ဘယ်လ်ဂျီယမ် လက်ရွေးစင် တောင်ပံ တိုက်စစ် ကစားသမား အီဒင် ဟာဇတ် ဟာ ယခုနှစ် ဘောလုံး ရာသီ ရဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ ချယ်လ်ဆီး အသင်း မှ ရီးရဲလ် မက်ဒရစ် အသင်း သို့ ပေါင်သန်း ၁၃၀ နဲ့ ပြောင်းရွှေ့ ခဲ့တာ ဖြစ်ပါတယ် ။ သို့ပေမယ့် လည်း ဟာဇတ် ဟာ မက်ဒရစ် ကို ရောက်လာလာခြင်း မှာပဲ ပေါင်ခြံ ဒဏ်ရာကြောင့် ပထမ တလ အနားယူ ခဲ့ရပါတယ် ။

အဲ့ဒီနောက် ဟာဇတ် ဟာ သူ့ရဲ့ ကိုယ် အလေးချိန် တက်လာမှု ကြောင့် ဝေဖန် ခံခဲ့ရကာ ၊ ခြေစွမ်း ပြသနိုင်ဖို့ လည်း ရုန်းကန် ခဲ့ရပါတယ် ။ အခု အခါမှာလည်း ဒဏ်ရာ အသေးစား တခု ရရှိနေတာကြောင့် ၊ ပြီးခဲ့တဲ့ အလာဗက်စ် ကို ၁ – ၂ နဲ့ အနိုင်ရခဲ့တဲ့ လာလီဂါ ပွဲစဉ် ကို ဟာဇတ် တယောက် ထပ်မံ လွဲချော် ခဲ့ရပါတယ် ။

ချယ်လ်ဆီး အသင်း မှာ အထူး ခြေစွမ်း ပြခဲ့ကာ ၊ အကောင်းဆုံး ကစားသမား အဖြစ် နှစ်စဉ် နှစ်တိုင်း နီးပါး ရပ်တည် ခဲ့ပေမယ့် ၊ ဟာဇတ် ဟာ ထိပ်တန်း စတား ကစားသမား များစွာ ရှိနေတဲ့ ရီးရဲလ် မက်ဒရစ် အသင်း မှာ ချက်ချင်း အတည်ကျဖို့ ရုန်းကန် နေရဆဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ ဘောလုံး ရာသီ မှာ ချယ်လ်ဆီး အသင်း နဲ့ အတူ အကောင်းဆုံး ခြေစွမ်း တွေကို ထုတ်ပြခဲ့ပေမယ့် ဟာဇတ် ဟာ ဒီနှစ် ဘောလုံး ရာသီ မှာတော့ ရီးရဲလ် မက်ဒရစ် ပရိသတ် တွေရဲ့ စိတ်ကြိုက် ကစားပုံ ကို မပြ နိုင်သေးပါဘူး ။

မနေ့က အင်တာဗျူး တခု မှာတော့ ဘယ်လ်ဂျီယမ် လက်ရွေးစင် အသင်း နည်းပြ ရော်ဘတ်တို မာတီနက်ဇ် ကတော့ ဟာဇတ် ဟာ သေချာပေါက် ရီးရဲလ် မက်ဒရစ် အသင်း မှာ အောင်မြင်မယ့် ကြယ်ပွင့် တပွင့် ဖြစ်လာနိုင်ကြောင်း ထောက်ခံ ပြောဆို ခဲ့ပါတယ် ။

မာတီနက်ဇ် က ” ပီအက်စ်ဂျီ နဲ့ ချန်ပီယံလိဂ် ပွဲစဉ် မှာ အီဒင် ရဲ့ ကစားပုံ ကို ကျွန်တော် ကြည့်ဖြစ် ခဲ့ပါတယ် ။ သူ ပါဝင် ကစားခဲ့တဲ့ တနာရီ အတောအတွင်း ဟာ အတော်လေး နှစ်လိုဖွယ် ကောင်းခဲ့ပါတယ် ။ သူဟာ အဲ့ဒီ ပွဲမှာ ရီးရဲလ် မက်ဒရစ် အသင်း မှာ သူ ဘယ်လို ဖြတ်သန်း သွားချင်လဲ ဆိုတာ ကျွန်တော် တို့ကို ပြသ သွားခဲ့ပါတယ် ။ ”

” အမှန်တရား ကတော့ သူဟာ ခင်ဗျား တို့ကို ဘောလုံး ရသ အပြည့်အဝ ပေးစွမ်း သွားခဲ့တယ် ဆိုတာပါပဲ ။ ကံဆိုးတာက သူဟာ ဒဏ်ရာ ကြောင့် အဲ့ဒီ ပွဲမှာ လူစားလဲ ခံခဲ့ ရတာပါ ။ ဒါပေမယ့် ကျွန်တော် တို့ဟာ အီဒင် ဟာဇတ် ရီးရဲလ် မက်ဒရစ် မှာ တဖြည်းဖြည်း တိုးတက်လာတယ် ဆိုတာကို မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရပါတယ် ။ ”

” ဒါ့အပြင် သူ့ရဲ့ အသင်းဖော် တွေကလည်း သူ အခုထက် ပိုပြီး ကောင်းတဲ့ စွမ်းဆောင်ရည် တွေနဲ့ အသင်းကို ပေးဆပ် ကစားသွားမယ် ဆိုတာ တဖြည်းဖြည်း နားလည် လာကြပြီ ဖြစ်ပါတယ် ။ အီဒင် ဟာဇတ် ရဲ့ ရီးရဲလ် မက်ဒရစ် မှာ တည်ဆောက်မယ့် ပရောဂျက် က ထူးရှယ် ပရောဂျက် ဖြစ်လာမယ် ဆိုတာ အသေအချာ ပါပဲ ။ ” လို့ ပြောကြား ခဲ့ပါတယ် ။

SPORTS MYANMAR