အလီဆွန်က လီဗာပူး အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ဆုဖလား နဲ့ ထိုက်တန်မှု ရှိတယ်လို့ ဆိုလိုက်ပြီး သူတို့ အသင်းဟာ ၂၀၁၉-၂၀ ဘောလုံးရာသီ ကို အကောင်းဆုံး စတင် နိုင်ခဲ့ပေမယ့်လည်း တိုးတက်ဖို့ လိုအပ် နေတာတွေ ရှိသေးတယ်လို့ ယူဆ နေပါတယ်။ ယာဂန်ကလော့ရဲ့ အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၃ အပြီးမှာ ၁၂ ပွဲနိုင် ၁ ပွဲသရေ ကျကာ အမှတ်ပေးဇယား ထိပ်မှာ ၈ မှတ် အသာနဲ့ ဦးဆောင် နေပြီး လက်ရှိ ချန်ပီယံ မန်စီးတီး ကိုလည်း ၉ မှတ် ဖြတ်ထား နိုင်ပါတယ်။

လီဗာပူးဟာ ပြီးခဲ့တဲ့ နို၀င်ဘာ ၁၀ ရက်နေ့က အန်ဖီးမှာ ကစား ခဲ့တဲ့ title race အတွက် အရေးကြီးတဲ့ ပွဲစဉ်မှာ မန်စီးတီးကို ၃-၁ နဲ့ နိုင်ခဲ့တာ ကလည်း တကယ့်ကို အရေးပါလှပြီး ယာဂန်ကလော့ ရဲ့ အသင်းဟာ လိဂ်ပြိုင်ပွဲမှာ နောက်ဆုံး ပွဲ ၃၀ ရှုံးပွဲ မရှိသေးပါဘူး။ လီဗာပူး အနေနဲ့ ဘရိုက်တန် နဲ့ ယနေ့ ကစား ရမယ့် ပွဲမှာ နောက်ထပ် ၃ မှတ် ရယူ နိုင်ဖို့ အခြေအနေ ကောင်းနေပြီး နောက်တစ်ပတ် မှာတော့ ကလော့ရဲ့ အသင်းဟာ အဲဗာတန် နဲ့ မာဆေးဆိုက် ဒါဘီကို အိမ်ကွင်းမှာ ကစား သွားရမှာပါ။

အလီဆွန် ကတော့ ဒီရာသီ သူတို့ အသင်း ပရီးမီးယားလိဂ် ဆုဖလား ကို ရယူ နိုင်လိမ့်မယ်လို့ ယုံကြည်မှု ရှိနေပြီး ဒါဟာ ကလပ်မှာ သူရှိနေတဲ့ အချိန် အတောအတွင်း အသင်းရဲ့ စိတ်ဆန္ဒ နဲ့ နှလုံးသားကြောင့် ဖြစ်မယ်လို့ ခံစား မိနေပါတယ်။

အလီဆွန် က “ကျွန်တော်ရဲ့ ရည််မှန်းချက်တွေ ကတော့ အသင်း ကစားတဲ့ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲဖို့ ပါပဲ။ ကျွန်တော်တို့ ချန်ပီယံလိဂ် ပွဲပဲ ဖြစ်ဖြစ် ၊ ရှံုးထွက် ဖလားပွဲစဉ်ပဲ ဖြစ်ဖြစ် ၊ ပရီးမီးယားလိဂ် ပွဲစဉ်ပဲ ဖြစ်ဖြစ် ကွင်းထဲကို ၀င်သွားတာနဲ့ တစ်ပြိုင်နက် ကျွန်တေ်ာတို့ဟာ အနိုင် ရဖို့ အတွက်ပဲ အစွမ်းကုန် ကြိုးစား သွားမှာပါ။ လူတွေရဲ့ ပြင်းပြတဲ့ ဆန္ဒဟာ ကျွန်တော်တို့ အတွက် အရေးကြီး ပါတယ်။ ကျွန်တော်တို့ ကလည်း ဒီရာသီ ပရီးမီးယားလိဂ် ဖလား ကို ဆွတ်ခူးချင်တဲ့ တူညီတဲ့ ဆန္ဒ ရှိကြပါတယ်။

