ယာဂန်ကလော့ က လီဗာပူး အနေနဲ့ ဖာဘင်ညို ကို ဆုံးရှုံး ခဲ့ရတာဟာ အတော်ကို ဆိုးတဲ့ ကိစ္စ ဖြစ်ပေမယ့် သူတို့မှာ ကွင်းလယ်ပိုင်း solutions တွေ ရှိတယ်လို့ ယုံကြည်မှု ရှိစွာ ပြောလိုက် ပါတယ်။ ဘရာဇီး ကစားသမားဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နာပိုလီ နဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် ပွဲမှာ ရရှိ ခဲ့တဲ့ ခြေကျင်းဝတ် ဒဏ်ရာကြောင့် ယခု နှစ်ကုန်ထိ ကစား နိုင်မှာ မဟုတ်တော့ပါဘူး။

လီဗာပူးဟာ ယနေ့ည အန်ဖီးမှာ ဘရိုက်တန်ကို လက်ခံ ကစား သွားရမှာ ဖြစ်ပြီး ဖာဘင်ညိုဟာ ဒီပွဲမတိုင်မီ အဝါကတ် ငါးကတ် ထိခဲ့တာကြောင့် ဘယ်လိုပဲ ဖြစ်ဖြစ် ဒီပွဲကို လွဲချော် ထားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဖာဘင်ညို ဟာ လီဗာပူး ရဲ့ ပွဲအကျပ်ဆုံး ကာလတွေကို လွဲချော်ခဲ့တော့မှာ ဖြစ်ပြီး အနည်းဆုံးတော့ New Year ထိ ပြန်လာဦးမှာ မဟုတ်ပါဘူး။

ဖာဘင်ညိုကို ဆုံးရှံုးမှုဟာ ဘယ်လောက် ကြီးမားနိုင်သလဲ ဆိုတာနဲ့ ပက်သက်ပြီး ကလော့ က “အမှန်ပါပဲ။ ဒါဟာ တကယ့် သတင်းဆိုး ပါပဲ။ ဒါနဲ့ ပက်သက်ပြီး အကောင်း ပြောစရာ မရှိပါဘူး။ သူ ပြန်လာ နိုင်မယ့် အချိန် ဒါမှမဟုတ် ဘယ်လောက် ကြာမလဲ ဆိုတာ ကျွန်တော်တို့ အတိအကျတော့ မသိသေး ပါဘူး။ ဒါပေမယ့် သူ့အနေနဲ့ ခရစ်စမတ် ကာလ ပွဲစဉ် တွေကို ပါဝင် ကစား နိုင်မှာ မဟုတ်ဘူး ဆိုတာ ကတော့ သေချာပါတယ်။ ကျွန်တော့်ကို ဒီလိုပဲ ပြောခွင့်ပြုပါ။ အချိန်တော့ ယူသွား ရမှာ သေချာပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် အပြီး အင်တာဗျူးတွေမှာ ဒါနဲ့ ပက်သက်ပြီး ကျွန်တော့်ကို ဘယ်သူမှ မမေးခဲ့ကြ ပါဘူး။ ပွဲပြီးပြီးချင်းမှာ ဒါဟာ ကျွန်တော့်ရဲ့ အဓိက ပြသနာ ဖြစ်ပါတယ်။

ဒါပေမယ့် နှစ်ရက်လောက် အရာ မှာတော့ ဒီနေရာ အတွက် ကျွန်တော်တို့မှာ ဖြေရှင်းချက်တွေ ရှိလာ ခဲ့ပါတယ်။ ကျွန်တော်တို့ သူ့နေရာကို အစားထိုး နိုင်မှာပါ။ ကျွန်တော်တို့ သူမပါခဲ့ဘဲ အကောင်းဆုံး ကစား နိုင်ခဲ့ပါတယ်။ ဒါဟာ အိုကေပါတယ်။ ဒါပေမယ့် အခု အရေးကြီးတာက သူမှန်ကန်တဲ့ အရာတွေ လုပ်နေဖို့ နဲ့ သူအမြန်ဆုံး ပြန်လာဖို့ ပါပဲ။ အဲဒီမတိုင်မီ ကျွန်တော်တို့ ဖြေရှင်းချက်တွေ ရှာဖွေ သွားရ ပါမယ်။ ဒဏ်ရာရ ကစားသမားတွေ ရှိတာ ကျွန်တော်တို့ အသင်းပဲ မဟုတ်ပါဘူး။ ဒါဟာ ကျွန်တော်တို့ ဖြေရှင်း သွားရမယ့် အရာ ဖြစ်ပြီး ဒီလို လုပ်သွားမှာပါ။” လို့ ဆိုသွား ပါတယ်။

