အင်္ဂလန် ကစားသမားဟောင်း ဂျာမိန်း ဂျီးနပ်စ် က တော့တင်ဟမ် အသင်း နည်းပြဟောင်း ပိုချက်တီနို ဟာ အာဆင်နယ် အသင်းရဲ့ နည်းပြ ရာထူး ကို စိတ်မဝင်စားလောက်ကြောင်း နဲ့ သူဟာ အာဆင်နယ် ထက် ပိုကောင်းတဲ့ အသင်းတွေနဲ့သာ ထိုက်တန်တဲ့ နည်းပြ ဖြစ်ကြောင်း ပြောကြား လိုက်ပါတယ် ။

တော့တင်ဟမ် အသင်းကို ငါးနှစ်ခွဲကြာ ကိုင်တွယ်ခဲ့ဖူးတဲ့ အာဂျင်တီးနား လူမျိုး နည်းပြ ပိုချက်တီနို ဟာ မနှစ်က တော့တင်ဟမ် အသင်းကို ချန်ပီယံလိဂ် ဖိုင်နယ် အထိ ပို့ဆောင် ပေးနိုင်ခဲ့သူ ဖြစ်ပြီး ထိပ်တန်း အသင်းကြီး တော်တော်များများရဲ့ ပစ်မှတ်ထားခြင်း ခံခဲ့ရသူလည်း ဖြစ်ပါတယ် ။

ဒါပေမယ့်လည်း ဒီရာသီမှာတော့ တော့တင်ဟမ် အသင်းဟာ ရလဒ်ပိုင်း ဆက်တိုက် ဆိုးရွား နေတဲ့အပြင် နောက်ဆုံး ပရီးမီးယားလိဂ် ငါးပွဲဆက်တိုက်လည်း နိုင်ပွဲ ပျောက်ဆုံး နေတာကြောင့် နည်းပြ ပိုချက်တီနို ကို ထုတ်ပယ် လိုက်တာလည်း ဖြစ်ပါတယ် ။

လက်ရှိ အသင်းလက်မဲ့ ဖြစ်နေတဲ့ ပိုချက်တီနို ကို ခေါ်ယူဖို့ အာဆင်နယ် အသင်းရဲ့ မဟာပြိုင်ဘက် မန်ယူနိုက်တက် နဲ့ ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် ဘိုင်ယန်မြူးနစ် နဲ့ ရီးရဲလ် မက်ဒရစ် တို့ကလည်း စိတ်ဝင်စား နေကြတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ် ။

အာဆင်နယ် အသင်း တာဝန်ရှိသူတွေဟာ အမ်မရီ နေရာမှာ အစားထိုးဖို့ စပါးနည်းပြဟောင်း ပိုချက်တီနို ကို ပစ်မှတ်ထား နေပြီး ဂျီးနပ်စ် ကတော့ အာဂျင်သားဟာ အာဆင်နယ် ထက် ပိုမိုမြင့်မား ကောင်းမွန်တဲ့ အသင်းကိုသာ နည်းပြသင့်ကြောင်း တိုက်တွန်း​ ပြောကြား လိုက်ပါတယ် ။

ဂျီးနပ်စ် က BT Sport မှာ ” အာဆင်နယ် က ထိပ်သီး အသင်းကြီး တစ်သင်း ၊ မာရီစီယို ကိုလည်း လစာ တွေ အများကြီး ပေးနိုင်မယ့် အသင်းပါ ၊ ဒါပေမယ့် တော့တင်ဟမ် မှာ သူလုပ်ပြခဲ့တာတွေက ဒီထက် ပိုမို မြင့်မားတဲ့ အသင်းနဲ့ ထိုက်တန်မှု ရှိပါတယ် ။ ”

” ကျနော်သာ မာရီစီယို ဆိုရင် ခြောက်နှစ်လောက် ဆက်တိုက် အလုပ်လုပ် ခဲ့ရတော့ ခြောက်လလောက် အေးဆေး အနားယူမှာပါ ၊ ရာသီကုန်မှပဲ တခြား အသင်း တစ်သင်းကို ကိုင်တာ ပိုအဆင်ပြေမှာပါ ၊ အဲ့ အချိန်ကျ မန်ယူနိုက်တက် ၊ ဘိုင်ယန်မြူးနစ် ၊ ရီးရဲလ်မက်ဒရစ် တို့ကလည်း သူ့ကို ခေါ်ဖို့ ကြိုးစားလာနိုင်ပါတယ် ။ ”

 

” သူ အက်စ်ပန်ညို ကို နည်းပြဖူးတာကြောင့် ဘာစီလိုနာ ကို မသွားဖူးလို့ ပြောခဲ့တာကို ကျနော် သိပါတယ် ၊ ဒါပေမယ့် တခြား ထိပ်တန်း အသင်းကြီးတွေ အများကြီး ရှိနေပါသေးတယ် ၊အခု အချိန်မှာ အာဆင်နယ် နည်းပြ ရာထူးက ဘယ်နည်းပြကိုမှ ဆွဲဆောင်နိုင်စွမ်း မရှိပါဘူး ။ “လို့ ပြောကြား လိုက်ပါတယ် ။

SPORTS MYANMAR