The BT Sport ရဲ့ ဘောလုံး အစီအစဉ် တင်ဆက်သူ ရော်ဘီဆားဗေ့ချ်က နောက်ဆုံး ကစား ခဲ့တဲ့ ပရီးမီးယားလိဂ် ငါးပွဲမှာ နိုင်ပွဲပျောက် နေခဲ့တဲ့ အာဆင်နယ် အသင်း အနေနဲ့ နောက်ထပ် ခက်ခဲတဲ့ ရက်သတ္တပတ် ကို ပိုင်ဆိုင် သွားလိမ့်မယ်လို့ ခန့်မှန်း သွားခဲ့ ပါတယ်။ ဂန်းနား တို့ဟာ ပြီးခဲ့တဲ့ သောကြာနေ့က ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တာကြောင့် အူနိုင်း အမ်မရီ ကို နည်းပြ ရာထူး ကနေ ထုတ်ပယ် ခဲ့ပြီး ဖရက်ဒီ ယွန်းဘက် ကို ယာယီ နည်းပြ အဖြစ် ခန့်အပ် ခဲ့ကာ ကာရိုးရုတ်မှာ ကစား ရမယ့် ပွဲစဉ်ဟာ ဆွီဒင်သား အတွက် ပထမဦးဆုံး ပွဲစဉ်ပဲ ဖြစ်ပါတယ်။

လက်ရှိ မှာတော့ အာဆင်နယ် ဟာ ပြီးခဲ့တဲ့ ပွဲစဉ် မှာ အဲဗာတန် ကို မာဆေးဆိုက် မှာ ၂-၀ နဲ့ အနိုင်ယူကာ လန်းဆန်း တက်ကြွ နေတဲ့ နော့ဝှစ် အသင်း နဲ့ ရင်ဆိုင် ရမှာ ဖြစ်ပြီး ဖာကီရဲ့ အသင်းဟာ ဒီနိုင်ပွဲကို အခြေခံကာ တန်းဆင်းဇုန် ကနေ ပြန်လည် ရုန်းထွက်ဖို့ အတွက် တာဆူ နေပါတယ်။ ဆားဗေ့ချ် က နော့ဝှစ် ဟာ အိမ်ကွင်းမှာ အာဆင်နယ် ဆီက အမှတ် ခွဲယူ နိုင်လိမ့်မယ်လို့ ခန့်မှန်း လိုက်ပါတယ်။

အာဆင်နယ် ရဲ့ မြောက်လန်ဒန် ပြိုင်ဘက် တော့တင်ဟမ် ကတော့ ဘုန်းမောက် အသင်းကို အိမ်ကွင်းမှာ လက်ခံ ကစား သွားရမှာ ဖြစ်ပြီး ဆားဗေ့ချ်က နည်းပြသစ် ဟိုဆေး မော်ရင်ညို ရဲ့ နိုင်ပွဲဆက် နေမှုကို ဆက်လက် မြင်တွေ့ ရအုံးမယ်လို့ ထောက်ခံ သွားခဲ့ ပါတယ်။ စပါး အသင်းဟာ နည်းပြသစ် လက်အောက်မှာ တောက်ပလျက် ရှိနေပြီး ပြီးခဲ့တဲ့ တစ်ပတ် ကလည်း ဝက်ဟမ်းကို လန်ဒန် စတေဒီယမ်မှာ အနိုင်ယူကာ ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ပိုင်း အဝေးကွင်းမှာ ပထမဦးဆုံး နိုင်ပွဲကို ရရှိ ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ဖလား အတွက် တိုက်ပွဲဟာ ဆက်လက် ပြင်းထန်လျက် ရှိနေပြီး ဆားဗေ့ချ်က ဒီတစ်ပတ်မှာ Top 4 အသင်း တွေဟာ လိုချင်တဲ့ ရလဒ်ကို ပိုင်ဆိုင် သွားမယ်လို့ ခံစား မိနေ ပါတယ်။ မြေခွေးပြာ တို့ဟာ အိမ်ကွင်းမှာ အဲဗာတန် နဲ့ ရင်ဆိုင် ရမှာ ဖြစ်ပြီး ဆားဗေ့ချ်က နည်းပြ မာကိုဆေးလ်ဗား အနေနဲ့ ကင်းပါဝါ ကနေ အနိုင် ၃ မှတ်နဲ့ မပြန် လာနိုင် ခဲ့ပါက ဒါဟာ The Toffees နဲ့ ၎င်းရဲ့ နောက်ဆုံး ပွဲစဉ် ဖြစ်လာ လိမ့်မယ်လို့ ဆိုသွား ပါတယ်။

လက်ရှိ ချန်ပီယံ မန်စီးတီးဟာ ပြီးခဲ့တဲ့ တစ်ပတ်က ချဲလ်ဆီး ကို အနိုင် ရရှိကာ ပရီးမီးယားလိဂ်မှာ ဦးဆောင် နေသူ လီဗာပူး နောက်မှာ ပြတ်မကျန်အောင် ဖိအား ပေးထား နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စီးတီး အနေနဲ့ ပြီးခဲ့တဲ့ ရာသီက ၎င်းတို့ ရှုံးပွဲ ကြံုတွေ့ ခဲ့ရတဲ့ စိန့်ဂျိမ်းပက်မှာ သတိကြီးကြီး ထားရမှာ ဖြစ်ပါတယ်။

ချဲလ်ဆီး အကြောင်း ပြောရမယ် ဆိုရင်တော့ ၎င်းတို့ဟာ လက်ရှိမှာ ရုန်းကန် နေရတဲ့ ဝက်ဟမ်းကို အိမ်ကွင်းမှာ လက်ခံ ကစား သွားရမှာ ဖြစ်ပြီး ဟမ်းမား တို့ရဲ့ နည်းပြ မယ်နူရယ် ပယ်လီဂရီနီ ကလည်း ဖိအားတွေအောက် ရောက်နေတဲ့ နောက်ထပ် မန်နေဂျာ တစ်ဦး ဖြစ်ပါတယ်။ ဘလက်ဘန်း ကွင်းလယ်လူဟောင်း က ဒီပွဲအပြီးမှာ ပယ်လီဂရီနီ အတွက် ဖိအား ထပ်တိုး သွားလိမ့်မယ်လို့ ဆိုခဲ့ ပါတယ်။

ဇယားအောက်ခြေမှာ ရှိနေတဲ့ ဆောက်သမ်တန်ဟာ စိန့်မေရီမှာ ဝက်ဖို့ဒ်ကို လက်ခံ ကစား ရမှာ ဖြစ်ပြီး ၂ သင်း စလုံးဟာ နိုင်ပွဲရဖို့ အသဲအသန် လိုအပ် နေပါတယ်။ အခြား ပွဲစဉ် မှာတော့ ဘန်လေ နဲ့ ပဲလေ့စ် တို့ဟာ တပ်မိုးမှာ ရင်ဆိုင် ရမှာ ဖြစ်ပြီး ပုံစံကောင်း ရနေကြတဲ့ ဝုဖ်နဲ့ ရှက်ဖီး တို့ဟာ Molineux မှာ ပွဲကောင်း တစ်ပွဲကို ကစား သွားကြမှာပါ။ မန်ယူနိုက်တက် ဟာ တနင်္ဂနွေနေ့မှာ အက်စတွန်ဗီလာ ကို အိုးထရပ်ဖို့ဒ်မှာ လက်ခံ ရမှာ ဖြစ်ပြီး ဝေးလ်လက်ရွေးစင်ဟောင်း က ဆိုးရှား ရဲ့ အသင်းဟာ ကြားရက်က အက်စ်တာနာကို ရှံုးနိမ့် ခဲ့မှုကနေ ပြန်လည် ရုန်းထွက် လိမ့်မယ်လို့ ခန့်မှန်း ခဲ့ပါတယ်။

ဒီတစ်ပတ် ပွဲစဉ်တွေ အတွက် ဆားဗေ့ချ် ရဲ့ ခန့်မှန်းချက် တွေကတော့ ..

နယူးကာဆယ် ၀ – ၂ မန်စီးတီး
ဘန်လေ ၁ – ၀ ပဲလေ့စ်

ချဲလ်ဆီး ၂ – ၀ ဝက်ဟမ်း
လီဗာပူး ၃ – ၀ ဘရိုက်တန်
တော့တင်ဟမ် ၂ – ၀ ဘုန်းမောက်
နော့ဝှစ် ၁ – ၁ အာဆင်နယ်
ဆောက်သမ်တန် ၂ – ၀ ဝက်ဖို့ဒ်
ဝုဖ် ၁ – ၁ ရှက်ဖီးယူနိုက်တက်
လက်စတာ ၂ – ၀ အဲဗာတန်
မန်ယူနိုက်တက် ၂ – ၁ အက်စတွန်ဗီလာ

SM