ဘရန်ဒန်ရော်ဂျာ ဟာ အာဆင်နယ် အသင်းကို ကိုင်တွယ်ဖို့ အတွက် လက်စတာ အသင်း ကနေ ထွက်ခွာ သွားနိုင်တယ် ဆိုတဲ့ ကောလဟာလ သတင်းတွေကို ပယ်ချ သွားခဲ့ပြီး သူ့အနေနဲ့ ကင်းပါ၀ါမှာ လုပ်စရာ အလုပ်တွေ ရှိနေ သေးတယ်လို့ ပြောလိုက် ပါတယ်။ အူနိုင်းအမ်မရီ ကို ပြီးခဲ့တဲ့ လက ရာထူး ကနေ ထုတ်ပယ် ခဲ့ပြီး လမ်းကြောင်းမှန်ပေါ်ကို ပြန်ရောက်ဖို့ အတွက် မျှော်လင့် နေတဲ့ အာဆင်နယ် အသင်းဟာ လစ်လပ်နေတဲ့ မန်နေဂျာ ရာထူး အတွက် ရော်ဂျာကို စိတ်ဝင်စား နေတယ် ဆိုတဲ့ သတင်းတွေက ကျယ်ပြန့်စွာ ထွက်ပေါ် နေခဲ့ ပါတယ်။

 

ရော်ဂျာဟာ ဒီရာသီ လက်စတာ အသင်းကို ထင်မှတ် မထားလောက်အောင် ရလဒ်ကောင်းတွေ ရယူ ပေးထား နိုင်ခဲ့ပြီး မြေခွေးပြာ တို့ဟာ မနေ့ညက အဲဗာတန် ကို နောက်ဆုံး မိနစ် သွင်းဂိုး နဲ့ အတူ ၂-၁ နဲ့ အနိုင် ရရှိ ခဲ့ပြီးနောက် လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီး အသင်းကို ရမှတ် ၃ မှတ် ဖြတ်ထား နိုင်ခဲ့တဲ့ အပြင် ထိပ်ဆုံးက လီဗာပူး အသင်းကိုလည်း ၈ မှတ် အကွာနဲ့ ဆက်လက် ဖိအား ပေးလျက် ရှိနေ ပါတယ်။

အဆိုပါ ပွဲစဉ် ပြီးနောက် အနာဂတ်နဲ့ ပက်သက်ပြီး ရော်ဂျာ ကို မေးမြန်း ခဲ့ရာမှာ လက်စတာ နည်းပြဟာ သူကင်းပါ၀ါမှ ထွက်ခွာတော့မယ် ဆိုတဲ့ သတင်းတွေကို ယခုလိုပဲ တုန့်ပြန် ခဲ့ပါတယ်။

ရော်ဂျာ က “ကျွန်တော် ပြောမယ်။ မန်နေဂျာ အများစု ရဲ့ စာချုပ်တွေ ထဲမှာ စည်းမျဉ်းစည်းကမ်းတွေ ရှိကြ ပါတယ်။ ခင်ဗျားတို့ မီဒီယာတွေ ရေးနေကြ တာတွေဟာ စိတ်ကူးယဉ် သက်သက်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ အရမ်း ကောင်းတဲ့ နိုင်ပွဲ ရရှိ ခဲ့ပါတယ်။ ကျွန်တော်တို့ လှပတဲ့ comeback ကို လုပ်နိုင် ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရှစ်လ ကိုးလ လောက်က ကျွန်တော် အသင်း အပြောင်းအလဲ လုပ်ခဲ့ ပါတယ်။ ကျွန်တော် ဒီမှာ အရမ်းကို ပျော်ရွှင် နေတယ်လို့ ခံစား မိနေ ပါတယ်။ ကျွန်တော်တို့ လုပ်စရာ အလုပ်တွေ အများကြီး ရှိနေ ပါသေးတယ်။

ကျွန်တော့် အနေနဲ့ ဒီလို အရမ်း ကောင်းတဲ့ ကလပ် ၊ တကယ် ကောင်းတဲ့ အဖွဲ့အစည်း နဲ့ အလုပ် တွဲလုပ်ခွင့် ရတာ အရမ်း ကံကောင်း ပါတယ်။ လက်ရှိ ရည်မှန်းချက် ကတော့ အသင်းကို top 6 ထဲ ၀င်ဖို့ အတွက် ကူညီ ပေးဖို့ပါ။” လို့ ဆိုလိုက် ပါတယ်။