ဒီဖလားကို ဗိုလ်စွဲဖို့ အတွက် ကျွန်တော်တို့ဟာ နှလုံးသား အပြည့််နဲ့ ကြိုးစား သွားမှာပါ။ ဘာလို့လဲ ဆိုတော့ ဒီလူတွေဟာ ဒါနဲ့ ထိုက်တန်လို့ပါ။ ကလပ် ကလည်း ဒီဖလား နဲ့ ထိုက်တန် ပါတယ်။ ကျွန်တော်တို့လည်း ဒါနဲ့ ထိုက်တန်မှု ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ လုပ်ပြ ခဲ့တာတွေ နဲ့ ဒီရာသီ ကျွန်တော်တို့ စွမ်းဆောင် ထားခဲ့တဲ့ အရာတွေ ကြောင့်ပါ။ ဒါပေမယ့် ကျွန်တော်တို့ ပွဲတိုင်း နိုင်ဖို့ အတွက် ဆက်လက် ကြိုးစား သွားဖို့ လိုအပ်ပါတယ်။ ဒါဟာ အရေးကြီးတဲ့ အရာပါ။ ဒါပေမယ့် ကျွန်တော်တို့ ကစားရတဲ့ ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲဖို့ အတွက် ကြိုးစား သွားမှာပါ။” လို့ ဆိုလိုက် ပါတယ်။

လီဗာပူး ဟာ နောက်ဆုံး ကစား ခဲ့တဲ့ ပြိုင်ပွဲစုံ ၈ ပွဲမှာ ရ ပွဲ အနိုင် ရရှိ ထားခဲ့ပြီး ဒီပွဲစဉ်တွေ ထဲမှာ နောက်ကျဂိုးနဲ့ အနိုင် ရခဲ့တဲ့ ပွဲစဉ်တွေလည်း ရှိထား ခဲ့ပါတယ်။ အလီဆွန်က လီဗာပူး တို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ဒီလို ရုပ်ဆိုးဆိုးနဲ့ အနိုင်ယူနိုင်စွမ်း ရှိနေခြင်းဟာ ကောင်းမွန်တဲ့ လက္ခဏာလို့ ယူဆနေ ပေမယ့် လာမည့် ဒီဇင်ဘာ ပွဲကျပ်ကာလ တွေမှာ အသင်းရဲ့ ခံစစ် ကစားပုံ ဒီထက် တိုးတက် လာဖို့ကိုတော့ မျှော်လင့် နေကြောင်း ဆိုသွား ပါတယ်။

အလီဆွန် က “ကျွန်တော်တို့ဟာ နိုင်ပွဲ ရဖို့ အတွက် လိုအပ်တဲ့ ပုံစံအတိုင်း ကစား နေတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ တိုးတက် လာနိုင် ပါသေးတယ်။ ဒါဟာ ကောင်းမွန်တဲ့ လက္ခဏာပါ။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ နိုင်ပွဲတွေ အများကြီး ရနေ ပေမယ့် ကျွန်တော်တို့ဟာ အကောင်းဆုံး ကစား နို်င်ခြင်း မရှိသေးတာ ပါပဲ။ ကျွန်တော်တို့ တက်နိုင်သမျှ အကောင်းဆုံး ကစား နေပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်နိုင်တယ် ဆိုတာ သိပါတယ်။ clean sheets တွေလည်း ဒီလိုမျိုးပါပဲ။

ခံစစ်ပိုင်းမှာ ဆိုရင် တစ်ခါတစ်ရံ တစ်ချို့ အခြေအနေတွေ အတွက် ကျွန်တော်တို့ ဘောလုံးနဲ့ အတူ ဒီထက် ပိုကောင်းအောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်း ကတော့ အရမ်းကို မာကျော လှပါတယ်။ ကျွန်တော်တို့ဟာ ဒီလို မာကျောတဲ့ စိတ်ဓာတ်ကြောင့် နိုင်ပွဲတွေ ရနေတာပါ။ ကျွန်တော်တို့ အတွက် မိနစ် ကိုးဆယ်ကျော်ထိ အမြင့်ဆုံး ကစား နို်င်ဖို့ဟာ အရေးကြီး ပါတယ်။ တစ်ခါတစ်ရံ ပွဲအတွင်းမှာ နှစ်ကြိမ် သုံးကြိမ်လောက် ကျွန်တော်တို့ ပေါ့နေတာတွေ ရှိခဲ့ပါတ်ယ။ တစ်ခါတစ်ရံ ပြိုင်ဘက်ရဲ့ အရည်အသွေးကြောင့် ကျွန်တော်တို့ လက်ခံ ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ clean sheets တွေ အတွက် အလုပ်ကို အပြင်းအထန် ကြိုးစား နေပါတယ်။

ကျွန်တော်တို့ ကွင်းထဲမှာ ရှိနေတဲ့ အဓိက ရည်ရွယ်ချက် နဲ့ အဓိက အရေးကြီး တာကတော့ အနိုင် ၃ မှတ် ရနေဖို့ ပါပဲ။ ကျွန်တော်တို့ ဒါတွေကို ရနေပါတယ်။ အကယ်လို့များ ကျွန်တော်တို့ နောက်ဆုံး ပွဲစဉ် အထိ နိုင်ပွဲတွေ ဆက်နေပြီး ဂိုးပေးနေရရင်လည်း ကျွန်တော် ပျော်ရွှင်ပါတယ်။” လို့ ဆိုသွား ပါတယ်။

SM