ယာဂန်ကလော့ က သူ့ရဲ့ လီဗာပူး အသင်း ဘရိုက်တန် ကို ၂ – ၁ နဲ့ အနိုင် ရရှိ ခဲ့တာကို အလွန် ၀မ်းမြောက် နေပြီး ဒီပွဲစဉ် အတွက် သူ့ရဲ့ Man of the Match ကိုပါ ရွေးချယ် သွားခဲ့ပါတယ်။ လီဗာပူး အသင်းဟာ ဘရိုက်တန်ကို အန်ဖီးမှာ လက်ခံ ကစားရတဲ့ ပွဲစဉ်မှာ ပထမပိုင်း တုန်းက နောက်ခံလူ ဗာဂျယ်ဗန်ဒိုက် ခေါင်းတိုက် သွင်းယူ ပေးခဲ့တဲ့ ဂိုး ၂ ဂိုးကြောင့် ရ၅ မိနစ် ထိ ကောင်းကောင်း ဦးဆောင် ထားနိုင် ခဲ့ကာ ဘရိုက်တန်ကို လည်း ဒုတိယပိုင်းမှာ ပိုမို ထိန်းချုပ် ကစား နိုင်ခဲ့တာကြောင့် ဒီပွဲကို သက်တောင့်သက်သာ နဲဲ့ အဆုံးသတ် သွားမယ်လို့ ထင်မိ ခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ရ၆ မိနစ်မှာ အလီဆွန် တိုက်ရိုက် အနီကတ် နဲ့ ထုတ်ပယ် ခံခဲ့ရတာကြောင့် ဒုတိယဦးစားပေး အက်ဒရီယန် ကို အရန်ခုံကနေ ခေါ်ဆောင် ခဲ့ရပါတယ်။ အက်ဒရီယန် အနေနဲ့ ဘရိုက်တန်ရဲ့ ဖရီးကစ် အတွက် လူတံတိုင်းကို စီစဉ် ညွှန်ကြား နေစဉ်မှာပဲ လီးဝစ်ဒန့်ဟာ မာတင်အက်ကင်ဆန် ခရာမှုတ်မှုတ်ခြင်း အလစ်အငိုက် ကန်သွင်းကာ ချေပဂိုး ရယူ သွားခဲ့ ပါတယ်။ ဒါပေမယ့် လီဗာပူးဟာ ပွဲပြီးတဲ့ အထိ အနိုု်င် ရလဒ်ကို ထိန်းကာ အဖိုးတန် ၃ မှတ်ကို ရှာဖွေ နိုင်ခဲ့ပြီး ဒုတိယနေရာက မန်စီးတီး ကို ၁၁ မှတ်ထိ ဖြတ်ထား လိုက်နိုင် ပါတယ်။

ကလော့ က “ဒီပွဲမှာတော့ ပွဲပြီးတဲ့ အထိ မလိုအပ်ဘဲ စိုးရိမ်တကြီး ကစား ခဲ့ရပါတယ်။ အမှန်ပါပဲ။ ကျွန်တေ်ာတို့ အရမ်း ကောင်းတဲ့ အခွင့်အရေးတွေ ရခဲ့ပါတယ်။ သူတို့ရဲ့ ဂိုးသမားဟာ ကောင်းမွန်တဲ့ ကာကွယ်မှု အချို့ကို လုပ်ခဲ့ပါတယ်။ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်ခဲ့ပါတယ်။ ဘာလို့လဲ ဆိုတော့ ဘရိုက်တန်ဟာ ကစားပုံ ကောင်းမွန်တဲ့ ဘောလုံးအသင်း ဖြစ်နေလို့ပါ။ သူတို့ဟာ ကျွန်တော်တို့ နောက်တန်းနဲ့ ကွင်းလယ်စည်း ကြားထဲကို ကစားသမားတွေ ထည့်ကာ ကစား ခဲ့ပါတယ်။ သူတို့ ဘောလုံးပို်င်ဆိုင်မှုတွေ အများကြီး ရခဲ့ပြီး ကျွန်တော်တို့ အပြင်းအထန် အလုပ်လုပ်ခဲ့ ရပါတယ်။ ကောင်လေးတွေ အနေနဲ့ အလုပ်များတဲ့ ရက်သတ္တပတ် ပြီးနောက် ဒီလို လုပ်ဖို့ ပြင်ဆင် ထားခဲ့တာကို ကျွန်တော် အရမ်း ကြိုက်ပါတယ်။

