ယူရိုပါလိဂ် ပွဲစဉ် ( ၅ ) အရောက်မှာတော့ မန်ချက်စတာ ယူနိုက်တက် တို့ ဂိုးစပေး လိုက်ရ သလို ရှုံးပွဲ နဲ့ လည်း စတင်ကြုံတွေ့ သွားခဲ့ရ ပါတယ် ။ အက်စတာနာ အတွက်တော့ ဒီရာသီ ယူရိုပါလိဂ် ရဲ့ ပထမဆုံး နိုင်ပွဲ ကို အိမ်ကွင်း ပရိသတ်တွေ ရှေ့မှောက် မှာ ရယူနိုင် ခဲ့တဲ့ အတွက် အရမ်းကို ပျော်ရွှင် နေကြမှာ သေချာ ပါတယ် ။

ဒီ ရှုံးပွဲ အတွက် ဆိုးရှား ကို အပြစ်ဆို စရာ အကြောင်း မရှိပါဘူး ၊ ဒီ ပွဲ ရလဒ် ဟာ အရေးမပါတော့ သလို လူငယ်တွေ နဲ့လည်း ဆိုးရှား ကစား ဖူးတာ မဟုတ်တာကြောင့် ကစားကွက် မကောင်းတာတွေ ကို မေ့ပစ်ထား ပေးလို့ ရနိုင် ပါတယ် ။ ဘယ်ပွဲ ဖြစ်ဖြစ် နိုင်ရမယ် လို့ မှတ်ယူ နေရင်တော့ အခု ယူနိုက်တက် က ဘယ်လို အဆင့်မျိုးလဲ ဆိုတာ တစ်ချက်လောက် ပြန်စဉ်းစား ကြည့်စေချင် ပါတယ် ။

လီဂရန့် ၊ လင်ဂတ် နဲ့ လုခ်ရှော က လွဲရင် ကျန်တဲ့ ပွဲထွက် ၈ ယောက် ဟာ လူငယ် အသင်းသား တွေ ချည်း ဖြစ်ခဲ့ ပါတယ် ။ ဒါကိုက မနေ့ ည ပွဲ ရဲ့ အကျိုးရှိမှု ပါပဲ ။ ဒီလို အဆင့်မျိုးမှာ မန်ချက်စတာ ယူနိုက်တက် ရဲ့ ဂျာစီ ကို ၀တ်ဆင် ပြီး ကစားခွင့် ရဖို့ဟာ လူငယ်တွေ မက်ခဲ့ရတဲ့ အိပ်မက်တွေ ပါ ။ ဒါတွေကို ဆိုးရှား က ဖြည့်ဆည်း ပေးခဲ့ တာပါပဲ ။

နိုင်သည် ဖြစ်စေ ရှုံးသည် ဖြစ်စေ အက်စတာနာ နဲ့ ပွဲ က လူထုတ်ပုံ နဲ့ ကစားကွက် ကို ဆွေးနွေးလို့ မရ ပါဘူး ။ ဒီ ကလေးတွေ ဟာ ဆိုးရှား နဲ့ ထိတွေ့မှု နည်းတာကြောင့် အပြန်အလှန် နားလည်မှု အားနည်းပါတယ် ။ ဒါကြောင့် ပွဲချိန် ထဲမှာ ဘယ်သူတွေ ဘယ်လို ကစားခဲ့ သလဲ ဆိုတာ ကိုသာ အဓိက သုံးသပ် ရမှာပါ ။

အဖွဲ့ ကို ၂ ဖွဲ့ ခွဲ လိုက်ပါမယ် ။ လူကြီး နဲ့ လူငယ် ပါ ။ လူကြီး ၃ ယောက် ၊ လူငယ် ၈ ယောက် ရှိပါတယ် ။ လူငယ်တွေ ထဲ မှာ တော့ ဘာမှ မယ်မယ် ရရ မလုပ်ပြ နိုင်တဲ့သူ ၊ လုပ်ချင် ကိုင်ချင်စိတ် များနေသူ ၊ လုပ်ရဲ ကိုင်ရဲတဲ့သူ ဆိုပြီး ၃ မျိုး ခွဲခြားလို့ ရနိုင် ခဲ့ ပါတယ် ။

