အာဆင်နယ် အသင်းဟာ ယနေ့ ညနေစောင်းမှာပဲ ရလဒ်တွေ ဆက်တိုက်ဆိုးရွား နေတာကြောင့် နည်းပြ အူနိုင်း အမ်မရီ နဲ့ လမ်းခွဲ လိုက်ပြီကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး နေပြီး ပရီးမီးယားလိဂ်မှာလည်း ထိပ်ဆုံး လေးသင်းနဲ့ အနိမ့်ဆုံး အမှတ် ကွာဟချက် ၈ မှတ် အထိ ရှိနေတာကြောင့် အူနိုင်းအမ်မရီ ကို ထုတ်ပယ် လိုက်တာလည်း ဖြစ်ပါတယ် ။

ဂန်းနားတို့ရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး နေရာကို ဆက်ခံခဲ့တဲ့ စပိန် လူမျိုး နည်းပြ အမ်မရီ ဟာ အာဆင်နယ် အသင်းကို ကိုင်တွယ်ပြီး ၁၈ လ အကြာမှာပဲ ထုတ်ပယ် ခံလိုက်ရတာပါ ။ အမ်မရီ ဟာ ပြီးခဲ့တဲ့ ရာသီက အာဆင်နယ် အသင်းကို ယူရိုပါလိဂ် ဗိုလ်လုပွဲ အထိ ပို့ဆောင်ပေးခဲ့တဲ့ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ် ။

အာဆင်နယ် အသင်းဟာ အူနိုင်း အမ်မရီ နေရာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေ နေချိန်မှာ လက်ထောက် နည်းပြ ဖရက်ဒီ ယွန်းဘတ် ကို ယာယီ နည်းပြ အဖြစ် တာဝန် ပေးအပ် သွားမှာ ဖြစ်ကြောင်းလည်း တစ်ဆက်တည်း ထုတ်ပြန် ကြေညာ သွားခဲ့ပါတယ် ။

မနှစ်က အာဆင်နယ် ယူ-၂၃ အသင်းကို တာဝန်ယူ ကိုင်တွယ် ခဲ့ဖူးတဲ့ ယွန်းဘတ် က အာဆင်နယ် အသင်းရဲ့ ယာယီ နည်းပြ ဖြစ်လာပြီးတဲ့နောက် ပရိသတ်တွေ မျက်နှာမှာ အပြုံးတွေ ပြန်လည် ဝေဆာလာအောင် အစွမ်းကုန် ကြိုးစားသွားမှာ ဖြစ်ကြောင်း တွစ်တာမှာ ရေးသား လိုက်ပါတယ် ။

အာဆင်နယ် ဂန္တဝင် ယွန်းဘတ် က တွစ်တာမှာ ” ကျွန်တော် အာဆင်နယ် အသင်းကို တာဝန်ယူ ကိုင်တွယ်ခွင့် ရတဲ့ အချိန်မှာ အစွမ်းကုန် ကြိုးစား ပေးဆပ် သွားမှာ ၊ ပရိသတ်တွေ ရဲ့ မျက်နှာမှာ အပြုံးတွေ ပြန်လည် ဝေဆာ နိုင်အောင် လုပ်ဆောင် သွားမှာပါ ။ ”

” ကျွန်တော်တို့ ရှေ့လာမယ့် အပတ်တွေမှာ ပွဲကြပ်တွေ ရင်ဆိုင် ကစားရဖို့ ရှိပါတယ် ၊ အသင်းတစ်သင်းလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို အထူး လိုအပ်ပါတယ် ၊ ကျနော်တို့ အားလုံး ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြတာပေ့ါဗျာ ။ ” လို့ ရေးသားသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ် (၁၄) အဖြစ် အဝေးကွင်းမှာ အမှတ်ပေး ဇယား အဆင့် ၁၈ နေရာက နောဝှစ်ချ် စီးတီး အသင်း နဲ့ ယှဉ်ပြိုင် ကစားရမှာလည်း ဖြစ်ပါတယ် ။

SPORTS MYANMAR