အဲဒီနောက် ကျွန်တော်တို့ ဘက်က အလီဆွန် အနီကတ် ရခဲ့ပါတယ်။ အက်ဒရီယန် ဟာ သွေးပူလေ့ကျင့်ခန်း ဘာမှ မလုပ်ရဘဲ ၀င်လာ ခဲ့ရပါတယ်။ ဒါပေမယ့် သူဟာ အရမ်း ကောင်းတဲ့ ကာကွယ်မှု ၂ ကြိမ်ကို လုပ်သွား ခဲ့ပါတယ်။ ကောင်လေးတွေဟာ ကွင်းထဲမှာ အစွမ်းကုန် အားထုတ် သွားခဲ့ ကြပါတယ်။ သူတို့ ဘယ်လောက် နို်င်ချင်သလဲ ဆိုတာ ကြည့်ရတာ မယုံနိုင်စရာပါပဲ။ သူတို့ဟာ တကယ့် စပယ်ရှယ် နိုင်ပွဲကို ဖန်တီး ခဲ့ကြပါတယ်။” လို့ ဆိုသွား ပါတယ်။

အလီဆွန်ဟာ ဒီအနီကတ်ကြောင့် လာမည့် ကြားရက် အန်ဖီးမှာ ကစား ရမယ့် အဲဗာတန်နဲ့ မာဆေးဆိုက် ဒါဘီကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

ကလော့ က “ဒါဟာ လက်ထိဘောလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒါကို မမြင် ခဲ့ရပါဘူး။ ဒါဟာ လူကျွံဘောလည်း မဟုတ် ခဲ့တာကြောင့် ရှုပ်ထွေးတဲ့ အခြေအနေ ဖြစ်သွား ခဲ့ပါတယ်။ သူဟာ ဘောလုံးကို ၁၀၀% ခေါင်းတိုက် ဖျက်ထုတ်ဖို့ တက်လာ ခဲ့တာပါ။ ဒါပေမယ့် အခြား ကစားသမား တစ်ဦးက ဦးသွား ခဲ့တာကြောင့် ကျွန်တော်တို့ ဘာမှ ပြောင်းလဲ သွားလို့ မရတော့ ပါဘူး။

ဗာဂျယ်ဗန်ဒို်က်ဟာ ဒီပွဲမှာ ၂ ဂိုး သွင်းခဲ့တာကြောင့် ဒီပွဲရဲ့ Man of the Match ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ကျွန်တော့် အတွက် ကတော့ အက်ဒရီယန်ပဲ ဖြစ်ပါတယ်။ သူဟာ ပွဲအတွင်းကို ခြေဖျားလက်ဖျားတွေ အေးနေတဲ့ အခြေအနေ နဲ့ ၀င်လာ ခဲ့ရပြီး အကောင်းဆုံး ကာကွယ်မှု ၂ ကြိမ်ကို လုပ်ပေး ခဲ့သူပါ။ သူရဲ့ ခြေထောက်ဟာ သွေးအေး နေတာကြောင့် goal-kicks တွေ ကန်ရာမှာတောင် ခက်ခဲ ခဲ့ပါတယ်။ ကျွန်တော်တို့ ဒီအခြေအနေ အတွက် ပြင်ဆင် ထားခြင်း မရှိခဲ့ပါဘူး။ ဒ့ါကြောင့် ကျွန်တော် အရမ်းကို ပျော်နေ ပါတယ်။” လို့ ဆိုသွား ပါတယ်။

အက်ဒရီယန်ဟာ လီးဝစ်ဒန်ရဲ့ ဖရီးကစ် ကန်ချက်မှာ အငိုက်မိ သွားခဲ့ပေမယ့် ကလော့ ကတော့ ကွင်းထဲကို အခုမှ ၀င်ရောက် လာခဲ့တဲ့ ကစားသမားကို ဒိုင်လူကြီး မာတင် အက်ကင်ဆန် အနေနဲ့ ဒီထက် အချိန်ပို ပေးကာ ပြင်ဆင်ခွင့် ပေးသင့်တယ်လို့ ယူဆ နေပါတယ်။

ကလော့ က “ဒီလို အခြေအနေမျိုးမှာ လူသား တစ်ဦးရဲ့ သဘောတရားကို နားလည် သဘောပေါက်တဲ့ သူဆိုရင် ဒီလိုမျိုး လုပ်သွားမှာ မဟုတ်ပါဘူး။ ဘရိုက်တန် ဘက်ကတော့ လိမ္မာ ပါးနပ် ခဲ့ပါတယ်။ ဒါပေမယ့် ဂိုးသမားဟာ အခုမှ ကွင်းထဲကို ၀င်လာတာ ဖြစ်ပြီး wall ကို စီစဉ် ညွှန်ကြား နေတုန်းပါ။ သူဟာ အသင်းသားတွေနဲ့ အသားကျဖို့ ကြိုးစား နေတုန်းမှာပဲ ဒိုင်လူကြီးဟာ ဒီလိုမျိုး လုပ်လိုက် ပါတယ်။ ကျွန်တော်တို့ ဒီအတွက် ဘာမှ ပြောင်းလဲလို့ မရပါဘူး။ ဒါပေမယ့် ကျွန်တော့် အတွက် ဒါဟာ ၁၀၀% မှန်ကန်တဲ့ အရာ မဟုတ်ပါဘူး။” လို့ ထောက်ပြ ခဲ့ပါတယ်။

SM