မနေ့ည က ကစား သွားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာ ချယ်လ်ဆီး အသင်း ဟာ လန်ဒန် မြို့ခံ ပြိုင်ဖက် ဝက်စ်ဟမ်း အသင်း ကို မထင်မှတ်ပဲ ၀ – ၁ နဲ့ အရေးနိမ့် ခဲ့ရပါတယ် ။ ချယ်လ်ဆီး အသင်း ဟာ ထိုပွဲစဉ် မှာ တိုက်စစ်ပိုင်း ရော ၊ ခံစစ်ပိုင်း မှာပါ အတော်လေး အားနည်း ခဲ့ပြီး ဝေဖန်စရာ တွေ များနေခဲ့ပါတယ် ။

အထူးသဖြင့် အထောင် တိုက်စစ်ပိုင်း မှာ တမ်မီ အေဘရာဟမ် ကို ဒဏ်ရာ ကြောင့် လက်လွှတ် ထားရကာ ၊ အရန် တိုက်စစ်မှူး ဖြစ်တဲ့ အိုလီဗီယာ ဂျရူး ကို နေရာ ပေးခဲ့ပေမယ့် ၊ အသက်အရွယ် ရလာခြင်း နဲ့ လမ်းပတ် ရဲ့ မြန်နှုန်းမြင့် တိုက်စစ် ကစားဟန် ကို လိုက်ပါ ကစားနိုင်ခြင်း မရှိခဲ့တာကြောင့် တိုက်စစ် သေနေခဲ့တာ ဖြစ်ပါတယ် ။

ဝက်စ်ဟမ်း အသင်း ရဲ့ မန်နေဂျာ မန်နူရယ် ပယ်လီဂရီနီ ကတော့ ချယ်လ်ဆီး ကို အနိုင် ရလိုက်တာကြောင့် ၊ အထုတ်ခံ ရဖို့ အရေးကနေ အနည်းငယ် သက်သာရာ ရသွားခဲ့ပါတယ် ။ ဒီ ပွဲမှာ ဝက်စ်ဟမ်း အသင်း ရဲ့ ထူးခြားချက် က ဂိုးသမား အပြောင်းအလဲ လို့ ဆိုရမှာ ဖြစ်ပြီး ၊ အမှား များနေတဲ့ ရောဘတ်တို ဂျင်မီနက်ဇ် ရဲ့ နေရာ မှာ တတိယ ဦးစားပေး ဂိုးသမား မာတင် ကို ထည့်သွင်း ပွဲထုတ် ခဲ့တာ ကို တွေ့ခဲ့ ရပါတယ် ။

ချယ်လ်ဆီး အတွက် ကတော့ ဒီ ပွဲမှာ ၁ဂိုးနဲ့သာ ကပ်ရှုံးခဲ့တယ် ဆိုပေမယ့် တကယ်တမ်း မှာတော့ တဂိုးထပ် ပိုပြီး ရှုံးခဲ့သင့်တဲ့ အနေအထား အထိ ခံစစ် ကစားပုံလည်း ဆိုးရွား ခဲ့ပါတယ် ။ ပထမပိုင်း မှာ ကတည်းက ချယ်လ်ဆီး အသင်း ဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီး နဲ့ ဖိကစား ခဲ့တဲ့ အသင်း ဖြစ်ခဲ့ပေမယ့် ပွဲပြီးတဲ့ အထိ အပိုင် အခွင့်အရေး တကြိမ်မှ မရခဲ့တဲ့ အထိ ခြေစွမ်း က ဆိုးရွား ခဲ့ပါတယ် ။

ပထမပိုင်း မှာ ပင်နယ်တီ ဧရိယာ အတွင်း ဂျရူး ၊ ပတ်ဒရို တို့ ဂိုးသွင်းဖို့ အခွင့်အရေး တချို့ ရရှိ ခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားပျော့ ခဲ့ပါတယ် ။ ပထမပိုင်း ပြီးခါနီး မှာ ရိစ်ဂျိမ်းစ် ရဲ့ ဖြတ်တင်ဘော ကနေ တဆင့် ဂျရူး အပိုင် ခေါင်းတိုက်ခွင့် ရခဲ့တဲ့ တကြိမ်လောက်သာ ဂိုးရဖို့ အတော်လေး နီးစပ် ခဲ့တယ် လို့ ဆိုရမှာ ဖြစ်ပေမယ့် ဂျရူး လည်း ထိချက် လွဲခဲ့သလို ၊ ပြန်လျှံကျလာတာ ကို ပူလီဆစ် လည်း မပိတ် နိုင်ခဲ့ပါဘူး ။

