အာဆင်နယ် အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ကာလ မပိတ်သိမ်းခင် ဆဲလ်တစ် ဘယ်နောက်ခံလူ ကီရန် တီယာနေး ကို ခေါ်ယူဖို့ အရှိန်မြှင့် ကြိုးပမ်းတော့မယ်လို့ သိရပါတယ် ။ ဆဲလ်တစ် နဲ့ စကော့တလန် နောက်ခံလူ တီယာနေး ကို ခေါ်ယူဖို့ အာဆင်နယ် အသင်းဟာ ပေါင် ၁၅သန်းနဲ့ တစ်ကြိမ် ၊ ပေါင် ၂၅သန်းနဲ့ တစ်ကြိမ် ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချ ခံခဲ့ရပါတယ် ။

ဆဲလ်တစ် အသင်းဟာ တီယာနေး အတွက် ပေါင် သန်း ၃၀ အထိ အလိုရှိနေပြီး အခု နောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဆင်နယ် အသင်းဟာ တီယာနေး အတွက် တတိယ အကြိမ်မြောက် ကမ်းလှမ်းမှုကို လာမယ့် ရက်ပိုင်းအတွင်း ပြု လုပ်သွားမယ်လို့ သိရပါတယ် ။

တီယာနေး ဟာ ဆဲလ်တစ် အသင်း နဲ့ စာချုပ် သက်တမ်း ၂၀၂၃ အထိ ကျန်ရှိ နေသေးတာကြောင့် ဆဲလ်တစ် အသင်းဘက်က ပြောင်းရွှေ့ ကြေး အနည်းအကျဉ်းနဲ့တော့ လက်လွှတ်သွားဖို့တော့ မရှိပါဘူး ။ ဆဲလ်တစ် အသင်း နည်းပြ နေးလ်လန်နွန် ကလည်း တီယာနေး အတွက် သူတို့ သတ်မှတ်ထားတဲ့ ဈေးကို ပေးပြီး ကမ်းလှမ်းလာတဲ့ အသင်းမရှိသေးကြောင်း ဝန်ခံထားပါတယ် ။

အာဆင်နယ် အသင်းဟာ ပြီးခဲ့တဲ့ ရာသီတုန်းက ပရီးမီးယားလိဂ်မှာ ပေးဂိုး ၅၁ ဂိုး အထိ ခွင့်ပြု ထားရပြီး အဝေးကွင်း ပွဲစဉ်တွေမှာ Clean-sheet တစ်ပွဲသာ ရယူနိုင်ခဲ့တဲ့ အထိ အခြေအနေ ဆိုးရွား ခဲ့ပါတယ် ။ ဒါ့အပြင်အာဆင်နယ် အသင်းခေါင်းဆောင် နောက်ခံလူ ကော့စီရယ်နီ ကလည်း အသင်းကနေ ထွက်ခွာဖွယ် ရှိနေတာကြောင့် နည်းပြ အမ်မရီ အနေနဲ့ နောက်တန်း ကစားသမား တစ်ဦး ခေါ်ယူဖို့ လိုအပ်နေတာပါ ။

ဂန်းနားတို့ဟာ စိန့်အက်တီယန် နောက်ခံလူ ဆာလီဘာ ကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်း ၊ ငါးနှစ် စာချူ ပ်နဲ့ ခေါ်ယူထားပေမယ့်လည်း တစ်ရာသီ အငှား ပြန်ချ ပေးရမှာ ဖြစ်တာကြောင့် လာမယ့် ရာသီသစ် အာဆင်နယ် အသင်း နောက်တန်းမှာ မြင်တွေ့ ရမှာတော့ မဟုတ်ပါဘူး ။

စကော့တလန် နောက်ခံလူ တီယားနေး ဟာ ပြီးခဲ့တဲ့ ရာသီက ဆဲလ်တစ် အသင်း အတွက် ပြိုင်ပွဲစုံ ပွဲ ၄၀ ကစားပေးခဲ့ကာ ၁ ဂိုး သွင်း ၊ ၆ ဂိုး ဖန်တီး ပေးထားနိုင်ပါတယ် ။ ဒါပေမယ့်လည်း တီယာနေး ဟာ မကြာခဏ ဆိုသလို ဒဏ်ရာ ပြဿဿ နာတွေ ကြုံ တွေ့ ရလေ့ ရှိတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ် အတွင်းမှာ ဒဏ်ရာ ၇ ကြိမ် အထိ ရခဲ့ပြီး စုစုပေါင်း ၂၃၉ ရက် အထိ အနားယူ ခဲ့ရဖူးပါတယ် ။

အသက် ၂၂ နှစ် အရွယ်သာ ရှိသေးတဲ့ တီယာနေး ဟာ ဆဲလ်တစ် အသင်း အတွက် ပွဲပေါင်း ၁၇၀ ကျော် ကစားပေးထားပြီး ပြီးခဲ့တဲ့ ရာသီကလည်း ဆဲလ်တစ် အသင်းနဲ့ အတူ တစ်ရာသီတည်း ဖလား သုံးလုံး ရယူ နိုင်ခဲ့ပါတယ် ။

ဒါ့အပြင် တီယာနေး ဟာ နိုင်ငံလက်ရွေးစင် အသင်း အတွက်လည်း ၁၂ ပွဲ ပါဝင် ကစား ပေးထားပါတယ် ။တီယာနေး ဟာ ဘယ်နောက်ခံလူ တစ်ဦး ဖြစ်ပေမယ့် ဗဟိုခံစစ် ၊ ဗဟိုကွင်းလယ် ၊ ဘယ်တောင်ပံ နေရာတွေမှာလည်း ကစားနိုင်တဲ့ ကစားသမား တစ်ဦးပါ ။

SPORTS MYANMAR