မနေ့ ညနေ ကပဲ ချယ်လ်ဆီး အသင်း ရဲ့ လန်ဒန် မြို့ခံ ပြိုင်ဖက် အာဆင်နယ် အသင်း ဟာ ၄င်းတို့ရဲ့ မန်နေဂျာ အူနိုင်း အမ်မရီ ကို တရားဝင် ထုတ်ပယ်ခဲ့ပြီး ၊ ယာယီ နည်းပြ အဖြစ် လက်ထောက် နည်းပြ ဖြစ်တဲ့ ယွန်းဘတ် ကို ခန့်အပ် ခဲ့ပါတယ် ။ အမ်မရီ ဟာ အာဆင်နယ် အသင်း ကို ကိုင်တွယ်တဲ့ ဒုတိယ ရာသီမြောက် မှာ ကစားပုံ က စွဲမက်စရာ မကောင်းခဲ့သလို ၊ ရလဒ်ကောင်း တွေလည်း ရအောင် မစွမ်းဆောင် နိုင်ခဲ့ပါဘူး ။

အမ်မရီ အခုလို အထုတ်ခံ ခဲ့ရတာ မထူးဆန်းပေမယ့် ၊ ဒီရာသီ ပရီးမီးယားလိဂ် မှာ ဘယ်လို နည်းပြ တွေပဲ ဖြစ်ဖြစ် ၊ ရလဒ် မတည်ငြိမ်မှု များစွာ ဖြစ်လာရင် အထုတ်ခံ ရမယ် ဆိုတာ ကို သင််ခန်းစာ ချပြသွား စေခဲ့ပါတယ် ။ အမ်မရီ အထုတ်ခံခဲ့ရခြင်း နဲ့ ပတ်သက်ပြီး မနေ့က သတင်းစာ ရှင်းလင်းပွဲ မှာ ချယ်လ်ဆီး နည်းပြ ဖရန့် လမ်းပတ် က အခုလို မှတ််ချက်ပြု ပြောဆို ခဲ့ပါတယ် ။

လမ်းပတ် က ” ဒီ အခြေအနေ ကို ကြည့်ခြင်းအားဖြင့် ၊ ဘောလုံး မှာ ဘယ် အရာ မှ တည်မြဲတယ် ၊ ခိုင်မြဲတယ် ဆိုတာမျိုး ရှိမနေတော့ပါဘူး ။ ကျွန်တော် တို့ဟာ ဒီ ရက်သတ္တပတ် အနည်းငယ် အတွင်း မှာ ပရီးမီးယားလိဂ် မန်နေဂျာ အပြောင်းအလဲ တွေနဲ့ ပတ်သက်ပြီး မထင်မှတ်တာတွေ ကြားနေ ရပါတယ် ။ ဒီ သတင်း တွေကို ကြားနေရတာ ဘယ်လိုမှ မကောင်းပါဘူး ။ ”

” မန်နေဂျာ အလုပ် အကြောင်း ကျွန်တော် ကောင်းကောင်း သိပါတယ် ။ အခုအချိန် ကျွန်တော် ဟာ ချယ်လ်ဆီး နည်းပြ ရာထူး မှာ အလုပ် ပြင်းပြင်းထန်ထန် ကြိုးစား နေပါတယ် ။ လူတိုင်း ဟာ ဘယ်လို ရာထူးမျိုး မှာပဲ ဖြစ်ဖြစ် ၊ အောင်မြင်ချင် ကြပါတယ် ။ ခင်ဗျား မှာ အလုပ် နဲ့ ပတ်သက်တဲ့ မတူညီ တဲ့ ခံယူချက် ၊ အိုင်ဒီယာ တွေ ရှိနေမှာပါ ။ ဒါပေမယ့် ဒီ အရာ တွေက ခင်ဗျား တကယ် ဖြစ်ချင်သလို အမြဲတမ်း မဖြစ်လာနိုင်ပါဘူး ။ ”

