စိန့်ဂျိန်းပါတ်ခ် မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ နယူးကာဆယ်အသင်းနဲ့ မန်စီးတီး တို့ ၂ဂိုးစီ သရေ နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။မန်စီးတီး အသင်းက ၂ကြိမ်တိုင်တိုင် ဦးဆောင် သွားနိုင် ခဲ့ပေမယ့်အိမ်ရှင် အသင်းက ချေပဂိုးတွေကို နောက်ကနေပြန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် လည်း ပွဲစဉ် ၁၄ ကစားအပြီး မှာ လက်ရှိချန်ပီယံ မန်စီးတီး အသင်း က ဦးဆောင်သူ လီဗာပူးရဲ့ နောက် ၁၁ မှတ်အကွာအနေအထားအထိ ရောက်ရှိသွားခဲ့ပါတယ်။မန်စီးတီးတို့ဟာပြီးခဲ့တဲ့ ရာသီမှာလည်းစိန့်ဂျိန်းပါတ်ခ်မှာရှုံးပွဲတွေ့ခဲ့လို့ ချန်ပီယံမျှော်လင့်ချက် အဆုံုးသတ်လိုက်ရပြီ လို့တောင်အားလုံးက ယူဆခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် နောက်ပိုင်း လက်ကျန်ပွဲတွေမှာ လီဗာပူး အသင်းရဲ့ အမှားတွေ များ ခဲ့မှုကို အသုံးချပြီး တမှတ်အသာ နဲ့ ချန်ပီယံဆုကို ၂နှစ်ဆက် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အဲ့ဒီလို အံ့မခန်းစွမ်းဆောင်မှု တွေကို ထပ်ပြီးလုပ်နိုင်ဖို့ မလွယ်တော့လို့ ချန်ပီယံ ဆုအကြောင်းကို တွေးလို့ တောင် မရနိုင်တော့ဘူးလို့ နည်းပြ ဂွာဒီယိုလာက ဝန်ခံသွားခဲ့ပါတယ်။

နယူးကာဆယ်နဲ့ ပွဲအပြီး မီဒီယာ တွေ့ဆုံ ပွဲမှာ ဂွာဒီယိုလာက – ” အခုချိန်က ဆုဖလားအကြောင်း တွေးရမယ့် အချိန်မဟုတ်ပါဘူး။ကျွန်တော်တို့ အရှေ့မှာနောက်ထပ် ပြိုင်ဘက်တသင်းကလည်းရှိနေပါသေးတယ်။အခုချိန်မှာ ကျွန်တော်တို့က ပွဲတွေကို ကြိုးစားကစားပြီး အနိုင်ရအောင် လုပ်ရတော့မှာဖြစ်ပါတယ်။

ပွဲတွေ ကိုနိုင်အောင် ကစားနိုင်ရင်တော့ ဘာတွေဖြစ်မယ်ဆိုတာမြင်ရပါလိမ့်မယ်။အမှတ် ဘယ်လောက် ရထားတယ် ဆိုတာနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုအကြောင်းတွေးဖို့ကအခုချိန်မှာ ကောင်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ပွဲတွေကိုအနိုင်ကန်ရတော့မှာဖြစ်ပြီး မနိုင်ရင်တော့ပိုခက်သွားပါလိမ့်မယ်။

ပြီးခဲ့တဲ့ ရာသီမှာ နယူကားဆယ်နဲ့ တွေ့ခဲ့စဉ်တုန်းကလည်း ကျွန်တော်တို့ ကစားပုံဆိုးရွားခဲ့ပါတယ်။ဒါပေမယ့် ဒီနေ့ ပွဲမှာတော့ ကျွန်တော်တို့ အသင်းအနိုင်ရဖို့ အတွက် အလုံးစုံလုပ်ဆောင်ခဲ့တယ်လို့ ယူဆပါတယ်။ဒါဟာ အမှန်တရားပါပဲ။

ခံစစ် ကစားပုံ၊ အလွတ်တည်ကန်ဘောတွေ နဲ့ အရာတိုင်းမှာကောင်းမွန်တဲ့အဆင့်အတန်း တခုမှာရှိခဲ့ပါတယ်။ဘောလုံးကို ကောင်းကောင်း သယ်ဆောင်နိုင်ခဲ့ပြီး ဂိုးဧရိယာအပြင်မှာ နေရာလွတ်တွေ အများကြီးရခဲ့သလို သူတို့ဂိုးအရှေ့ကိုလည်း အကြိမ်ကြိမ်ရောက်ရှိခဲ့ပါတယ်။ဒါပေမယ့်ကံဆိုးပြီး အနိုင်ဂိုးမရခဲ့ပါဘူး “လို့ပြောခဲ့ပါတယ်။

ချေပဂိုးတွေ အကြိမ်ကြိမ်လိုက်သွင်းခံခဲ့ရတဲ့အပေါ် ဂွာဒီယိုလာက – ” တဂိုးသွင်းပြီးရင် အချိန်နည်းနည်းယူပြီးမှ နောက်တဂိုးသွင်းတာကပိုကောင်းပါတယ်။ဒါပေမယ့်သူတို့ကစားသွားခဲ့ကြပါတယ်။ဘယ်လို အခြေအနေ တခုမှာပဲဖြစ်ဖြစ် ခံစစ်ကို နက်နက်ရှိုင်းရှိုင်းကစားနိုင်ခဲ့ပေမယ့် ဒုတိယဂိုးမှာရှယ်ဗေးလ်က ထောင့်ထဲကို ကန်သွားခဲ့တာပါ ” လို့မှတ်ချက်ပေးခဲ့ပါတယ်။

အသင်းဟောင်းလီဗာပူး ဖလားရဖို့အတွက် ရှယ်ဗေးလ်က ကူညီပေးခဲ့ပြီလားလို့ မေးမြန်းရာမှာတော့နယူးကာဆယ်နည်းပြ စတိဗရုစ်က – ” ကျွန်တော် ဒီအကြောင်းကို မသိပါဘူး။သူနဲ့ပတ်သက်ပြီးကျွန်တော် အရင်ကတည်းက ကျေနပ်ပျော်ရွှင်မှုရှိခဲ့တာဖြစ်ပါတယ်။သူဟာကျွန်တော်တို့ လုပ်ဖို့ ဆန္ဒရှိတဲ့အရာတခုကို လုပ်ဆောင်ပေးခဲ့တာဖြစ်ပါတယ် ” လို့ဖြေခဲ့ပါတယ်။

SPORTS MYANMAR