ကမ္ဘာ့ဘောလုံး လောကရဲ့ အထင်ကရ ဆုတံဆိပ် တခုဖြစ်သလို ဘောလုံး သမားတိုင်းက ရရှိဖို့ မျှော်လင့် တောင့်တ တတ်ကြတဲ့ ဘလွန်းဒီအောဆု ချီးမြှင့်ပွဲကြီး ကျင်းပသွားဖို့ ရက်ပိုင်းသာ ကျန်ရှိတော့တာဖြစ်ပါတယ်။ဒီဆုအတွက် ဆန်ကာတင် ကစားသမားစာရင်းကိုတော့ နိုဝင်ဘာလ ၆ရက်နေ့မှာ ကြေငြာထားခဲ့ပြီးဖြစ်ပြီး ကစားသမားကောင်းတွေ အများအပြားပါဝင်နေပါတယ်။

ုနောက်ဆုံး ဆယ်စုနှစ် အတွင်းမှာ ဘလွန်းဒီအောဆုကို လွှမ်းမိုးထားခဲ့တဲ့ မက်ဆီ နဲ့ ရော်နယ်ဒို တို့ ၂ဦးဟာ အခုနှစ်အတွက် ဆန်ကာတင်စာရင်းမှာပါဝင်နေပါတယ်။ယမန်နှစ်က ဒီဆုကို ရရှိခဲ့တဲ့ လူကာမို ရစ်ကတော့ ဆန်ကာတင်စာရင်းမှာတော့ ပြန်ပြီး မပါလာနိုင်ခဲ့တာဖြစ်ပါတယ်။

အခုနှစ် အတွက် ဘလွန်းဒီအောဆု ကြီးကို ရရှှိဖို့ လတ်တလော ရေပန်းအစားဆုံး အဖြစ် ရှိနေတာကတော့ ဘာစီလိုနာ အသင်းရဲ့ အိုင်ကွန် မက်ဆီနဲ့ လီဗာပူး ခံစစ် မှူး ဗန်ဒိုက်တို့ပဲ ဖြစ်ပါတယ်။ဒါပေမယ့် ချဲဆီးလ်၊ စပါးတို့ရဲ့ နည်းပြဟောင်းတဦးဖြစ်တဲ့ ဘိုအက်စ်ကတော့ သူနဲ့တနိုင်ငံတည်းသား ရော်နယ်ဒိုကို ဒီဆုအတွက် ထောက်ခံစကားဆိုသွားခဲ့ပါတယ်။

ပေါ်တူဂီ အိုင်ကွန် ကစားသမား တဦးဖြစ်တဲ့ ရော်နယ်ဒိုဟာ ဘလွန်းဒီအောဆုကြီးကို ၅ကြိမ်အထိအရယူထားနိုင် ခဲ့တဲ့ ကစားသမားတဦးဖြစ်ပေမယ့် ရီးရဲလ်အသင်းကို စွန့်ခွာပြီး တူရင်မြေကို ရောက်လာအပြီး မှာတော့ ကမ္ဘာ့ဘောလုံးလောကအတွင်း အနည်းငယ် အရောင်မှိန်သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိ အချိန်မှာ ပြင်သစ် ကလပ်မာဆေးလ် အသင်းကို ကိုင်တွယ်နေတဲ့ ဘိုအက်စ်ကတော့ ဂျူဗီ အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုရဲ့ ဆုံးဖြတ်ချက် ကို လေးစားသမှု ရှိရမှာဖြစ်တယ်လို့ ဆိုပါတယ်။မက်ဆီက ဘလွန်းဒီအောဆုကြီးကို ၆ကြိမ်မြောက်အဖြစ်စံချိန်တင်ရရှိဖို့ အတော်လေးရေပန်းစားနေပေမယ့် ဘိုအက်စ်ကတော့ ရော်နယ်ဒိုကို ထောက်ခံအားပေးခဲ့ပါတယ်။

အင်တာဗျူး တခုမှာ ဘိုအက်စ်က – ” ဘလွန်းဒီအောဆု ရှင်ကို ရွေးဖို့ဆိုတာ ခက်ခဲပါတယ်။ကျွန်တော်က ပေါ်တူဂီသားဖြစ်လို့ရော်နယ်ဒိုကို ပိုပြီး အားပေးထောက်ခံပါတယ်။သူဟာကမ္ဘာ့အကောင်းဆုံး အသင်းကနေ စွန့်စားပြီးထွက်လာခဲ့တာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ ဆုဖလားအောင်မြင်မှု တွေ အများကြီးပိုရထားတဲ့ အသင်းတသင်းကနေ စွန့်ခွာခဲ့တဲ့ သူ့ရဲ့ စွန့်စားမှုမျိုးကို အသိအမှတ်ပြုလေးစားသင့်ပါတယ်။အီတလီမှာပွဲတွေ ကစားဖို့ နဲ့ ဂိုးတွေ သွင်းယူနိုင်ဖို့က မလွယ်ပါဘူး။မက်ဆီကတော့ ဘာစီလိုနာ လို ကြီးကျယ်ခန်းနားတဲ့ အသင်းကြီးတသင်းမှာ ရှိနေပါသေးတယ်။သူဟာ ပွဲတွေကို အပြောင်းအလဲတွေ လုပ်ဆောင်နိုင်စွမ်းလည်းရှိနေပါသေးတယ်။

ဒါပေမယ့်လည်း ကျွန်တော်က ပေါ်တူဂီ လူမျိုး တဦး ဖြစ်ပါတယ်။ဒါကြောင့် ရော်နယ်ဒိုကို ပိုပြီးတော့ ဒီဆုရစေချင်ပါတယ်။ဒီကစားသမား ၂ယောက်လုံးဟာ အကြွင်းမဲ့ ကောင်းမွန်သူတွေ ဖြစ်ကြ လို့ လဲ ကျွန်တော့်အနေနဲ့ ရွေးချယ်ဖို့ မလွယ်ပါဘူး။

ဒီဆုဟာ သူတို့ နှစ်ယောက်ရဲ့ ပြိုင်ဆိုင်မှု တခုဖြစ်လာပါလိမ့်မယ်။သူတို့လို ကစားသမား ၂ဦးကို တခေတ်ထဲမှာအတူတူ ကြည့်ရှု အားပေးခွင့်ရတာကတော့ တကယ့်ကို အံ့မခန်းထူးကဲပါတယ်။သူတို့ဟာ တခြားကမ္ဘာကလာတဲ့ ဂြိုဟ်သားတွေဖြစ်ကြပါတယ် ” လို့ပြောသွားခဲ့တာဖြစ်ပါတယ်။

SPORTS MYANMAR