ဆက်လက်ပြီး ဘီဘီစီ နဲ့ အင်တာဗျူးမှာ ရော်ဂျာ က “ကျွန်တော့် အနေနဲ့ လက်စတာ အသင်း အပေါ်ပဲ အဓိက အာရုံစိုက် ထားပါတယ်။ သူတို့ဟာ ကျွန်တော့်ရဲ့ ပထမဦးစားပေးပါ။ ကျွန်တော် ဒီကို ရောက်လာ ကတည်းက မိနစ်တိုင်းကို ချစ်မြတ်နိုး ပါတယ်။ ကျွန်တေ်ာတို့ လုပ်စရာ အလုပ်တွေ ရှိနေ သေးပြီး ဒီအတွက် ကျွန်တော် စိတ်လှုပ်ရှား နေပါတယ်။ ဒ့ါကြောင့် အခု အချိန် ကျွန်တော်ဟာ လက်စတာ အသင်း အပေါ်ကိုပဲ အထူး အာရုံစိုက် ထားပါတယ်။” လို့ ရှင်းလင်း ခဲ့ပါတယ်။

ဂျေမီဗာဒီဟာ အဲဗာတန် တိုက်စစ်မှုး ရစ်ချယ်လဆင်ရဲ့ အဖွင့်ဂိုး ကို လူစားဝင် ကစားသမား အီယန်နာချိုရဲ့ ဖန်တီးမှု နဲ့ အတူ ၆၈ မိနစ်မှာ ချေပ နိုင်ခဲ့ပြီး လက်စတာ အတွက် အနို်င်ဂိုး ကိုတော့ နာကျင် အချိန်ပိုမှာ အီယန်နာချို ကပဲ အနို်င်ဂိုး သွင်းပေး ခဲ့ပါတယ်။

လက်စတာ နည်းပြ က “ကျွန်တော် အသင်း အတွက် အရမ်း ဂုဏ်ယူ ပါတယ်။ ၅-၄-၁ နဲ့ ကစားတဲ့ အသင်းကို ရင်ဆိုု်င် ခဲ့ရတဲ့ အပြင် ဂိုးပါ ခွင့်ပြု ခဲ့ရတဲ့ အတွက် ကစားရ ပိုမို ခက်ခဲ ခဲ့ပါတယ်။ အသင်းသား တွေကို စိတ်ရှည်ရှည် ထားဖို့ ပထမပိုင်း အပြီးမှာ ကျွန်တော် ပြောခဲ့ ပါတယ်။ ဒုတိယပိုင်းမှာ အသင်းရဲဲ့ ပုံစံကို အပြောင်းအလဲ လုပ်သွားဖို့ ကျွန်တော်တို့ အိုင်ဒီယာ ရခဲ့ ပါတယ်။ ဂိုးမသွင်း နိုင်မီ အချိန် ပတ်ဝန်းကျင်မှာ ကျွန်တော်တို့ စတင် ထိုးဖောက် လာနိုင်ခဲ့ ပါတယ်။ ပထမဂိုး ရခဲ့ပြီးနောက် ကျွန်တော်တို့ အရှိန်အဟုန် ကောင်းကောင်း ရသွား ခဲ့ပါတယ်။

ပိုမို ကောင်းမွန်တဲ့ ဘောလုံး ပေးပို့မှုတွေသာ လုပ်နိုင် ခဲ့မယ် ဆိုရင် ကျွန်တော်တို့ ဒီထက် ဂိုးပိုမို ရနိုင်ပါတယ်။ အီယန်နာချို နဲ့ အခြား သူတွေ အတွက် ကျွန်တော် ပျော်ရွှင် မိပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ဟာ ပွဲတွေ သိပ်အများကြီး မကစား ထားရလို့ပါ။ ကျွန်တော် အရမ်း အရမ်းကို ကျေနပ် ပါတယ်။” လို့ ဆိုလိုက် ပါတယ်။

SM