ချယ်လ်ဆီး အသင်း ရဲ့ အကယ်ဒမီ ထွက် တိုက်စစ်မှူး တမ်မီ အေဘရာဟမ် ဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီ ၃ခု ဆက်တိုက် အခြား ကလပ် တွေဆီကို အငှား ထွက်ကစား ခဲ့ရပေမယ့် လာမယ့် ဘောလုံး ရာသီ ဖရန့် လမ်းပတ် လက်အောက် မှာတော့ ပရီးမီးယားလိဂ် မှာ ကစားခွင့် တွေ စတင် ရရှိတော့မှာ ဖြစ်ပါတယ် ။

အထူးသဖြင့် အထောင် တိုက်စစ်ပိုင်း မှာ အခက်အခဲ တချို့ ရှိနေတဲ့ ချယ်လ်ဆီး အသင်း အတွက် အေဘရာဟမ် ဟာ အဆိုးထဲက အကောင်း တခု လို့ ဆိုရမှာ ဖြစ်ပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ဒီနှစ် ဘောလုံး ရာသီ မှာ ကစားသမားသစ် ခေါ်ယူခွင့် အပိတ်ခံ ထားရတဲ့ အတွက် အေဘရာဟမ် အဖို့ ချယ်လ်ဆီး အသင်း ရဲ့ အမာခံ တိုက်စစ်မှူး တဦး ဖြစ်လာဖို့ အခွင့်အရေး ကောင်းတွေ ရှိလို့ နေပါပြီ ။

ပြီးခဲ့တဲ့ ဘာစီလိုနာ အသင်း နဲ့ ခြေစမ်း ပွဲမှာ ပွဲထွက်ခွင့် ရခဲ့ပြီး သွင်းဂိုး တဂိုး စသွင်း ပေးနိုင်ခဲ့တဲ့ အေဘရာဟမ် ဟာ လာမယ့် ရာသီ ချယ်လ်ဆီး အသင်း မှာ ကျိန်စာသင့် ကျောနံပါတ် ၉ ကို ဝတ်ဆင် ကစားဖို့ ရှိနေပါတယ် ။ သို့ပေမယ့် လည်း နည်းပြ ဖြစ်သူ လမ်းပတ် ကတော့ အေဘရာဟမ် ဟာ ချယ်လ်ဆီး အသင်း အတွက် ခြေစွမ်း ပြနိုင်မယ့် တိုက်စစ်မှူး တဦး ဖြစ်လာမယ် လို့ ယုံကြည် နေပါတယ် ။

ချယ်လ်ဆီး အသင်း ရဲ့ တိုက်စစ်မှူး ဟောင်း ခရစ် ဆပ်တွန် ကတော့ ကျောနံပါတ် ၉ ဟာ ချယ်လ်ဆီး အသင်း ကို ရောက်ရှိ လာတဲ့ အထောင် တိုက်စစ်မှူး တွေ အတွက် ခြေစွမ်းကောင်း တွေ ပျောက်ဆုံးဖို့ ခြိမ်းခြောက်မှု တွေ ဖြစ်ခဲ့တယ် ဆိုတာ မှန်ပေမယ့် နောက်ပိုင်း နှစ်တွေက ကျောနံပါတ် ၉ ဝတ်ဆင်တဲ့သူတွေဟာ ကြေးကြီးပေး ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး တွေ ဖြစ်တာကြောင့် အကယ်ဒမီထွက် ဖြစ်တဲ့ အေဘရာဟမ် အတွက် ဒီ ဖိအား တွေ ခံစား ရမှာ မဟုတ်ဘူး လို့ ယုံကြည် နေပါတယ် ။

