အသက် ၃၂ နှစ် အရွယ်ရှိနေပြီ ဖြစ်တဲ့ အာဂျင်တီးနား တိုက်စစ် အကျော်အမော် မက်ဆီဟာ အခုချိန်အထိ ဘာစီလိုနာ အသင်းရဲ့ အဓိက ကစားသမား တဦးအဖြစ်ရှိနေသေးတာဖြစ်ပါတယ်။သူဟာ ဒီရာသီမှာလာလီဂါ ၈ ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့သေးပေမယ့် သွင်းဂိုး ၈ဂိုးနဲ့ ဖန်တီးမှု၅ ကြိမ်အထိ စွမ်းဆောင်ပေးထားပါတယ်။

ဘာစီလိုနာ အသင်းဟာ ပြီးခဲ့တဲ့ ကြားရက် အတွင်း ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် မှာတော့ ဒေါ့မွန် အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ဒီပွဲမှာ၁ဂိုးသွင်း ၂ဂိုးဖန်တီးပေးနိုင်ခဲ့တဲ့မက်ဆီအတွက်တော့ ချန်ပီယံလိဂ်မှာပြိုင်ဘက်အသင်း အရေအတွက် အများဆုံးကိုဂိုးသွင်းနိုင်ခဲ့တဲ့ စံချိန်ကိုရ ရှိသွားခဲ့ပါတယ်။

မက်ဆီ ဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘာစီလိုနာကို လာလီဂါ ချန်ပီယံဆု ရယူပေးနိုင် ခဲ့သလို ကိုယ်တိုင်ကလည်း ပြိုင်ပွဲရဲ့ ဂိုးအများဆုံး ကစားသမားဆု၊ ဥရောပ ဂိုးအများဆုံးကစားသမားဆုတွေကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါ့အပြင်ချန်ပီယံလိဂ်မှာလည်း ဖိုင်နယ်တက်လှမ်းနိုင်လုနီးပါး အထိ စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ကောင်းမွန်တဲ့ ရာသီတခုကို ဖြတ်သန်းထားနိုင် ခဲ့တာ ကြောင့်လည်း တနင်္လာနေ့ မှာ ချီးမြှင့်သွားဖို့ရှိနေတဲ့ ဘလွန်းဒီအောဆု ပေးပွဲမှာ သူ့အတွက် ဆဋ္ဌမမြောက် ဆုကြီးကို စံချိန်တင် အဖြစ် ဆွတ်ခူးဖွယ်ရှိနေတာဖြစ်ပါတယ်။မက်ဆီရဲ့ ကစားသမားဘဝစွမ်းဆောင်ရည်တွေကြောင့်လည်း မာရာဒိုနာ၊ ပီလီ တို့လို ဘောလုံး အကျော်အမော်ဟောင်းကြီးတွေနဲ့ အများက နှိုင်းယှဉ်လေ့ရှိကြတာဖြစ်ပါတယ်။

ဒါပေမယ့် ဘာစီလိုနာအသင်း ဥက္ကကြီးဘာတိုမြူကတော့ မက်ဆီက ပဲ ဘောလုံ းသမိုင်းရဲ့ အကောင်းဆုံး ကစားသမားဖြစ်တယ်ဆိုတာကို သံသယတောင်မဝင်ပုံပါပဲ။အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်ဒ် နဲ့ အင်တာဗျူးမှာ ဘာတိုမြူက –

” မက်ဆီ အနေ နဲ့ ဘောလုံးလောကအတွက် ကြီးမားတဲ့ အမှတ် လက္ခဏာ မျိုးကိုစွမ်းဆောင်ပြထားတဲ့ ကစားသမားဖြစ်ပါတယ်။ဒါကြောင့်လည်းသူက ဘောလုံး သမိုင်းမှာ အကောင်းဆုံးဖြစ်တယ် ဆိုတာကို သံသယတောင် ဝင်စရာမလို ပါဘူး။ကမ္ဘာပေါ်မှာဆိုရင် ဘာစီလိုနာ အသင်း လောက် ဆုဖလားအောင်မြင်မှုတွေ ရတဲ့ အသင်းမျိုး မရှိပါဘူး။ရွှေဖိနပ်ဆု ၆ ခု ၊ ဘလွန်းဒီအောဆု ၅ကြိမ်ရထားတဲ့ သူမျိုး ရှိနေတဲ့ အဲ့ဒီလို အသင်းမျိုးလည်း ထပ်မရှိပါဘူး။

သူဟာ ပွဲရဲ့ အရှိန်ကို အပြောင်းအလဲ လုပ်ဆောင်နိုင်တဲ့ ကစားသမားမျိုးဖြစ်ပြီး ပွဲအတွင်းမှာ အံံ့မခန်း အခိုက် အတန့်တွေ ဖန်တီးပေးနိုင်တဲ့ ကစားသမားမျိုးလည်းဖြစ်ပါတယ်။အဲ့ဒီအရည်အသွေးကြောင့်လည်း အခြားခေတ်တွေကထက်ပိုပြီးကျွန်တော်တို့ အသင်းကမ္ဘာကျော်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီ ခြေစွမ်းတွေကြောင့် ကျွန်တော်တို့ အသင်းကို အတော်လေးတောင့်တင်းတဲ့ ခေတ်တခေတ် ဖြစ်စေခဲ့ပါတယ်။မက်ဆီနဲ့ အသင်း အတွက် ခေတ်တခေတ် အဖြစ်လည်း အသွင်းပြောင်းပေးခဲ့ပါလိမ့်မယ် ” လို့ ပြောခဲ့ပါတယ်။

ဘာစီလိုနာ အသင်းဟာ စပိန်နိုင်ငံကတ်တလန် အခြေစိုက် အထင်ကရ အသင်းဖြစ်ပြီး သောကြာနေ့မှာနှစ် ၁၂၀ပြည့် မြောက်ခဲ့ပြီဖြစ်ပါတယ်။သူတို့ဟာ လက်ရှိမှာလာလီဂါ အမှတ်ပေးဇယားကိုဦးဆောင်နေပြီး တနင်္ဂနွေ နေ့မှာ အေတီကို နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

SPORTS MYANMAR