” အခု မန်နေဂျာ ရာထူး ဆက်လက် ရှိနေဖို့ ၊ မရှိနေဖို့ ဆိုတာ ကလပ် က ဆုံးဖြတ်ရတဲ့ အရာတခုပါ ။ ကျွန်တော် တို့ အားလုံး ဟာ ဒီလို အကြောင်းအရာမျိုး ထဲမှာ ပါဝင် နေကြပါတယ် ။ အပြင် က လူတယောက် အနေနဲ့ အခုလို အူနိုင်း လိုမျိုး အသင်း အတွက် အရာရာ ပေးဆပ်ခဲ့တဲ့ မန်နေဂျာ တယောက် ရာထူး က ဖယ်ရှား ခံခဲ့ရခြင်း ကို ကြည့်ရတာ စိ်တ်မကောင်း ဖြစ်မိပါတယ် ။ ဒါပေမယ့် လည်း သူ ရှေ့ဆက် လျှောက်နေရမှာပါ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

အမ်မရီ အပြင် ယနေ့ည မှာ ချယ်လ်ဆီး အသင်း နဲ့ ရင်ဆိုင် ရမယ့် ဝက်စ်ဟမ် အသင်း ရဲ့ မန်နေဂျာ ပယ်လီဂရီနီ ဟာလည်း နောက်ပိုင်း ပွဲစဉ် တွေမှာ ဆိုးရွားတဲ့ ရလဒ် တချို့ ကြောင့် မန်နေဂျာ ထိုင်ခုံ လှုပ်နေခဲ့ပြီ ဖြစ်ပါတယ် ။ ယနေ့ည ချယ်လ်ဆီး နဲ့ ပွဲစဉ် ဟာ ၄င်းရဲ့ ဝက်စ်ဟမ်း မန်နေဂျာ ဘဝ ကို အဆုံးအဖြတ် မပေးရင်တောင် ၊ သက်ရောက်မှု တခုခု ဖြစ်မှာတော့ သေချာ နေပါတယ် ။

တချိန် က မန်စီးတီး မှာ ခဏတာ ကစားခဲ့စဉ် က အတူ လက်တွဲ အလုပ်လုပ် ခဲ့ဖူးတဲ့ ပယ်လီဂရီနီ နဲ့ ပတ်သက်ပြီး လမ်းပတ် က ” မန်နူရယ် ဟာ တကယ်တော်တဲ့ မန်နေဂျာ တဦးပါ ။ ကျွန်တော် သူ့ လက်အောက် မှာ ကစားခဲ့ဖူးတာကြောင့် သူ ဘယ်လောက် တော်မှန်း ကျွန်တော် သိပါတယ် ။ ကျွန်တော် သူ့ အပေါ် လေးစားမှု အပြည့် ထားပါတယ် ။ သူဟာလည်း ဒီ ပရီးမီးယားလိဂ် က တခြား မန်နေဂျာ တွေလိုပဲ အလုပ် အရမ်း ကြိုးစား နေပါတယ် ။ ”

” မကြာခင် မှာ သူဟာ ဒီ ကလပ် အတွက် အခြေအနေကောင်း တွေကို ပြန်လည် စွမ်းဆောင်ပြီး ပြန်လာနိုင်မယ် ဆိုတာ သေချာ နေပါတယ် ။ အခု လက်ရှိ မှာ ကျွန်တော် တို့ဟာ ဘယ်လို အဆင့် မှာ ရပ်တည်နေတဲ့ အသင်းမျိုးပဲ ဖြစ်ဖြစ် ၊ ကိုယ့် အသင်း နဲ့ ထိုက်တန်တဲ့ အောင်မြင်မှုမျိုး ၊ ရလဒ်မျိုး ၊ ခြေစွမ်း တွေကို အလိုရှိကြမှာပါပဲ ။ အဲ့ဒီတော့ ကိုယ့် အသင်း တိုးတက်လာဖို့ အတွက်တော့ အကောင်းဆုံး တွန်းအား ပေးကြမှာပါ ။ ”

” တခါတလေ ကျရင် ဒီလို လုပ်တိုင်းလည်း အလုပ် မဖြစ်ပါဘူး ။ ကျွန်တော် ဟာ ကစားသမား ဘဝ မှာ ကတည်းက မန်နေဂျာ တယောက် ရဲ့ ဘဝ ဟာ ဘယ်လောက် ကြမ်းတမ်းလဲ ဆိုတာ သိခဲ့ပါတယ် ။ အခုဆို ကျွန်တော် ကိုယ်တိုင် လည်း မန်နေဂျာ တယောက် ဖြစ်နေတာကြောင့် ပိုတောင် နားလည် လာပါပြီ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR