မနေ့ည က ကစား သွားခဲ့တဲ့ ချယ်လ်ဆီး – ဝက်စ်ဟမ်း လန်ဒန်ဒါဘီ ပွဲစဉ် မှာ အိမ်ရှင် ချယ်လ်ဆီး အသင်း ဟာ မထင်မှတ်ပဲနဲ့ ၊ ဧည့်သည် ဝက်စ်ဟမ်း အသင်း ကို ၀ – ၁ နဲ့ အရေးနိမ့် ခဲ့ရပါတယ် ။ ဒီ ရလဒ်ကြောင့် ချယ်လ်ဆီး အသင်း ဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၃ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့ရပါတယ် ။ ထို ပွဲစဉ် မှ ချယ်လ်ဆီး အသင်းသား တွေရဲ့ စွမ်းဆောင်ရည် ( Players’ Ratings ) တွေကို အခုလိုပဲ တင်ပြ ပေးလိုက်ရပါတယ် ။

ဂိုးသမား – ကီပါ ( Rating – 7 )

ကီပါ ဟာ ဒီ ရှုံးပွဲ အတွက် အပြစ်တင်ရမယ့် ကစားသမား မဟုတ်ခဲ့သလို ၊ ၄င်းကြောင့် ချယ်လ်ဆီး အသင်း ဒီ ထက် ဂိုးမပြတ် ခဲ့တာလို့ သတ်မှတ်ရင် ပိုမှန် နိုင်ပါမယ် ။ ဝက်စ်ဟမ်း အသင်း ရဲ့ အပိုင် ခေါင်းတိုက်ချက် ၂ကြိမ် ကို ကီပါ လက်စွမ်းပြ ကာကွယ် နိုင်ခဲ့ပေမယ့် ခရက်စ်ဝဲလ် ရဲ့ ဝေ့ဝိုက် ကန်ချက် ကိုတော့ ကာကွယ်ဖို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး ။

နောက်တန်း – ရိစ်ဂျိမ်းစ် ( Rating – 7 ) ၊ တိုမိုရီ ( Rating – 6 ) ၊ ဇူးမား ၊ အီမာဆင် ( Rating – 5 )

ဂျိမ်းစ် ဟာ ဝက်စ်ဟမ်း နဲ့ ပွဲက ခြေအပေါ်လွင်ဆုံး ချယ်လ်ဆီး အသင်းသား ဖြစ်ခဲ့ကာ ၊ ၄င်းရဲ့ တဦးချင်း အတိုးအလှုပ် ၊ အလှည့်အထွက် တွေကလည်း ရင်သပ် ရှုမောစရာ ကောင်းခဲ့ပါတယ် ။ သို့ပေမယ့် လည်း ခံစစ်ပိုင်း ကာကွယ်တဲ့ နေရာ မှာ အားနည်းချက် တချို့ ရှိနေခဲ့သလို ၊ တချို့ နေရာ တွေမှာလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အရမ်း လွန်ကဲနေတာ ကို တွေ့ခဲ့ ရပါတယ် ။ သို့ပေမယ့် ၄င်းရဲ့ ဖြတ်တင်ဘောကောင်း တွေကနေ ဂိုးရဖို့ နီးစပ်ခဲ့တဲ့ အခိုက်အတန့် တွေ မြင်ခဲ့ရပါတယ် ။

တိုမိုရီ – ဇူးမား ခံစစ် အတွဲကတော့ တပွဲထက် ၊ တပွဲ ပိုပြီး ကောင်းလာမယ် လို့ ထင်ခဲ့ရပေမယ့် ၊ အခု အခါမှာတော့ တပွဲထက် တပွဲ အာရုံစိုက်မှု နည်းလာခဲ့ပါတယ် ။ အထူးသဖြင့် ဝက်စ်ဟမ်း နဲ့ ပွဲမှာ ပြိုင်ဖက် အသင်း ဟာ ဘယ်နေရာ ကပဲ ထိုးဖောက် ၊ ထိုးဖောက် ၊ ချယ်လ်ဆီး အသင်း ရဲ့ ခံစစ် က ဘာမှ ဟန့်တားမှု မပြုလုပ် နိုင်ခဲ့တာ များနေခဲ့ပါတယ် ။ ဘယ် အခြမ်း ခံစစ်ပိုင်း မှာတော့ အီမာဆင် ကတော့ လိုအပ်ချက် အများဆုံး ဖြစ်ကာ ၊ ခံစစ်ပိုင်း အတွက် မထိရောက် ခဲ့သလို ၊ တိုက်စစ်ပိုင်း အတွက်လည်း အထောက်အကူ မဖြစ်ခဲ့ပါဘူး ။

