အာဆင်နယ် အသင်း ယာယီ နည်းပြ ယွန်းဘတ် ဟာ သူ့ရဲ့ ပထမဦးဆုံး ပွဲဦးထွက်မှာ လူစာရင်းကို အနည်းငယ် ပြောင်းလဲ ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ပွဲထွက် ကစားခွင့် မရတာကြာပြီ ဖြစ်တဲ့ မူစတာဖီ နဲ့ ရှာကာ တို့ကို ပြန်လည် အသုံးပြု ခဲ့ပါတယ် ။

ဒီနေ့ပွဲမှာ ယွန်းဘတ်ဟာ ကွင်းလယ်မှာ တော်ရီးယား ကို ပွဲထွက် အသုံးပြု ခဲ့ခြင်း မရှိဘဲ ရှာကာ ၊ ဝီးလော့ ၊ ဂွမ်ဒူဇီ တို့လို ကွင်းလယ် အဖျက် အားနည်းတဲ့ သုံးဦး စလုံးကို တစ်ပြိုင်နက်တည်း ပွဲထွက် အသုံးပြုခဲ့ပါတယ် ။ တိုက်စစ်ကိုတော့ အူဘာမီယန်း ၊ လာကာဇက် ၊ အိုဇေးလ် တို့က ဦးဆောင် လာခဲ့ပါတယ် ။

ပွဲအစ ၁၀ မိနစ် လောက်အထိ အာဆင်နယ် အသင်းဟာ နောဝှစ်ချ် စီးတီး အသင်း ဘောလုံး ကိုင်ခွင့် မရအောင် တောက်လျှောက် ဖိအားပေး ကစားခဲ့ပြီး တရစပ် တိုက်စစ်ဆင် ကစားခဲ့ပြီး အခွင့်အရေးတွေလည်း ရခဲ့ပါတယ် ။

ဒါပေမယ့်လည်း ပွဲချိန် မိနစ် ၂၀ မှာတော့ အာဆင်နယ် အသင်း နောက်တန်း ကစားသမားတွေရဲ့ ပေါ့ဆမှုကြောင့် နောဝှစ်ချ် စီးတီး အသင်း ဦးဆောင်ဂိုး စတင် ရရှိ သွားခဲ့ပြီး တိုက်စစ်မှူး ပူကီ ရဲ့ ကန်ချက် မူစတာဖီ နဲ့ ထိပြီး ဂိုးဝင် သွားခဲ့တာလည်း ဖြစ်ပါတယ် ။

နောက် ၂ မိနစ် အကြာမှာတော့ အာဆင်နယ် အသင်း ပင်နယ်တီ ကန်သွင်းခွင့် ရရှိခဲ့ပြီး အိုဇေးလ် ရဲ့ ပြစ်ဒဏ်ဘောကို နောဝှစ်ချ် နောက်ခံလူ ဇင်မာမန်း ဟန့်တားရာမှာ ဘယ်ဘက်လက်နဲ့ ဘောလုံးကို ထိသွားတာကြောင့်လည်း ဖြစ်ပါတယ် ။

အဆိုပါ ပင်နယ်တီ ကို အူဘာမီယန်း ကန်သွင်းရာမှာ တင်ခရူး ကာကွယ် နိုင်ခဲ့ပေမယ့် နှစ်ဖက် အသင်း ကစားသမားတွေ ဂိုးဧရိယာထဲမှာ ရှိနေတာကြောင့် ဒိုင်လူကြီး ပေါလ်တီယာနေး က VAR ကြည့်ပြီး ပင်နယ်တီ နောက်တစ်ကြိမ် ပြန်ကန်စေခဲ့ပါတယ် ။ ဒီတစ်ကြိမ်မှာတော့ အူဘာမီယန်း အမှားအယွင်း မရှိ အဆုံးသတ် ကန်သွင်းနိုင်ခဲ့တာကြောင့် အာဆင်နယ် အသင်း ချေပဂိုး ပြန်ရခဲ့ပါတယ် ။

ပထမပိုင်းပြီးခါနီးမှာ နာကျင် အချိန်ပိုမှာတော့ နောဝှစ်ချ် စီးတီး ဦးဆောင်ဂိုး ပြန်လည် ရရှိ သွားခဲ့ပြီး အာဆင်နယ် အသင်းရဲ့နောက်တန်း ကစားသမားတွေရဲ့ လူကပ် အားနည်းမှုကနေပဲ ဂိုးထပ်မံ ပေးလိုက်ရတာပါ ။ အဆိုပါဂိုးကိုတော့ ဖာနန်ဒက်စ် ရဲ့ ပေးပို့မှုကနေ ကန့်ဝဲလ် က ကန်သွင်းယူသွားခဲ့တာပါ ။