ဘာမှ မယ်မယ် ရရ မလုပ်ပြ နိုင်တဲ့ သူတွေ ဆိုတာ ခံစစ် မှူး ၂ ယောက် နဲ့ မေဆင် ဂရင်းဝုဒ် တို့ ကို ဆိုလို ချင်တာပါ ။ ဂရင်းဝုဒ် က ဒုတိယ ပိုင်း မှာ သေသပ်တဲ့ အဆုံးသတ်မှု တစ်ခု လုပ်ပြ ခဲ့ ပေမယ့် အက်စတာနာ ဂိုးသမားက အံ့သြဖွယ်ကာကွယ် သွားခဲ့ ပါတယ် ။ ဒါက လွဲရင် ကျန်တဲ့ ပွဲချိန် တစ်လျောက် လုံးမှာ တိုက်စစ်မှုး တစ်ယောက် ရဲ့ တာဝန် ကို မကျေပွန်ခဲ့ ပါဘူး ။

လုပ်ချင်ကိုင်ချင်စိတ် တွေ များနေတဲ့ သူကတော့ တာဟစ် ချောင် ပါပဲ ။ တစ်ပွဲ လုံး အလှပြ လိမ်ခေါက် မှုတွေ ကို လုပ်လိုက် ၊ ပျက်သွားလိုက် နဲ့ ဖြစ်နေသလို အလွန့်အလွန် သေချာတဲ့ အခွင့်အရေး ကိုလည်း မိုးပေါ် ထောင်ကန် ပစ်ခဲ့ ပါတယ် ။ သူသာ ဂိုးသွင်းခဲ့ရင် အက်စတာနာ တို့ ချေပဂိုးပြန်သွင်းဖြစ်မှာ မဟုတ်ဘူး ဆိုတဲ့ အယူအဆ ကလည်း မမှားပါဘူး ။ ဒီည အတွက်တော့ အသင်းပြောင်းမယ် အသံပစ် နေတဲ့ ချောင် ကလေး ဟာ ဗီလိန် ဖြစ်ခဲ့ရ ပါတယ် ။

လုပ်ရဲ ကိုင်ရဲတဲ့ ကစား သမားတွေ ကို ပြပါ ဆိုရင် အိန်ဂျယ် ဂိုးမက် ကို လက်ညှိုးညွှန် ရမှာပါ ။ အင်္ဂလန် လူငယ် အသင်း တွေ မှာ ၀င် ကစား နေတဲ့ ပေါ်တူဂီသားလေး ဟာ မနေ့ညက ပွဲ က ယူနိုက်တက် ရဲ့ အကောင်းဆုံး ကစား သမားပါပဲ ။ ဘောလုံး ကို ယူရဲတယ် ၊ အကွက် အကွင်း နေရာတွေ ကို ခင်းပေး ရဲတယ် ၊ ၀မ်း-တူး ရိုက်ပြီး ချိတ်ဆက် ပေးဖို့ သတ္တိ တွေ လည်း ရှိပါတယ် ။ တောက်ပမယ့် လူငယ်လေးပါ ၊ သေချာ ကိုင်တွယ်နိုင်ဖို့ တော့ လိုပါတယ် ။

နောက်တစ်ယောက် က ညာနောက်ခံလူ Laird ပါ ။ ပထမပိုင်း မှာ တိုက်စစ် ကိုလိုက်ပါ ခဲ့ပြီး ကောင်းမွန် တဲ့ အရည် အသွေး နဲ့ လုပ်ဆောင်မှု အချို့ ကို တွေ့ခဲ့ရ ပါတယ် ။ ကွင်းလယ် က ဂါနာ နဲ့ လီဗစ် တို့ အတွဲ ကလည်း မဆိုပါဘူး ။ ဘောလုံး ယူရဲ ၊ ဖြန့်ရဲ ၊ ကိုင်ရဲ တဲ့ သတ္တိတွေ ရှိ ပါတယ် ။ တာဟစ်ချောင် လို အစွမ်းပြချင် စိတ်တွေ လွန်ကဲ နေတာမျိုးမရှိခဲ့ ပါဘူး ။ ပြုစုပျိုးထောင် ပေးသင့်တဲ့ လူငယ်တွေ လို့ မြင်မိခဲ့ ပါတယ် ။