ကွင်းလယ် – ဂျော်ဂျင်ဟို ( Rating – 5 ) ၊ ကိုဗာဆစ် ( Rating – 6 ) ၊ မေဆင်မောင့် ( Rating – 4 )

ဂျော်ဂျင်ဟို ဟ ရာသီ အစပိုင်း မှာ လုပ်အား အရမ်း ကောင်းသလောက် ၊ အခု အခါမှာတော့ ပွဲဆက်များလာခြင်း နဲ့ ပွဲပန်းခြင်း ဒဏ်တွေ ခံလာရတဲ့ အခါ မှာ ကစားပုံ ယိုယွင်း လာတာကို မနေ့ကပွဲမှာ တွေ့ခဲ့ရပါတယ် ။ အဝေးဘော ပေးပို့မှု တွေပင် မဆိုးထားပါနဲ့ ။ ရိုးရိုး အနီးကပ် ဘောလုံး ပေးပို့မှု တွေပါ မှားယွင်း လာခဲ့ကာ ၊ တိုက်စစ် အရမ်း တက်ကစားတာကြောင့် ခံစစ်ပိုင်း ကိုလည်း အာရုံစိုက်မှု နည်းပါး ခဲ့ရပါတယ် ။

ကိုဗာဆစ် ကတော့ ပွဲဆက် များနေပေမယ့် ဖရန့် လမ်းပတ် ရဲ့ အားအကိုးရဆုံး ကွင်းလယ်လူ အဖြစ် ရပ်တည်နေဆဲ ဖြစ်ကာ ၊ ၄င်းရဲ့ တကိုယ်တော် အတိုးအလှုပ် ကနေ ချယ်လ်ဆီး အသင်းသား တွေ အတွက် နေရာလွတ် အနည်းငယ် ရှာဖွေ ပေးနိုင်ခဲ့ပါတယ် ။ မေဆင်မောင့် ကတော့ အနုတ် လက္ခဏာ ဆောင်တဲ့ ခြေစွမ်းသာ ပြသ နိုင်ခဲ့ပြီး ၊ အသင်း အတွက် အပိုင် ဂိုးသွင်းခွင့် တွေကိုလည်း ရှာဖွေ ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး ။

တိုက်စစ် – ပတ်ဒရို ၊ ဂျရူး ( Rating – 3 ) ၊ ပူလီဆစ် ( Rating – 6 )

ဒီရာသီ မှာ ကစားခွင့် လုံးဝ မရရှိခဲ့တဲ့ ပတ်ဒရို နဲ့ ဂျရူး တို့ကို ဝက်စ်ဟမ်း နဲ့ ပွဲမှာ လမ်းပတ် တယောက် ထည့်သုံးခဲ့တာ လုံးဝ အံ့သြစရာ ဖြစ်ပါတယ် ။ ၄င်းတို့ ၂ဦး ဟာ အသင်း ရဲ့ အသက်အကြီးဆုံး ကစားသမား ၂ဦး ဖြစ်တဲ့ အပြင် ၊ လက်ရှိ မြန်နှုန်းမြင့် ကစားဟန် မှာ ဘယ်လိုမှ လိုက်ဖက်မှု မရှိခဲ့တာ ကို ဝက်စ်ဟမ်း နဲ့ ပွဲမှာ မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရပါတယ် ။

ပူလီဆစ် ကတော့ ထုံးစံ အတိုင်း သူ့ရဲ့ ကြိုးစားမှု ၊ အပြေးနှုန်း ၊ မမောမပန်း ပြေးလွှား ကစား နေခဲ့ပေမယ့် ၊ ၄င်း နဲ့ တွဲဖက်ဖို့ အတွက် အီမာဆင် ၊ မေဆင်မောင့် ၊ ဂျရူး တို့ရဲ့ ခြေစွမ်း ဟာ အတော်လေး အကျဖက် ရောက်နေခဲ့တာကြောင့် ဂိုးရဖို့ ပင် မဆိုထားနဲ့ ၊ အခွင့်အရေး ဖန်တီးပေးဖို့တောင် အတော်လေး ခက်ခဲ နေခဲ့ရပါတယ် ။ ဒုတိယပိုင်း မှာတော့ False 9 ပုံစံမှာ ဆင်းကစား ခဲ့တာကြောင့် ကစားကွက် နဲ့ အံမကိုက် ဖြစ်ခဲ့ရပါတယ် ။

လူစားဝင် ကစားသမားများ – ဝီလီယံ ၊ ကန်တေ ၊ ဟတ်ဒ်ဆန် အိုဒွိုင်း ( Rating – 5 )

SPORTS MYANMAR