ဂန်းနား ကစားသမားဟောင်း ပေါလ်မာဆင် က အာဆင်နယ် အသင်း အနေနဲ့ အူနိုင်း အမ်မရီ နေရာမှာ ပိုချက်တီနို ၊ ဘရန်ဒန် ရော်ဂျာ ၊ နူနို ဆန်တိုစ့် တို့ သုံးဦးထဲက တစ်ဦးကို အစားထိုး ခန့်အပ်သင့်ကြောင်း တိုက်တွန်း အကြံ ဉာဏ်​ ပေးလိုက်ပါတယ် ။

အာဆင်နယ် အသင်းဟာ ဒီရာသီမှာ မျှော်မှန်းထားတဲ့ ရလဒ် နဲ့ စွမ်းဆောင်ရည်ကောင်းတွေ မရရှိတာကြောင့်နည်းပြ အူနိုင်း အမ်မရီ နဲ့ လမ်းခွဲ လိုက်ပြီ ဖြစ်ကြောင်း သောကြာနေ့က တရားဝင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ အူနိုင်း အမ်မရီ နေရာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေ နေချိန်မှာ လက်ထောက် နည်းပြ ဖရက်ဒီ ယွန်းဘတ် ကို ယာယီ နည်းပြ အဖြစ် တာဝန် ပေးအပ် သွားမှာ ဖြစ်ကြောင်းလည်း တစ်ဆက်တည်း ထုတ်ပြန် ကြေညာ သွားခဲ့ပါတယ် ။

ပေါလ်မာဆင် ကတော့ ထုတ်ပယ် ခံရတဲ့ အူနိုင်း အမ်မရီ နေရာမှာ ပိုချက်တီနို ၊ ဘရန်ဒန်ရော်ဂျာ ၊ နူနို ဆန်တိုစ့် တို့ သုံးဦးထဲက တစ်ဦးကို ခန့်အပ် သင့်ကြောင်း တိုက်တွန်း အကြံဉာဏ် ပေးသွားခဲ့ပါတယ် ။ ပိုချက်တီနို ဟာ ယခု လက်ရှိ အချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပြီး ရော်ဂျာ နဲ့ ဆန်တိုစ့်တို့ကတော့ လက်စတာ နဲ့ ဝုလ်ဗာဟမ်တန် အသင်းတွေကို ကိုင်တွယ် နေကြပါတယ်။

ပေါလ်မာဆင် က Starsport မှာ ” နောက်ဆုံးတော့ သူတို့ အူနိုင်း အမ်မရီ ကို ထုတ်ပယ် လိုက်ပြီပေ့ါဗျာ ၊ အာဆင်နယ် အနေနဲ့ ပိုချက်တီနို ဖြစ်ဖြစ် ဘရန်ဒန် ရော်ဂျာ ဖြစ်ဖြစ် ခေါ်ယူ သင့်ပါတယ် ။ ကျနော်က ရော်ဂျာ လက်ထဲ ကိုပဲ အသင်းကို ဝကွက် အပ်လိုက်ချင်ပါတယ် ။ ”

” သူက ကစားသမားတွေကို တိုးတက်အောင် လုပ်ဆောင်နိုင်စွမ်း ရှိတဲ့သူပါ ၊ အသင်းက ကစားသမားတွေက ခြေစွမ်းပိုင်း တိုးတက်ဖို့ လိုအပ်နေတဲ့သူတွေပါ ၊ ဝုလ်ဗ် အသင်းက နူနို ဆန်တိုစ့်ကိုလည်း သဘောကျပါတယ် ။ ”

” ပိုချက်တီနို ဆိုလည်း အခုအချိန်မှာ အသင်းလက်မဲ့ ဖြစ်နေပြီး ခေါ်ယူလို့ ရနိုင်တဲ့ ထိပ်တန်း နည်းပြ တစ်ဦးပါ ၊ အာဆင်နယ် အသင်း အနေနဲ့ နည်းပြသစ် ခန့်အပ်တာကို သေသေချာချာ ဆုံးဖြတ် လုပ်ဆောင် သင့်ပါတယ် ၊ ဒါက အာဆင်နယ် အသင်း အနာဂတ်ကို အဆုံးအဖြတ် ပေးသွားမှာ မို့လို့ပါ ။ ”

” ဒါပေမယ့် အသင်းမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်နိုင်မယ့်သူကော ရှိရဲ့လား ဆိုတာက စိုးရိမ်စရာပါ ၊ ကျနော်တို့အနေနဲ့ သူတို့ကို ယုံကြည့်လို့ ရပါ့မလား ၊ အမ်မရီကတော့ အသင်းကို တိုးတက်​ ကောင်းမွန်လာအောင် မလုပ်နိုင်ခဲ့ပါဘူး ၊ သူ့လက်ထက်မှာ ယုံကြည်မှုတွေ ပျောက်ဆုံးနေခဲ့ပြီး ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေလည်း လုပ်ခဲ့ပါတယ် ။ ” လို့ ဆိုပါတယ် ။

SPORTS MYANMAR