ဥရောပ ချန်ပီယံ လီဗာပူး အသင်းကို ၁-၁ ကစား နိုင်ခဲ့တဲ့ သူ့ရဲ့ အသင်းကို ချီးကျူး သွားခဲ့ပြီး အီတလီ ကလပ် အနေနဲ့ သူ့ရဲ့ အစီအစဉ် အတိုင်း လိုက်လုပ် နိုင်သ၍ ယာဂန်ကလော့ ရဲ့ အသင်းကို ကောင်းကောင်း ရင်ဆိုင် နိုင်မယ် ဆိုတာ သိနေ ခဲ့တယ်လို့ ပြောဆို လိုက်ပါတယ်။

နာပိုလီဟာ လက်ရှိ အချိန်မှာ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲ ပျောက်နေ ခဲ့တဲ့ အပြင် ရလဒ်ဆိုး တွေကြောင့် ဥက္ကဋ္ဌ ဖြစ်သူ ဒီလော်ရန်တစ် ပြုလုပ် ခဲ့တဲ့ training camp ကို ကစားသမားတွေ ရဲ့ ဆန့်ကျင့် ဆန္ဒပြ မှုတွေနဲ့ အတူ အသင်းတွင်း ပြသနာတွေ ကလည်း ရှုပ်ထွေး နေပါတယ်။

ဒါပေမယ့်လည်း ဗုဒ္ဓဟူးနေ့ လီဗာပူးကို အန်ဖီးမှာ သရေ ကစား နိုင်ခဲ့မှု ကတော့ နာပိုလီ ကို တစ်နည်းနည်းနဲ့ စိတ်ဓာတ် တက်ကြွ စေမှာ ဖြစ်ပါတယ်။ နာပိုလီဟာ အမြဲတမ်း လိုလို တိုက်စစ်ဖွင့် ကစားကာ ဖျော်ဖြေမှု အပြည့်ပေးစွမ်း နိုင်တဲ့ အသင်း ဖြစ်ပေမယ့်လည်း အန်ဖီးမှာ လီဗာပူး နဲ့ ရင်ဆိုင်ခဲ့ ရာမှာတော့ ပုံမှန် ကစားနေကြ မဟုတ်တဲ့ ခံစစ် အသားပေး ကစားဟန်နဲ့ တန်ပြန် တိုက်စစ်ကို ချောင်းကစား သွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အန်ဆယ်လော့တီ ရဲ့ နည်းဗျူဟာ အလုပ် ဖြစ်ခဲ့ပြီး လီဗာပူး ရဲ့ တိုက်စစ် ဆင်မှု တွေကို ကောင်းကောင်း ထိန်းချုပ် နိုင်ခဲ့ကာ လော့ဗရန် သာ ထောင့်ကန်ဘော ကနေ ဂိုးမသွင်း နိုင်ခဲ့ဘူး ဆိုရင် အီတလီကလပ်ဟာ အဝေးကွင်းမှာ အောင်ပွဲ ခံနိုင်ဖို့ များခဲ့ ပါတယ်။

အန်ဖီးမှာ သူ့ရဲ့ ပွဲအစီအစဉ် နဲ့ ပက်သက်ပြီး အန်ဆယ်လော့တီက “ကျွန်တော်တို့ ကစားသမား တွေကို နေရာ အပြောင်းအလဲတွေ လုပ်ခဲ့ ပါတယ်။ ဒါပေမယ့် အသင်းရဲ့ အခြေခံ ဖွဲ့စည်းပုံ ကိုတော့ မပြောင်း ခဲ့ပါဘူး။ ဒီလော်ရန်ဇို ဟာ ညာနောက်ခံလူ ဖြစ်ပေမယ့် ဒီပွဲမှာတော့ ကျွန်တော်တို့ ဘောလုံး ရတဲ့ အခါ တောင်ပံကို လိုက်ပါ ပံ့ပိုး ခဲ့ပြီး ခံစစ် ကစားတဲ့ အခါ မှာတော့ ၄-၄-၂ ကစားကွက် ရဲ့ ကွင်းလယ် ညာဘက်ခြမ်း ကို ကစား သွားခဲ့ ပါတယ်။ လီဗာပူးဟာ အရမ်းကို မြင့်မားတဲ့ အရည်အသွေး ရှိတဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ကို နေရာကျဉ်း တွေမှာ ကစားရအောင် တွန်းအား ပေးနိုင် ခဲ့မယ် ဆိုရင် ပိုမို ထိန်းချုပ်လို့ ရနိုင်ပါတယ်။” လို့ ဆိုခဲ့ ပါတယ်။

