စနေ နေ့ မှာကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ ရဲ့ အစောဆုံး ပွဲစဉ် မှာ နယူးကာဆယ် အသင်းနဲ့ လက်ရှိ ချန်ပီယံ မန်စီးတီး တို့ ၂ဂိုးစီ သရေ ကျခဲ့ပါတယ်။ဒီပွဲမှာ လက်ရှိချန်ပီယံ မန်စီးတီး အသင်းက အကြိမ်ကြိမ် ဦးဆောင်နိုင်ခဲ့ပေမယ့် စိန့်ဂျိန်းပါတ်ခ် မှာ ၂မှတ်လျော့ခဲ့တာ ဖြစ်ပါတယ်။

ထိပ်ဆုံးက လီဗာပူး အသင်းနဲ့ ၉မှတ် အထိကွာဟနေမှုကို လျှော့ချနိုင်ဖို့ ၃မှတ်ပြည့်လိုအပ်နေတဲ့ မန်စီးတီးအသင်း ဟာ အနိုင်ရဖို့ ပွဲအစကတည်းက ကြိုးစားသွားခဲ့ပြီး ပွဲချိန် ၂၂ မိနစ်မှာပဲ စတာလင်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့် ၃မိနစ် လောက်အကြာမှာပဲ ဝီလမ် ကနယူးကာဆယ်အတွက်ပြန်ပြီး ချေပခဲ့လို့ ၁ဂိုးစီသရေနဲ့ ပထမပိုင်းပြီးခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ မန်စီးတီး နည်းပြကြီး ဂွာဒီယိုလာက မာရက်ဇ်၊ ဒေးဗစ်ဆေးလ်ဗား တို့ရဲ့နေရာမှာ ဘာနာဒိုဆေးလ်ဗားနဲ့ ဖိုဒန်တို့ကို ထည့်သွင်းပြီတိုက်စစ်မြှင့်ခဲ့ပါတယ်။ဒါပေမယ့် အခွင့်အရေးကောင်းတွေ များများစားစား မရခဲ့ လို့ ဂိုးရဖို့ ခက်ခဲနေခဲ့ပါတယ်။

ပွဲချိန် ၈၂ မိနစ် အရောက်မှာတော့ မန်စီးတီးအတွက် ဒုတိယဂိုးကို ကွင်းလယ်စတား ဒီဘရိုင်းက အားပါးပြင်းထန် လှပတဲ့ အဝေးကန်ချက်နဲ့ရယူပေးခဲ့ပါတယ်။ဒါပေမယ့် သိပ်မကြာခင်မှာပဲ ရှယ်ဗေးလ်က လည်း ကောင်းမွန်တဲ့ အဝေးကန်ချက်တခုနဲ့ ပြန်ပြီးချေပခဲ့လို့ ၂ဂိုးစီသရေနဲ့ ပွဲပြီးဆုံးခဲ့ရတာဖြစ်ပါတယ်။

နောက်ပိုင်း ကစားခဲ့တဲ့ ပွဲတွေမှာ လီဗာပူး အသင်းက ဘရိုက်တန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရ ခဲ့လို့ မန်စီးတီး အသင်းကို ၁၁မှတ်အထိ ဖြတ်လိုက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ဒါကြောင့်လည်း ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးကွင်းလယ်လူဟောင်းတဦးဖြစ်တဲ့ ဂျိုကိုးလ်က မန်စီးတီးအသင်းဟာ ဆုဖလားကြီးကို လီဗာပူးထံ လွှဲပေး လိုက်ရပြီ လို့ ပြောဆိုသွားခဲ့ပါတယ်။

BT Sport ရဲ့ အစီအစဉ် တခုမှာ ဂျိုကိုးလ်က -” ကျွန်တော့်ရဲ့ အထင်ပြောရရင် မန်စီးတီးအတွက် မတူကွဲပြားတဲ့ ဇာတ်လမ်းတပုဒ် ဖြစ်သွားခဲ့ပါပြီ။သူတို့ဟာ ဒီနေ့ ပွဲအပြီးမှာ လီပါပူးအသင်း ထံ ချန်ပီယံဆု ကြီးကို လွှဲပေးလိုက်ရပြီလို့ ကျွန်တော်ယူဆပါတယ်။

လီဗာပူး အသင်းဟာ ဒီနေ့ ပွဲစဉ်မှာ အနိုင် ရနိုင်ခြေရှိ တာဖြစ်လို့ နှစ်သင်းကြား ရမှတ် ကွာဟချက်က ၁၁ မှတ်အထိ ရှိသွားပါလိမ့်မယ်။ဒါဟာမန်စီးတီး အသင်း ပြန်လာနိုင်ဖို့ အတွက် အတော်လေးကို များလွန်းတဲ့ အမှတ်မျိုးဖြစ်တယ်လို့လည်းကျွန်တော်ထင်ပါတယ် ” လို့ပြောခဲ့တာဖြစ်ပါတယ်။

ပြိုင်ဘက်တွေကို လတ်တလောမှာအနည်းဆုံး ၁၁ မှတ်အထိအသာရနေပေမယ့် လီဗာပူး နည်းပြကြီးကလော့ပ်ကတော့ ချန်ပီယံဆု လာမယ့်ကြားရက်အတွင်း ကစားရမယ့် မာဆေးလ်ဆိုက်ဒ် ဒါဘီကိုပဲ အာရုံစိုက်နေတယ်လို့ဆိုပါတယ်။ဘရိုက်တန် နဲ့ ပွဲအပြီး မီဒီယာ တွေ့ဆုံပွဲမှာ ကလော့ပ်က-

” ကျွန်တော်တို့ဟာ ရမှတ်ကွာဟချက်တွေ သို့မဟုတ် တခြား ဘာတွေကိုမှ မတွေးထားကြပါဘူး။လူတွေကတော့ ကျွန်တော်တို့ အသင်း ၁၁ မှတ်တောင် အသာရနေပြီ လို့ ပြောကြပါတယ်။ဒါပေမယ့် တနင်္ဂနွေ နေ့မှာ လက်စတာပွဲရှိပါသေးတယ်။ကွာဟာချက်၈ မှတ်လောက်အထိ ပြန်ဖြစ်နိုင်သေးတယ်လို့ ကျွန်တော်ကရှူမြင်နေပါတယ်။

ဒီရာသီမှာ ကျွန်တော်တို့ နိုင်ထားတဲ့ ၁၃ ပွဲလုံး တပွဲမှ မလွယ်ကူခဲ့ပါဘူး။ဒါကြောင့်လည်း တစက္ကန့်လေးတောင် ခံစားနေလို့ မရပါဘူး။အမြဲအသင့်ဖြစ်နေအောင်သေချာလုပ်ဆောင်ဖိို့လိုပါတယ်။နောက်ထပ်ပွဲအတွက်လည်းအမြဲပြင်ဆင်ရပါတယ်။

ရလဒ်တွေအရ ကြည့်ရင်တော့ အ့ံမခန်းအခိုက်အတန့် ဆိုတာသေချာပါတယ်။ဒါပေမယ့်ပြီးခဲ့တဲ့ ၁၄ ပွဲအကြောင်းကို ကျွန်တော်တို့ မစဉ်းစားချင်ပါဘူး။နောက်ပွဲကိုပဲ အာရုံစိုက်မှာဖြစ်ပါတယ်။ဗုဒ္ဓဟူးနေ့မှာကစားမယ့် အဲဗာတန်နဲ့ ပွဲကပွဲကြီး ပွဲကောင်းတပွဲဖြစ်ပါတယ် ” လို့ပြောခဲ့ပါတယ်။

SPORTS MYANMAR