ဒုတိယပိုင်း မှာတော့ ဝက်စ်ဟမ်း တို့ ချယ်လ်ဆီး အသင်း ရဲ့ အထလေးမှု ကို လုံးဝ အခွင့်ကောင်း ယူကာ ပွဲပြန် အစ ၃မိနစ် မှာတင် ခရက်စ်ဝဲလ် ရဲ့ ပါးနပ်တဲ့ လှည့်ထွက်မှု က တဆင့် ဝိုက်ကန်ချက် နဲ့ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပါတယ် ။ အဲ့ဒီနောက် ဝက်စ်ဟမ်း တို့ ဒုတိယ ဦးဆောင်ဂိုး ရရှိဖို့ နီးစပ် ခဲ့ပေမယ့် အန်တိုနီယို လက်ထိ ခဲ့တာကြောင့် ကွင်းလယ်ဒိုင် မှ VAR ရဲ့ အကူအညီ နဲ့ ပယ်ဖျက် ခဲ့ပါတယ် ။

ဒီထက် ပိုကောင်းတဲ့ ဂိုးသွင်းခွင့် တွေကို ဝက်စ်ဟမ်း ကသာ ရရှိခဲ့ပြီး ကီပါ သာ လက်စွမ်း မပြခဲ့ဘူး ဆိုရင် ချယ်လ်ဆီး တို့ ၃ ၊ ၄ ဂိုးပြတ်လောက် ရှုံးသွား နိုင်တဲ့ အနေအထား မှာ ရှိနေခဲ့ပါတယ် ။ ဒီ ရှုံးပွဲ ကြောင့် လမ်းပတ် အနေနဲ့ အဓိက သတိထား ဖြေရှင်း ရမှာက အထောင် တိုက်စစ် နေရာ အတွက် ဘယ်သူ့ကို သုံးမှာလဲ ၊ ကွင်းလယ် ဖန်တီးရှင် တယောက် ကို ဘယ်လို ရှာမှာလဲ ဆိုတာ နဲ့ အရင် ကတည်းက ကြုံတွေ့ နေရတဲ့ ခံစစ် ပြဿနာ ကို ဘယ်လို ဖြေရှင်း ရမလဲ ဆိုတာတွေ ဖြစ်ပါတယ် ။

အထောင် တိုက်စစ် နေရာ အတွက် ဘတ်ရှူဝါရီ ရော ၊ ဂျရူး ရော အဆင်ပြေမှာ မဟုတ်တာ ကို ဗလင်စီယာ ၊ ဝက်စ်ဟမ်း ပွဲတွေမှာ မျက်ဝါးထင်ထင် တွေ့မြင်ရပြီ ဖြစ်လို့ လမ်းပတ် အနေနဲ့ False 9 ဒါမှမဟုတ် ၊ အကယ်ဒမီ မှ တိုက်စစ်မှူး တဦးဦး ကိုသာ အရဲစွန့် အခွင့်အရေး ပေးဖို့ စဉ်းစားသင့်ကြောင်း သုံးသပ်ရင်း … ။

ချယ်လ်ဆီး ( ၄ – ၃ – ၃ )

ဂိုးသမား – ကီပါ
နောက်တန်း – ဂျိမ်းစ် ၊ ဇူးမား ၊ တိုမိုရီ ၊ အီမာဆင် ။
ကွင်းလယ် – ဂျော်ဂျင်ဟို ၊ ကိုဗာဆစ် ၊ မေဆင်မောင့် ။
တိုက်စစ် – ပတ်ဒရို ၊ ဂျရူး ၊ ပူလီဆစ် ။

ဝက်စ်ဟမ်း ( ၄ – ၃ – ၃ )

ဂိုးသမား – မာတင် ။
နောက်တန်း – ဖရက်ဒရစ် ၊ အိုဘွန်နာ ၊ ဘယ်လ်ဘူနာ ၊ ခရက်စ်ဝဲလ် ။
ကွင်းလယ် – ရိုက်စ် ၊ နိုဘယ်လ် ၊ စနော့ဂရက်စ် ။
တိုက်စစ် – ဖော်နယ် ၊ အန်တိုနီယို ၊ ဖီလစ်ပီ အန်ဒါဆန် ။

SPORTS MYANMAR