ဂန်းနားတို့ရဲ့ ဂန္တဝင် နောက်ခံလူ မာတင်ကီယွန် က အာဆင်နယ် အသင်း အနေနဲ့ စီရီးအေ ကလပ် ရိုးမား အသင်းမှာ အငှား သွားရောက် ကစားနေပြီး စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ မန်ယူနိုက်တက် နောက်ခံလူ စမောလင်း ကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း ပြောကြားသွားခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ချဲလ်ဆီး နောက်ခံလူ ဒေးဗစ်လူးဝဇ် ၊ ဆဲလ်တစ် ဘယ်နောက်ခံလူ ကီရန် တီယာနေး တို့ကို ခေါ်ယူ အင်အား ဖြည့်တင်း ခဲ့ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ်မှာ ပေးဂိုးတွေကတော့ များနေဆဲပါ ။

အာဆင်နယ် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ( ၁၃ ) အပြီးမှာ ရဂိုးထက် ပေးဂိုး ပိုများနေပြီး ပေးဂိုး ၁၉ ဂိုးအထိ ခွင့်ပြု ထားရကာ ဘုန်းမောက် နဲ့ နယူးကာဆယ် အသင်း နဲ့ ပွဲတွေမှာသာ Clean-Sheet ရယူထားနိုင်ပါသေးတယ် ။

ဒါ့အပြင် အာဆင်နယ် အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး နေတာကြောင့် နည်းပြ အူနိုင်း အမ်မရီ နဲ့ လမ်းခွဲ ခဲ့ပြီး လက်ထောက် နည်းပြ ယွန်းဘတ် ကို ယာယီ နည်းပြ အဖြစ် တာဝန် ပေးအပ် ခဲ့ပါတယ် ။

ဂန်းနားတို့ ရဲ့ဂန္တဝင် နောက်ခံလူ မာတင်ကီယွန် က အားနည်းနေတဲ့ အာဆင်နယ် အသင်း နောက်တန်း အင်အားကို ဖြည့်တင်း နိုင်ဖို့ မန်ချက်စတာ ယူနိုက်တက် နောက်ခံလူ စမောလင်းကို ခေါ်ယူသင့်ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။

” စမောလင်း က အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသထားနိုင်ပါတယ် ၊ သူ့ကို ပေါင် ၁၃ သန်း တန်ကြေး သတ်မှတ်ထားတာက မလုံလောက်သေးပါဘူး ၊ အာဆင်နယ် အသင်းအနေနဲ့ သူ့လောက် မကောင်းတဲ့သူတွေကိုတောင် ခေါ်သွားနိုင်ပါတယ် ။ ” လို့ ပြောကြား လိုက်ပါတယ် ။

အသက် ၃၀ အရွယ် ရှိပြီဖြစ်တဲ့ စမောလင်း ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ မန်ယူနိုက်တက် အသင်းကနေ ရိုးမား အသင်းကို အငှား သွားရောက် ကစားနေပြီး စီရီးအေမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်ပါတယ် ။

အင်္ဂလန် နောက်ခံလူ စမောလင်းဟာ ဒီရာသီမှာ ရိုးမား အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲ ကစားထားပြီး နှစ်ဂိုး သွင်းယူပြီး တစ်ဂိုး ဖန်တီးပေးထားပါတယ်။ ရိုးမား အသင်းဟာ စမောလင်း ကိုအပြီးသတ် ခေါ်ယူဖို့ ကြိုးပမ်း နေတယ်လို့လည်း သိရပါတယ် ။

SPORTS MYANMAR