ပထမပိုင်းမှာ အာဆင်နယ် အသင်း ညာနောက်ခံလူ ချိန်ဘာ ဘက်က တစ်ဖက် အသင်းရဲ့တိုက်စစ်ဆင်မှုတွေ တောက်လျှောက် ခွင့်ပြု နေရပြီး ကွင်းလယ်လူတွေ ဖြစ်တဲ့ ဝီးလောခ့် ၊ ရှာကာ ၊ ဂွမ်ဒူဇီ တို့ဟာလည်း အာဆင်နယ် တိုက်စစ်ကိုကော နောက်တန်းကိုပါ ပံ့ပိုးမှု မပေးနိုင်ခဲ့ပါဘူး ။

ဒုတိယပိုင်း ပွဲချိန် ၅၇ မိနစ်မှာတော့ အာဆင်နယ် အသင်း ချေပဂိုး ပြန်လည် ရရှိ သွားခဲ့ပြီး ထောင့်ကန်ဘောကနေ တစ်ဆင့် ကျလာတဲ့ ဘောလုံးကို တိုက်စစ်မှူး အူဘာမီယန်း က ညာခြေ နဲ့ အပိုင်ကန်သွင်းယူသွားခဲ့တာလည်း ဖြစ်ပါတယ် ။

ချက်ချင်း ဆိုသလိုပဲ ဂွမ်ဒူဇီ ရဲ့ အမှားကနေတစ်ဆင့် မက်လင်း ရရှိ သွားပြီး ကန်သွင်း ခဲ့ပေမယ့် လီနို လက်ဖျားလေးနဲ့ ကာကွယ်လိုက်နိုင်တာကြောင့် အာဆင်နယ် အသင်း သက်သာရာ ရသွားခဲ့တာပါ ။ အာဆင်နယ် အသင်း နောက်တန်းဟာ ဒီနေ့ပွဲမှာ နောဝှစ်ချ် အသင်းရဲ့ တန်ပြန် တိုက်စစ်တွေကို အလွယ်တကူ ခွင့်ပြု နေခဲ့ပြီး ပူကီ ရဲ့ ကန်ချက်ကိုလည်း လီနို ခက်ခက်ခဲခဲ ကာကွယ် ခဲ့ရပြန်ပါတယ် ။

ပွဲချိန် မိနစ် ၇၀ နောက်ပိုင်းမှာတော့ ယွန်းဘတ် ဟာ ဝီးလော့ နေရာမှာ တော်ရီးယား ၊ ဂွမ်ဒူဇီ နေရာမှာ ဆာကာ တို့ကို လူစားလဲ အသုံးပြု ခဲ့ပါတယ် ။ ဒါပေမယ့်လည်း အာဆင်နယ် အသင်း တိုက်စစ် ဟာ နောဝှစ်ချ် နောက်တန်းကို ကျော်ဖြတ် နိုင်ခဲ့ခြင်း မရှိဘဲ အိမ်ရှင် အသင်းရဲ့ ဂိုးပေါက် ကန်သွင်းမှုတွေကို လီနို လက်စွမ်းပြ ကာကွယ်နေလို့သာ အာဆင်နယ် အသင်း ရှုံးပွဲ မကြုံတွေ့ခဲ့ရတာပါ ။

အာဆင်နယ် အသင်း ဟာ နောဝှစ်ချ် စီးတီး အသင်း နဲ့ သရေကျ သွားခဲ့တာကြောင့် ပြိုင်ပွဲစုံ နောက်ဆုံး ၈ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံး နေခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ ပိုမို ဝေးကွာလာခဲ့ပြီ ဖြစ်ပါတယ် ။ ဒါ့အပြင် အာဆင်နယ် အသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲဆက်တိုက် ဂိုးပေးထားရပြီး ခံစစ်ပိုင်း အားနည်းမှုကို မပြင်ဆင်နိုင်ရင်တော့ လေးရာသီဆက် ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲချော်ဖွယ် ရှိနေပါတယ် ။

SPORTS MYANMAR