Daily Mail ရဲ့ ဆောင်းပါး တခု မှာ ဆပ်တွန် က ” အထောင် တိုက်စစ်မှူး တယောက် စစ်စစ် ဆိုရင် ဘယ် အသင်း မှာပဲ ကစား ကစား ၊ ကျောနံပါတ် ၉ ကို ဝတ်ဆင်ဖို့ အလို ရှိကြမှာပါ ။ ဒါဟာ ကိုယ့်ကို ဒီ အသင်း ရဲ့ အဓိက တိုက်စစ်မှူး တယောက် ဖြစ်စေဖို့ ပေါ်လွင် စေတဲ့ အမှတ်အသား တခု ဖြစ်ပါတယ် ။ ကျွန်တော် ကိုယ်တိုင် လည်း ၁၉၉၉ ခုနှစ် ချယ်လ်ဆီး အသင်း မှာ ကစား ခဲ့တုန်း က ဒီ ကျောနံပါတ် ကို ဝတ်ဆင် ခဲ့ဖူးပါတယ် ။ ဒါပေမယ့် ကျွန်တော် ဟာ အသင်း အတွက် လုံလောက်တဲ့ သွင်းဂိုး တွေ မသွင်းပေး နိုင်ခဲ့ပါဘူး ။ ”

” ဒါပေမယ့် ဒီ ကျောနံပါတ် ကြောင့် ကျွန်တော် ချယ်လ်ဆီး မှာ ကစား ခဲ့တုန်းက ရုန်းကန် ခဲ့ရတာ မဟုတ်ပါဘူး ။ နံပါတ် ၉ ဟာ ကျွန်တော့ ရဲ့ စွမ်းဆောင်ရည် တွေ ၊ ကြိုးစားချင်စိတ် တွေကိုပါ ပိုပြီး ပေးစေ ခဲ့ပါတယ် ။ ဒါပေမယ့် ချယ်လ်ဆီး လို အသင်း တသင်း မှာ ကစား ရတဲ့ ဖိအား တခုကြောင့် ကျွန်တော် လိုအပ်သလောက် ခြေစွမ်း မပြနိုင်ခဲ့ပါဘူး ။ ”

” နောက်ပြီး ချယ်လ်ဆီး အသင်း ရဲ့ ကျောနံပါတ် ၉ ကို ဝတ်ဆင် ခဲ့ဖူးတဲ့ တိုက်စစ်မှူး တချို့ ရဲ့ တန်ကြေး တွေကလည်း အရမ်း များပြား လွန်းပါတယ် ။ ဥပမာ – ဖာနန်ဒို တောရက်စ် ကို သန်း ၅၀ နဲ့ ခေါ်ခဲ့တာမျိုး ၊ အယ်လ်ဗာရို မိုရာတာ ကို သန်း ၆၀ နီးပါး နဲ့ ခေါ်ခဲ့တာမျိုးပေါ့ ။ ကျွန်တော့ ကို လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ချယ်လ်ဆီး အသင်း ပေးချေ ခေါ်ယူ ခဲ့တဲ့ ပေါင် ၁၀ သန်း ဆိုတာ အဲ့ဒီ ခေတ်တုန်းကတော့ အလွန် များပြားတဲ့ ပြောင်းရွှေ့ကြေး ပမာဏ ဖြစ်ခဲ့ပါတယ် ။ ”

” အကယ်ဒမီ ထွက် ကစားသမား တယောက် ဖြစ်တဲ့ တမ်မီ ( အေဘရာဟမ် ) အတွက် ကတော့ ဒီလို ဖိအားမျိုး တွေ ခံစား ရမယ် လို့ မထင်မိပါဘူး ။ ဒါပေမယ့် သူဟာ ချန်ပီယံရှစ် အဆင့် မှာ သွင်းဂိုး တွေ ရယူ နိုင်ခဲ့တာ ဖြစ်လို့ ပရီးမီးယားလိဂ် အဆင့် မှာ လုပ်ဆောင် နိုင်ပါ့မလား ဆိုတဲ့ သို့လော ၊ သို့လော မေးခွန်း တွေ ထွက်လာ နိုင်ပါတယ် ။ ဒါ့အပြင် ချယ်လ်ဆီး အသင်း ရဲ့ ကျောနံပါတ် ၉ ကျိန်စာ က သူ့ကို ပိုပြီးတော့တောင် ဖိအား ပေးလာ နိုင်ပါတယ် ။ ကျွန်တော် ကတော့ သူ အဲ့ဒီ ဒဏ်တွေကို ကြံ့ကြံ့ ခံနိုင်စွမ်း ရှိဖို့ မျှော်လင့် မိပါတယ် ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR