အာဆင်နယ် အသင်းဟာ မနေ့က နည်းပြ အူနိုင်း အမ်မရီ ကို ထုတ်ပယ် အပြီးမှာပဲ လက်ထောက် နည်းပြလည်း ဖြစ်သလို ဂန်းနား ဂန္တဝင် ကစားသမားဟောင်း ယွန်းဘတ် ကို ယာယီ နည်းပြ အဖြစ် တာဝန် ပေးအပ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့ပါတယ် ။

ယွန်းဘတ် ဟာ ကစားသမား ဘဝတုန်းက ဆံပင်ကို အနီရောင် ဆိုးပြီး ထောင်ထားလေ့ ရှိတာကြောင့် အာဆင်နယ် အသင်း ပရိသတ်တွေက ” ကြက်ဖကြီး ” လို့ နာမည်ပြောင် ပေးခံခဲ့ရသူလည်း ဖြစ်ပါတယ် ။

ဆွီဒင် တောင်ပံ ကစားသမား ဖရက်ဒီ ယွန်းဘတ် ဟာ သူ အသက် ၂၁ နှစ် အရွယ် ၁၉၉၈ ခုနှစ်မှာ ဆွီဒင် ကလပ် ဟမ်းစတက် ကနေ အာဆင်နယ် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၃ သန်း နဲ့ရောက်ရှိ လာခဲ့ပါတယ် ။

အဲ့ အချိန်တုန်းက နည်းပြကြီး အာဆင်ဝင်းဂါး ဟာ အင်္ဂလန် အသင်းကို အနိုင်ရခဲ့တဲ့ ပွဲမှာ ဆွီဒင် အသင်းအတွက် ခြေစွမ်းပြ ကစားခဲ့တဲ့ ယွန်းဘတ် ကို ခေါ်ယူဖို့ ချက်ချင်း ဆုံးဖြတ်ချ ခဲ့ပြီး အရခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ် ။ ယွန်းဘတ်ဟာ အာဆင်းရဲ့ ခေါ်ယူမှု မှန်ကန်ကြောင်းကို သူ့ရဲ့ ပွဲဦးထွက်မှာတင် မန်ယူနိုက်တက်ဘက်ကို ဂိုးသွင်းပြီး သက်သေပြနိုင်ခဲ့ပါတယ် ။

ယွန်းဘတ် ဟာ ကွင်းလယ် ၊ တောင်ပံမှာသာမက နောက်ချန် တိုက်စစ်မှူး အဖြစ်ပါ ကစားနိုင်သူ ဖြစ်ပြီး ၂၀၀၁-၂၀၀၂ ခုနှစ်တုန်းက အာဆင်နယ် အသင်း ပရီးမီးယားလိဂ် နဲ့ အက်ဖ်အေ ဖလားတို့ကို တစ်ပြိုင်နက် ရရှိတုန်းက အရေးပါတဲ့ သွင်းဂိုး အမြောက်အများကိုလည်း သွင်းယူ ပေးခဲ့သူပါ ။

ဒါ့အပြင် ယွန်းဘတ် ဟာ ၂၀၀၃-၂၀၀၄ ခုနှစ်တုန်းက အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ဖလားကို ရှုံးပွဲ မရှိ စံချိန်နဲ့ ဗိုလ်စွဲတုန်းက အဓိက ကစားသမား တစ်ဦး ဖြစ်ခဲ့ပြီး ဂန်းနားတို့အတွက် စုစုပေါင်း ၃၂၆ ပွဲ အထိ ကစားပေးခဲ့ပါတယ် ။

၂၀၀၇ ခုနှစ်မှာတော့ ယွန်းဘတ် ဟာ ဒဏ်ရာ ပြဿနာတွေ နှိပ်စက်တာကြောင့် အာဆင်နယ် အသင်းမှာ ပုံမှန် မကစားခွင့် မရတော့ဘဲ ဝက်စ်ဟမ်း အသင်းကို ပြောင်းရွှေ့ သွားခဲ့ပါတယ် ။ ယွန်းဘတ် ဟာ ကစားသမားဘဝက အနားမယူခင် အချိန်အထိ ဆီတယ်လ်ဆောင်းဒါး၊ချီကာဂိုဖားရား၊ဆဲလ်တစ်၊ရှီမီဇုအက်စ်ပေါ့၊မွမ်ဘိုင်းစီးတီး အသင်းတွေမှာ ကစားခဲ့ပါတယ် ။

၂၀၁၂ ခုနှစ် ၊ ဖေဖော်ဝါရီမှာတော့ ယွန်းဘတ် ဟာ ကစားသမား ဘဝက အနားယူပြီ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပြီး ၂၀၁၂-၂၀၁၃ ရာသီကုန်မှာတော့ အာဆင်နယ် အသင်းရဲ့ သံတမန် အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ် ။ ၂၀၁၄ ခုနှစ်မှာတော့ ယွန်းဘတ် ဟာ အိန္ဒိယ စူပါလိဂ် ကလပ် မွမ်ဘိုင်းစီးတီး အသင်းနဲ့ စာချူပ်ချုပ်ပြီး ဘောလုံး ခဏတာ ပြန်ကစားခဲ့ပါသေးတယ် ။

ဒါပေမယ့်လည်း ဒဏ်ရာ ပြဿနာတွေ နှိပ်စက်တာကြောင့် ယွန်းဘတ် ဟာ သိပ်ကြာကြာ မကစားနိုင်ခဲ့ခြင်းတော့ မရှိပါဘူး ။ ၂၀၁၆ ခုနှစ်မှာတော့ ယွန်းဘတ် ဟာ သူ့ရဲ့ နည်းပြ ဘဝ ပထမဆုံး ခြေလှမ်း အဖြစ် အာဆင်နယ် ယူ-၁၅ အသင်းကို စတင် တာဝန်ယူ ကိုင်တွယ် ခဲ့ပါတယ် ။

၂၀၁၇ ခုနှစ်မှာ ယွန်းဘတ် ဟာ ဝုလ်ဘတ် နည်းပြ အန်ဒရီယန် ဂျိုကာ ရဲ့ လက်ထောက် နည်းပြ အဖြစ် ခြောက်လ တာဝန်ယူ ခဲ့ပါတယ် ။ ၂၀၁၈ ခုနှစ်မှာတော့ ယွန်းဘတ် ဟာ အာဆင်နယ် ကို ပြန်လည် ရောက်ရှိ လာခဲ့ပြီး ယူ-၂၃ အသင်း နည်းပြ အဖြစ် တာဝန် ပေးအပ်ခြင်း ခံခဲ့ရပါတယ် ။

ဒီရာသီမှာတော့ ယွန်းဘတ် ဟာ အာဆင်နယ် အသင်းကြီး ရဲ့ လက်ထောက် နည်းပြ အဖြစ် ခန့်အပ်ခဲ့ခဲ့ရပြီး နည်းပြ အမ်မရီ ထုတ်ပယ် ခံခဲ့ရတဲ့ အချိန်မှာတော့ ယာယီ နည်းပြ ဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ် ။ ယွန်းဘတ် ဟာ ၂၀၁၆ ခုနှစ်တုန်းက Heineken ရဲ့ချန်ပီယံလိဂ် ဖလား လှည့်လည် ပြသခြင်း အစီအစဉ်နဲ့ အတူမြန်မာနိုင်ငံကို လာရောက်ခဲ့ဖူးပါတယ် ။

SPORTS MYANMAR