ပြိုင်ပွဲစုံ ရ ပွဲဆက် နိုင်ပွဲပျောက်ဆုံး အပြီးမှာတော့ အာဆင်နယ် အသင်းဟာ သူတို့ရဲ့ နည်းပြကြီး အမ်မရီကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။လတ်တလောမှာ အသင်းကိုယာယီ နည်းပြအဖြစ်ကိုင်တွယ်သွားမှာကတော့ ကစားသမားဟောင်းတဦးဖြစ်တဲ့ ယွန်းဘတ်ဖြစ်တယ်လို့ လည်းတရားဝင်ထုတ်ပြန်ထားပါတယ်။

အာဆင်နယ် အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ချဲဆီးလ်အပါအဝင် ဥရောပထိပ်သီးအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ အီတလီသားကြီး အန်ဆယ်လော့တီ က ရေပန်းအစားဆုံးအဖြစ် ရှိနေပါတယ်။သူ့ရဲ့နောက်မှာတော့ဝုဗ်လ် အသင်းရဲ့ ပဲ့ကိုင်ရှင် နူနိုဆန်းတို့စ်က ရှိနေပါတယ်။

ဒါပေမယ့် အဆိုပါ နည်းပြ ၂ဦးစလုံးဟာ နာပိုလီ၊ ဝုဗ်လ် စအရှိတဲ့ သက်ဆိုင်ရာအသင်းတွေ နဲ့ စာချုပ်သက်တမ်း ရှိနေသေးတာဖြစ်လို့ ခေါ်ယူဖို့ထင်သလောက် မလွယ်ကူနိုင်တာဖြစ်ပါတယ်။ဒါကြောင့်လည်း မန်စီးတီးအသင်းရဲ့ လက်ထောက်နည်းပြ အာတီတာက နောက်ထပ်သင့်တော်မယ့် ရွေးချယ်စရာတခုအဖြစ်ရှိနေပါတယ်။

အာတီတာဟာ အာဆင်နယ်အသင်းမှာ ကစားခဲ့ဖူးတဲ့ ကွင်းလယ်လူဟောင်း တဦး ဖြစ်ပြီး မန်စီးတီး အသင်းမှာ ဂွာဒီယိုလာရဲ့ လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။အာတီတာနဲ့ အာဆင်နယ်တို့ကြားသတင်းတွေ ထွက်နေပေမယ့် ဂွာဒီယိုလာကတော့သူဖြေရမယ်မေးခွန်းမဟုတ်ဘူးလို့ တုန့်ပြန်သွားခဲ့ပါတယ်။

ပရီးမီးဟားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်စီတီး အသင်းဟာ ယနေ့ ညနေ မှာတော့ နယူးကာဆယ် အသင်းကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။အဆိုပါ ပွဲကြို အဖြစ်ပြုလုပ်ခဲ့တဲ့ မီဒီယာ တွေ့ဆုံပွဲမှာတော့ ဂွာဒီယိုလာက –

” သူ( အာတီတာ ) အနေနဲ့ ကျွန်တော်တို့ အသင်းရဲ့ လူစာရင်းမှာ ပါဝင်နေသေးတာဖြစ်ပြီး နယူးကာဆယ်ခရီးစဉ်မှာ ပါဝင်လာပါတယ်။အာဆင်နယ်အသင်းကို သူရောက်နိုင်ခြေ ရှိမရှိ ကတော့ ကျွန်တော့်ကိုမေးရမယ့် မေးခွန်းမျိုးမဟုတ်ပါဘူး ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ ကြီးအမ်မရီ အတွက် တော့ ကိုယ်ချင်းစာနာမိတယ်လို့ ဂွာဒီယိုလာက ဆက်ပြောပါတယ်။ဆီဗီလာ၊ PSG အသင်းတွေရဲ့ နည်းပြဟောင်း တဦး လည်းဖြစ်တဲ့ အမ်မရီ နဲ့ပတ်သက်ပြီးဂွာဒီယိုလာက –

” သူ့ အတွက် ကျွန်တော် စိတ်မကောင်း ဖြစ်မိပါတယ်။အသင်း တသင်းကနေ နည်းပြတယောက်ကို ထုတ်ပယ်လိုက်တယ် ဆိုတာ ဟာ ဘယ်တော့မှ သတင်းကောင်းတော့မဟုတ်ပါဘူး။ဒီလိုုဖြစ်သွားပေမယ့် သူ့ရဲ့ စွမ်းဆောင်ရည်အပေါ်ကျွန်တော့်ရဲ့အမြင်ကို အပြောင်းအလဲတော့ မဖြစ်စေပါဘူး။

သူဟာ ပရော်ဖက်ရှင်နယ်ပီသတဲ့နည်းပြကောင်းတယောက်ဖြစ်ပါတယ်။သူဟာ စပိန် နဲ့ ပြင်သစ် မှာ အံ့မခန်း စွမ်းဆောင် မှုတွေကို လည်း လုပ်ပြထားနိုင် ခဲ့ပြီးပါပြီ။ ကြီးကျယ်ခန်းနားတဲ့ အောင်မြင်မှုတွေကိုလည်း ရထားပြီးပါပြီ။

ဇီဒန်း လို ရီးရဲလ် အသင်းနဲ့ အတူ ချန်ပီယံလိဂ်မှာ ၃နှစ်ဆက်တိုက် ဗိုလ်စွဲဖို့၊ အမ်မရီလို ဆီဗီ လာ အသင်းနဲ့ အတူ ယူရိုပါ လိဂ်မှာ ၃နှစ်ဆက်တိုက် ချန်ပီယံဖြစ် အောင် လုပ်ဖို့ဆိုတာ အခြားသူတွေမလုပ်နိုင်ဘူးလို့ ကျွန်တော်ယူဆပါတယ်။လုံးဝ အံံ့မခန်းအောင်မြင်မှုတွေထဲကတခုဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒါဟာဘောလုံး လောကဖြစ်ပါတယ်။အသင်းရဲ့ရလဒ်တွေအပေါ်ကို မူတည်တယ်ဆိုတာ အမ်မရီကော ကျွန်တော်ပါ သိနားလည်ကြပါတယ်။ဒါဟာ ရိုးရှင်းပါတယ်။ဒါပေမယ့်သူ့အနေနဲ့ နောက်ထပ် အလုပ်တခုကို မကြာခင်မှာပဲ ရှိလိမ့်မယ်လို့ ကျွန်တော်ကျိန်းသေပြောရဲပါတယ် ” လို့ပြောသွွားခဲ့တာဖြစ်ပါတယ်။

SPORTS MYANMAR