ဒါဟာ အခြား ကစားသမား တစ်ဦး အတွက် အခွင့်အရေး ဖြစ်စေသလား ဆိုတဲ့ မေးခွန်းကို ကလော့ က “အမှန်ပါပဲ။ အမြဲတမ်း ဒီအတိုင်းပါပဲ။ နာပိုလီ နဲ့ ပွဲမတိုင်မီ ပြင်ဆင်နေစဉ် ပြီးခဲ့တဲ့ ရာသီက သူတို့နဲ့ ကစားခဲ့တဲ့ ပွဲကို နည်းနည်း ကြည့်ဖြစ် ခဲ့ပါတယ်။ ဟန်ဒိုဟာ ဒီနေရာမှာ ကစား ခဲ့ပါတယ်။ ဂျီနီကလည်း ဒီနေရာမှာ ကစား ခဲ့ဖူးပါတယ်။ အဒမ် လယ်လာနာ ကလည်း ဒီနေရာ ကစား ခဲ့ပါတယ်။ ကျွန်တော်တို့ ဗျူဟာ ပြောင်းလဲ နိုင်ပါတယ်။ ကျွန်တော်တို့ အခြား အရာတွေ လုပ်နိုင်ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ ဖာဘင်ညိုလို အရည်အသွေးနဲ့ ကစားသမားမျိုး ဆုံးရှံုး ရတာဟာ ကြီးမားပါတယ်။ ဒါပေမယ့် ခုနက ပြောခဲ့သလိုပဲ ကျွန်တော်တို့ဟာ ဒီလိဂ်မှာ ဒဏ်ရာရ ကစားသမား ရှိတဲ့ တစ်ခုတည်းသော အသင်း မဟုတ်ပါဘူး။

ကျွန်တော်တို့ ယခုနှစ်ကုန် အထိ အစွမ်းကုန် အားထုတ် သွားရမှာပါ။ ဘာလို့လဲ ဆိုတော့ ဒီကာလမှာ ၂ ပတ်လောက် မကစား နိုင်ဘူးဆိုရင် ၆ ပွဲလောက် လွဲချော် သွားမှာပါ။ ဒီလိုမျိုး ကာလ ဖြစ်ပါတယ်။ အခု ဒီကိစ္စမှာ ကျွန်တော်တို့ ဘာကိုမှ ထပ်ပြီး ပြောင်းလဲလို့ မရပါဘူး။ ကျွန်တော်တို့ ဖြေရှင်းချက်ပဲ ရှာသွား ရမှာပါ။ ဖာဘင်ညို လို ပုံစံမျိုး ကစားသွားမယ့် သူလား? မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ တစ်ဦးနဲ့ တစ်ဦး ကစားတာ မတူပါဘူး။ အဲဒီနောက် ကျွန်တော်တို့ အကောင်းဆုံး ကစားပြီး နိုင်ပွဲတွေ ရှာဖွေ သွားရပါမယ်။ ဒါပါပဲ။” လို့ ပြောခဲ့ ပါတယ်။

ဖာဘင်ညို ရဲ့ နေရာမှာ ကစားမယ့်သူ အနေနဲ့ ရစ်သမ်ရဖို့ အတွက် တောက်လျှောက် ကစား သွားရမှာလား ဆိုတာကို ကလော့ က “ကျွန်တော် ဒီလို ဆုံးဖြတ်ချက်မျိုး မချနိုင်ပါဘူး။ ကျွန်တော်တို့ စောင့်ကြည့် ရမှာပါ။ ကျွန်တော် ပြောခဲ့သလိုပဲ။ ခုနက ကျွန်တော် ပြောခဲ့ဖူးတဲ့ ကစားသမား ၃ ဦးဟာ ဒီနေရာမှာ ပွဲတွေ အများကြီး ကစားထား ဖူးပါတယ်။ ဒါ့ကြောင့် ဒါဟာ ပြသနာ မဟုတ်ပါဘူး။ ဖာဘင်ညို နဲ့တော့ ဘယ်သူမှ တူမှာ မဟုတ်ဘူးလို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒါဟာ အမှန်ပါ။ ဘာလို့လဲဆိုတော့ ကိုယ့်ပုံစံနဲ့ကိုယ်ပါ။ ဘယ်သူမှ သူ့လောက် ကောင်းမှာ မဟုတ်ဘူးလို့တော့ ပြောလို့ မရပါဘူး။

ဥပမာ အားဖြင့် ဂျီနီဟာ နာပိုလီ နဲ့ ပွဲမှာ လူစားဝင်လာ ခဲ့ပြီးနောက် အကောင်းဆုံး ကစားပြ ခဲ့ပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ ပြီးခဲ့တဲ့ ရာသီ နာပိုလီ နဲ့ ပွဲမှာ ဟန်ဒိုဟာ ဒီနေရာမှာ အရမ်း အရမ်း ကောင်းအောင် ကစား ခဲ့ပါတယ်။ ကျွန်တော်တို့ အလုပ် ကြိုးစား သွားရုံပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဖာဘင်ညို ကိုယ်တိုင်လည်း အခု ကနေ မတ်လထိ ပွဲအားလုံးကို ကစား နိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ ရှင်းပါတယ်။ ဒဏ်ရာ ရသွားတာတော့ သိပ်မကောင်းပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ သူနဲ့ အဆက်အသွယ် ရှိပါတယ်။ ကျွန်တော်တို့ ဒီကိစ္စကို တွေးပြီး စိုးရိမ်ခြောက်ခြား နေမှာ မဟုတ်ပါဘူး။ ဖက် အတွက် အသင်း အတွက် မှန်ကန်တဲ့ အရာတွေပဲ လုပ်သွားရတာပေါ့။ ဆက်လုပ် သွားကြတာပေါ့။” လို့ ဆိုသွား ပါတယ်။

SM