အန်ဆယ်လော့တီက ဒီလော်ရန်တစ်ဟာ အန်ဖီး ရဲ့ ၁-၁ ပွဲစဉ် အပြီးမှာ သူတို့ကို ဂုဏ်ပြု မက်ဆေ့ချ် ပေးပို့ ခဲ့တယ်လို့ ထုတ်ဖော် လိုက်ပါတယ်။ ဒါပေမယ့် နာပိုလီ နည်းပြက သူတို့ အသင်း အကောင်းဆုံး ပုံစံကို ပြန်ရ နေပြီ ဆိုတဲ့ ခံစားချက်ကို မရမီ စီးရီးအေ မှာ ရလဒ်တွေ တိုးတက်ဖို့ လိုအပ် နေတယ်လို့ ထောက်ပြ ခဲ့ပါတယ်။

အန်ဆယ်လော့တီ က “ကောင်းမွန်တဲ့ ညတစ်ည ဖြစ်ခဲ့ပြီး ကျွန်တော်တို့ သရေ တစ်မှတ် ရခဲ့သလို နောက်တဆင့် တက်ဖို့ နဲ့ အုပ်စု ထိပ်ဆုံး နေရာ အတွက် မျှော်လင့်ချက် ရှိနေဆဲပါ။ အန်ဖီးမှာ သရေ တစ်မှတ် ရဖို့ဟာ မလွယ်ကူပါဘူး။ ကျွန်တော်တို့ ဖိအားဒဏ်ကို ခံစား ခဲ့ရပြီး ခံစစ်ကို ထိုက်ကစား ခဲ့ရ ပါတယ။် ဒါပေမယ့် အန်ဖီးမှာ ရှင်သန် နိုင်ဖို့ အတွက် ဒါကလွဲပြီး အခြား နည်းလမ်း မရှိပါဘူး။

ကျွန်တော်တို့ ၇လဒ်ကောင်းနဲ့ ထွက်လာ နိုင်ခဲ့ပြီး ဒါဟာ အရေးကြီးဆုံး အရာပါ။ ကျွန်တော် ဥက္ကဋ္ဌ နဲ့ စကား ပြောခဲ့ပါတယ်။ သူဟာ အားလုံးနဲ့ အတူ အရမ်း ပျော်ရွှင် နေပြီး ဒီစွမ်းဆောင်ရည် အတွက် အားလုံးကို ဂုဏ်ပြု ခဲ့ပါတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ် မှာပဲ ခြေစွမ်းပြ နေတာကို အံ့သြ မိပါတယ်။ ဒါပေမယ့် စီးရီးအေ ပွဲစဉ် တွေမှာ ကျွန်တော်တို့ အားထုတ်မှု အာရုံစိုက်မှု သိပ်မကောင်း ခဲ့ပါဘူး။

ကျွန်တော်တို့မှာ အကန့်အသတ်တွေ ရှိနေ ခဲ့ပါတယ်။ ဒီအပေါ် အလုပ်လုပ် သွားဖို့ လိုအပ် ပါတယ်။ ဒါပေမယ့် အရမ်းကို ခက်ခဲတဲ့ ကွင်းကနေ ပြန်လာ နိုင်ခဲ့တဲ့ ဒီရလဒ်နဲ့ ခြေစွမ်းဟာ ကျွန်တော်တို့ကို အကူအညီ ဖြစ်စေ မှာပါ။ ကျွန်တော်တို့ဟာ အသင်းကောင်း ဖြစ်ပြီး အဝတ်လဲခန်း အတွင်းမှာလည်း အားလုံးဟာ ဒီအခြေအနေ ဆိုးတွေ ကနေ ရုန်းထွက် လိုနေ ကြပါတယ်။ ဘောလုံးမှာ ခက်ခဲတဲ့ အခိုက်အတန့် ဆိုတာ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လမ်းကြောင်းမှန်ပေါ် ပြန်ရောက် နေပါတယ်။ ကျွန်တော်တို့ စိတ်တွေ လွတ်မသွားဖို့ ကသာ အရေးကြီးပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SM