လူငယ်တွေ ပြီးတဲ့ နောက်မှာတော့ လူကြီးတွေ ဘက်ကို မြားဦး လှည့်ရမှာပါ ။ ပထမဆုံး ပြောရမှာ က တော့ အသင်းခေါင်းဆောင်ကြီး ဂျက်ဆီ လင်ဂတ် ပါပဲ ။ အဖွင့်ဂိုး ကို ကန်သွင်းပြီး ရက်ပေါင်း ၃၀၀ ကျော် ဂိုးပေါက် ပျောက်မှု ကို အဆုံးသတ် နိုင်ခဲ့တာ တစ်ခုတည်း နဲ့ လင်ဂတ် ကို ချီးမွမ်းဖို့ မလုံလောက် ခဲ့ ပါဘူး ။

အသင်းခေါင်းဆောင် တစ်ယောက် ၊ စီနီယာ တစ်ယောက် ရဲ့ တာဝန်တွေ က ဘာတွေပါလဲ ? လူငယ်တွေ ကို ဦးဆောင် ရမယ် ၊ ဖေးမ ရမယ် ၊ လှုံ့ဆော် ရမယ် ၊ ကစားကွက် အဆင်ပြေ အောင် ကူညီ ပံ့ပိုးပေးမှု တွေ လုပ်ပေး ဖို့ လိုအပ် ပါတယ် ။ လင်ဂတ် ကတော့ ဒါတွေကို လုပ်ပေးဖို့ ထက် သူ့ အတွက် လူငယ်တွေ က ပြန်ဖန်တီးပေး နေရသလို ဖြစ်နေခဲ့ ပါတယ် ။

နောက်အထိ ဆင်းကစားပေးတာ တွေ လောက်နဲ့ မလုံ လောက် ပါဘူး ။ အမှန် အတိုင်း ပြောရရင် ဒီပွဲမှာ လင်ဂတ် ဟာ အဝါရောင် ပိတ်စ တစ်ခု ကို ဘယ်ဘက် လက်မောင်းမှာ ပတ်ထားတယ် ဆိုတာ ထက် မပိုခဲ့ တာပါ ။

နောက်ထပ် ပြောချင်တာကတော့ လုခ်ရှော ပါပဲ ။ ဘယ်ခြမ်း ကနေ တိုက်စစ် လိုက်ပါတဲ့ ရှော ဟာ တာဟစ်ချောင် အတွက် အခွင့် အရေး တစ်ခု ကို ခင်းပေး ခဲ့ ပါတယ် ။ ဒါပေမယ့် ဒါက လွဲရင် ရှော အတွက် ထူးထူး ထွေ ထွေ ချီးမွမ်းပြစရာ မရှိသလောက် ပါပဲ ။ တိုက်စစ် လိုက်လွန်းလို့ ကျန်ရစ် နေခဲ့တဲ့ ဟာကွက်ကြီး ကို သာ လူငယ် တွေ လိုက်ဖြည့် နေခဲ့ရ ပါတယ် ။ အက်စတာနာ ရသွားတဲ့ ဒုတိယဂိုး ဟာ သူ့ဘက်က နေ ထွက်သွားခဲ့ တာပါ ။ မော်ရင်ဟို ပြောခဲ့တဲ့ လုခ်ရှော ရဲ့ အားနည်းချက် ဟာ အခုထိ ရှိနေဆဲ ပါပဲ ။

ဂရန့် အတွက်တော့ ဘာမှတ်ချက်မှ ပေးဖို့ မရှိ ပါဘူး ။ အသင်းကြီး အတွက် ပထမဆုံး ပွဲကစားခွင့် ရခဲ့မှု ဟာ အရှုံး ရလဒ်နဲ့ အဆုံးသတ် သွားတာ ကတော့ စိတ်မကောင်း စရာ ပါပဲ ။

ဒီရှုံးပွဲ ဟာ ယူနိုက်တက် အတွက် ဘာမှ မထိခိုက် စေခဲ့ ပါဘူး ။ ဒါပေမယ့် လာမယ့် တနင်္ဂနွေ နေ့မှာ ကစားမယ့် ဗီလာ နဲ့ ပွဲ ကို မနိုင်ခဲ့ ရင်တော့ ဒီ ရှုံးပွဲ အတွက် မြိုသိပ်ထားမှုတွေ ဟာ အတိုး နဲ့ ပေါက်ကွဲ လာတော့ မှာပါ ။ ဒါကို ဆိုးရှား ရင်မဆိုင်ရ အောင် သေချာ ပြင်ဆင် ထားမယ်လို့ မျှော်လင့် ရမှာပါပဲ . . .

SPORTS MYANMAR